တဏှာကာမ ကုမရသော်လည်း

ကာမဂုဏ်၌ မွေ့လျော်သောသူသည် ဆင်းရဲခြင်းသို့ရောက်လိမ့်မည်။  စပျစ်ရည်နှင့် ဆီကိုကြိုက်သော သူသည်လည်း ငွေကိုမရတတ်ရ။ (သုတ္တံ ၂၁း၁၇)


မန္တလေးမြို့က ဖိတ်ခေါ်နေတာကြာပြီဖြစ်သော်လည်း ချက်ခြင်းမရောက်နိုင်ခဲ့။

ယခုမူ သိကျွမ်းခဲ့သော မိသားစုဝင်များနှင့် ပြန်လည်ဆုံစည်းကြရသောအခါ ဝမ်းသာကြသည်။

"ဆရာ အရင်လိုမနုတော့ဘူးနော်။ ပင်ပန်းနေပြီ။

ဒါကြောင့် ဆရာရောက်တုန်း ခြေထောက်အပူထုတ်ပြီး အညောင်းအညာပြေစေမယ့် နေရာကို ထမင်းစားပြီးရင်သွားဖို့စီစဥ်ပေးထားတယ်။"

စာရေးသူ သာသနာပြုရာအရပ်တွင် ပင်ပန်းလွန်းသည်ဟုယူဆသောကြောင့် တရုတ်ဆေးမြစ်များဖြင့် အပူထုတ်ပေးသောနေရာကို တိုကင်ကြိုတင်ယူထားပေးခြင်းဖြစ်သည်။

သူတို့၏ စေတနာကို မငြင်းလိုပါ။ (တခါတရံ အလိုလိုက်ပေးရသည်။)


မီးအရောင်စုံရှိသော အခန်းရှည်ကြီးတွင် မှောက်လျက်အိပ်စက်အနားယူနေသူများအား

ဆေးငွေ့၊ ဆား၊ ဆေးပွင့်၊ ဆေးမြစ်များဖြင့် ဆေးကြောပေးခြင်းမတိုင်ခင်

ချေးချွတ်၊ ဆေးကြော၊ နှိပ်နယ်​ပေးခြင်းများကို အမျိုးသမီးငယ်များက လုပ်ဆောင်ပေးကြသည်။


"ငါတို့ဆရာရဲ့ ခြေထောက်က အလွန်ပင်ပန်းနေတဲ့ ခြေထောက်။

တန်ဖိုးကြီးတဲ့ သာသနာပြု ဧဝံဂေလိလုပ်ဆောင်နေတဲ့ခြေထောက်။"

ဘယ်လိုလူရဲ့ခြေထောက်ဟု တင်စားလိုက်ခြင်းကြောင့် အနှိပ်သမလေးသည် ဂရုတစိုက်ဖြင့် နှိပ်နယ်ပေးလေတော့သည်။

ဤနေရာသည် ကျန်းမာရေးအရ လာသောနေရာ။ အခြားသောအကြောင်းများစွာဖြင့်လည်း ခိုနားသောနေရာ။ 

အညောင်းအညာပြေစေလိုသော မိသားစု၏ ဆန္ဒကို ဖြည့်စွမ်းပေးရန် ဆေးမြစ်(၃)ခုစာ လက်ခံပေးလိုက်သည်။

စာရေးသူ ဇိမ်ကျနေချိန် ရွာတွင် စားရေး၊ ဝတ်ရေး ခက်ခဲနေသော မိသားစုများကို လှူဒါန်းပေးဖို့ရန် အတွေးဝင်လာသည်။

သို့ရာတွင် ဘုရားသခင်၏အစေခံနေသူကို ပိုပြီး ဂရုပြုချင်သော မိသားစုကို ပြောမထွက်ရက်ခဲ့။

ဤတွင် ကာမဂုဏ်စိတ်ခံစားချက်ကို ဦးတည်နေသောလမ်းမှ လွတ်အောင်ရှောင်နိုင်ရမည်ဖြစ်သည်။

ဆင်းရဲသူတွေ ရောက်ရှိနိုင်သောနေရာ မဟုတ်သော်လည်း ဤအရာသည် အတွင်းဝိညာဉ်ထိပါ ဆင်းရဲစေနိုင်သည်။

ဘုရားသခင်အား အစေခံမှုသည်ပင် ပျောက်ကွယ်သွားစေနိုင်ရန် အစွမ်းရှိသောကြောင့် သမ္မာသတိပေးသော ဘုရားသခင်ကို ကျေးဇူးတင်မိသည်။


ငွေချေကောင်တာတွင် အတော်အတန် ကုန်ကျသွားသော်လည်း သူတို့မိသားစု ပျော်ရွှင်နေကြသည်။

သူတို့လေးစားရသော ဆရာ၏ခန္ဓာ ညောင်းညာသက်သာခွင့်ရစေခြင်းတွင် တစိတ်တဒေသအားဖြင့် ပါဝင်ခွင့်ရသောကြောင့် ကျေနပ်အားရနေသည့်ပုံစံ။


လောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။ (၁ ရှင်ယောဟန် ၂း၁၇)

လောက၏အရာများသည် အလိုတော်နှင့်ညီလား၊ မညီလား။

စွဲလန်းလွယ်ကူသော ကာမဂုဏ်အထိအတွေ့ကို အခြေခံသော ကျန်းမာရေးကိစ္စများကို ရှောင်ရှားဖို့ရန် စိတ်ကိုပိုင်းဖြတ်ရသည်။

ဤသို့သော ပုံစံမျိုးဖြင့် စာတန်သည် လူကို ထိန်းချုပ်ရန် အခွင့်အလမ်း ရသွားနိုင်သည်။

နောက်နောင် ဤသို့မပြုလုပ်ရန်နှင့် တပါတည်း အသိပေးရန် ဆုံးဖြတ်လိုက်သည်။

စာရေးသူ တည်းခိုရာတွင် အတူတကွ ဆုတောင်းချီးမွမ်းပြီး မိမိတို့၏ အသက်တာတွင် သမ္မာသတိနှင့် နေတဒူဝတွင် ဘုရားသခင်၏ အလိုတော်ကိုသိစေနိုင်သော ဉာဏ်ပညာများကို တောင်းခံကြသည်။


မန္တလေး လေနွေးနွေးသည် အသစ်တဖန်တိုက်ခိုက်ရင်း ထိုညကို နှုတ်ခွန်းဆက်သနေလေသည်။

သူတို့မိသားစုကို နှုတ်ဆက်လိုက်သည်။


ထိုသူသည် ဖြောင့်သောသဘောရှိသည်အတိုင်း ကျွေးမွေး၍၊ လိမ္မာသောလက်နှင့် ပို့ဆောင်လေ၏။ (ဆာလံ ၇၈း၇၂)


စောကိုကို


ကလောင်ရှင် - စောကိုကို

စာတည်း - စဲလာအို 

(နိုဝင်ဘာ ၁၄ရက်၊ ၂၀၂၄ခုနှစ်တွင် စာတည်းသည်)