(နှုတ်) အသက်တာ

ရွှေရှိ၏။ ပတ္တမြားလည်းရှိ၏။ ပညာအတတ်နှင့် ပြည့်စုံသောနှုတ်မူကား၊ အလွန်အဖိုးထိုက်သော ရတနာဖြစ်၏။ (သုတ္တံ  ၂ဝး၁၅)


အခြေပြုကျမ်းချက်များစွာကို နေ့စဥ်ရက်ဆက် ဖတ်ရှုရင်း ဘုရားသား၊ သမီးများ၏ အသက်တာမှာ 'သူ့ (ဘုရားသခင်)အလိုတော်ကို မလုပ်ဆောင်ခြင်း'ဟာ ခရစ်ယာန်အသက်တာကို မစောင့်ထိန်းခြင်းဟု ယူဆရပေမည်။

လူတို့၏ သဏ္ဍာန်ကိုပင် 'ငါ၏သဏ္ဍာန်၊ ပုံတူ၊ စံပြ'အဖြစ်လည်းကောင်း ဘုရားဖန်ဆင်းသော လူဖြစ်ခြင်း အနှစ်သာရကိုမူ 'လူသားအချင်းချင်း စံပြ'အဖြစ် ဟန်ပန်အမူအရာ၊ စိတ်အမူအရာ၊ နှုတ်အမူအရာများဖြင့် ရှင်သန်စေလိုသည်။

ပုံသဏ္ဍာန်ဆိုသောအရာကို အင်မတန် အလေးထားသော ဘုရားသခင်သည် လောကအတွက် အထွဋ်အမြတ်ဖြစ်ခြင်းနှင့် သူ၏ဘုန်းတော်ထင်ရှားရန် အလင်းနှင့်ဆား ဖြစ်စေချင်သည်။


စာရေးသူတာဝန်ကျရာ တောင်ပေါ်ဒေသတွင် အထိန်းအကွပ်မရှိ ပြောဆိုဆက်ဆံတတ်ကြသော လူငယ်မောင်မယ်များစွာကို တွေ့ကြုံရသည်။

ဘိုးစဉ်ဘောင်ဆက် ကြမ်းရှရိုင်းပြသည့် စကားများကို ပြောဆိုရင်းစွဲနေခြင်းကြောင့်ဖြစ်သည်။

အိမ်ထောင်စု (၂၀၀)နီးပါးမျှသာရှိသောနေရာတွင်  ဆိုသမျှသော စကားသံသည် ထိတ်လန့်ဖွယ်အတိ နှုတ်ကျယ်ကြသည်။

ကျယ်လောင်စွာ အော်ဟစ်ကြသည်။

'ဟေး... ဘယ်သွားမလို့လဲ ကို ..."

'ထမင်းစားပြီးပြီလား...'

အသံပြဲ၊ အသံပြတ်ကြီးဖြင့် နှုတ်ဆက်ခြင်းသည်ပင် အလန့်တကြား။


ဗုဒ္ဓဟူး ည (၇)နာရီ ဆုတောင်းစည်းဝေး ပြုလုပ်ရာတွင် အသံဗလံ ဆူလောင်နေကြသည်။ စကားသံ မထိန်းချုပ်ကြ။

မိတ်ဆက်ခြင်းအစီအစဉ်တွင် စာရေးသူ၏ နှုတ်ဆက်သံမှာ တိုးလွန်းနေသည့်အလား၊ တိုးလွန်းနေသောကြောင့်လေလားမသိ။ ပရိသတ်မှာ နားစွင့်ထောင်နေကြသည်။

အံ့သြမင်သက်နေကြသည်။ တိုးတိတ်ညင်သာသည့်အသံကို နားရည်မဝကျသေးဟန်။

ဓမ္မသီချင်း သီဆိုရာတွင်မူ အသင်းသားများ၏အသံမှာ ဆူညံသံနှင့် ဆန့်ကျင်ရာ တိုးညှင်းမညီညာ။

အော်ဟစ်ပြောဆိုနေကြ အသံရဲကြီးများ ဘယ်ရောက်မှန်းမသိ။ မျှော်ရည်ထားမိသော သာယာနာပျော်သံများ ဆိတ်သုဉ်းလျက်။

(အကြောင်းအခါ လျော်ညီမှသာ ဘုရားကျောင်းတွင် အသံတိတ်ဝတ်ပြုခြင်းကို ပြုလုပ်ကြသည်ကို သိရှိရတော့သည်)


ဤတွင် (၃)လခန့် အသံမြှင့်ကာ သမ္မာကျမ်းစာဖတ်ကြားတတ်အောင် လေ့ကျင့်သင်ကြားပေးလိုက်ရာ အနည်းငယ် နူးညံ့သိမ်မွေ့လာကြသည်။

အသံလွှင့် ကိုးကွယ်ချီးမွမ်းချိန်တိုင်းတွင် ထိမ်ဝှက်နေသော အသံများမှာလည်း ညီညာ စီစရီ။

အနည်းငယ်မျှ ဆူပူကြိမ်းမောင်းတတ်ကြသေးသော်လည်း ဘုရားကျောင်းနံဘေးသို့ ရောက်သောအခါတွင် အသံထိန်း၍ ပြောဆိုလာကြပြီဖြစ်သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာကျမ်းစာမှ ပညာအလင်းသဘောကို သိရှိသွားရခြင်းဖြစ်သည်။


ဖြောင့်မတ်သော သူတို့၏နေရာ၌ ဝမ်းမြောက်ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ၏။ ထာဝရဘုရား၏ လက်ယာလက်တော်သည် ကြီးသောအမှုကိုပြု၏။ (ဆာလံကျမ်း  ၁၁၈း၁၅)


ဒေသခံတို့မှာ စာဖတ်အား နည်းကြသည်။ ရှေ့မှတိုင်ပေးကာ နောက်မှ ရွတ်ဖတ်ခိုင်းရသည်။

အစတွင် နှုတ်ကြမ်းကြသေးသော်လည်း တဖြည်းဖြည်းဖြင့် နူးညံ့သိမ်မွေ့လာလေသည်။

သာယာနာပျော်သော ချီးမွမ်းခြင်းဆည်းလည်း ရိုက်ခတ်ပေဦးမည်။


စောကိုကို

(ခေတ္တ လက်ပံခုံ နှစ်ခြင်းသာသနာပြု သိုးတော်စု)


ကလောင်ရှင် - စောကိုကို

စာတည်း - စဲလာအို 

(နိုဝင်ဘာ ၈ရက်၊ ၂၀၂၄ခုနှစ်တွင် စာတည်းသည်)