တနေ့ ရွာပတ်လည်တွင် တောင်ကျရေများ အဆင်းကြမ်းသဖြင့် ရွာသားများစုဝေးပြီး ရေစီးကြောင်း အဆင့်ဆင့် စီးဆင်းစေကာ ရေကိုမကြမ်းစေဘဲ ရေယဥ်ပါးဖြည်းညင်းစွာ ရွာထဲမှဖြတ်သွားနိုင်ရန် လုပ်အားပေး ဝိုင်းတူးကြသည်။
ယခင် ( ၂)အိမ်သာ ရှိသေးသောအချိန်တွင် သာသနာပြုအဖွဲ့အစည်းမှ တရွာလုံးအသုံးပြုရန် မေတ္တာပြ ရေပိုက်သွယ်တန်းပေးလှုခဲ့သော်လည်း ရေမှာ သတ်မှတ်ချိန်အမီ မရောက်ရှိနိုင်ဖြစ်နေသည်။
ရေပေးလွှတ်သူအဖွဲ့၏ ပြန်လည်ပံ့ပိုးမှု အားနည်းခြင်းကြောင့်ဖြစ်သည်။
သာသနာပြုအဖွဲ့မှ တရွာလုံးအိမ်ရှေ့အရောက် သွယ်တန်းပေးပြီး ဖြစ်သော်လည်း အလှည့်ကျ ရွာသားအိမ်မှ ရေဘားအပိတ်၊ အဖွင့် မလုပ်ချင်သောကြောင့် ရေအချိန်မှီမရောက်နိုင်ခြင်းဖြစ်သည်။
ရံဖန်ရံခါ မိမိရေပေးရမယ့်နေ့ကိုမေ့ပြီး လယ်ထဲဆင်းသွားမိခြင်းများလည်း ကြုံရသဖြင့် တဦးနှင့်တဦး အခြေအတင်စကားများကြရသေးသည်။
တနေ့ နံနက်စောစောအချိန်တွင် ရေဘားလာဖွင့်ပေးသော အဒေါ်တဦးက ခြံဝမှ ဘုရားကျောင်းတံခါးဖွင့်ပေးရန် အော်ခေါ်နေသည်။
စာရေးသူမှာလည်း အထူးအဆန်းဖြစ်နေပြီး တံခါးကို ဖွင့်ပေးလိုက်သည်။
"ဆရာရေ ဆရာလည်း ရေသာလှူခဲ့တာ ရေက မရတလှည့်၊ ရတလှည့်ဆိုတော့ ကျမတို့လည်းအားနာနေပြီ။
အခုတော့ ရေဖွင့်ပေးရေးကော်မတီလုပ်လိုက်တယ်။"
"အော်... ကောင်းတာပေါ့ဗျာ။ အဒေါ်တို့ အခုလိုလုပ်ဖြစ်တာ ကောင်းတာပေါ့။ စနစ်တကျဖြစ်တာပေါ့။"
"ဟုတ်ပါတယ်...။ အခု ရေဖွင့်ပေးမဲ့မိသားစုကို ဆန်တစ်အိတ်နဲ့ ငွေသား၂သောင်း စုပေးကြတယ်လေ။ ဒီမိသားစုကလည်း အခြားအလုပ် လုပ်စရာမလိုတော့ဘူးပေါ့။"
"ကျနော် လည်းတစ်လ ၅ထောင်ထပ်ဖြည့်ပေးလိုက်ပါ့မယ်။ ရေအကျိုးက ခံစားခွင့်ရှိသူသာ ခံစားရတာအဒေါ်ရေ။"
နောက်တလအကြာတွင် ရေမရတော့ပြန်။
ရေဘားကိုင်အိမ် ပြောင်းလဲလိုက်ကြသော်လည်း ဒုံရင်းက ဒုံရင်းပင်။
ပြဿနာမှာ ရေဖွင့်၊ ရေပိတ်ပြုလုပ်ပေးသူ၏ မိသားစုကို အချို့က 'ရေပေးမှ ဆန်ရသောမိသားစု'ဟု မတူမတန်ဆက်ဆံပြီးသည်ကို မခံနိုင်၍ဖြစ်သည်။
ဤတွင် နဂိုရင်းအလုပ်ဖြစ်သော သစ်၊ ဝါးခုတ်သော အလုပ်ကိုသာပြန်လည် လုပ်ကိုင်ကြတော့သည်။
ရေဘားကိုင်အလုပ်ကို ဆက်လက် မလုပ်ကိုင်ကြတော့ချေ။
ဝတ်ပြုရာနေ့တွင် ထိုအကြောင်းအရာကို ယုံကြည်သူမိသားစုများက ဆိုလာကြသည်။
"တို့ရဲ့ဆရာတွေက ရွာကို ရေရစေချင်လို့ အကုန်အကျခံလုပ်ပေးတာတောင် သူတို့က အခုလိုတွေ တအိမ်နဲ့တအိမ် တွက်ကပ်နေကြရင် နောက်ဘာများကူညီပေးချင်အုံးမှာလဲ။"
"ဟ...။ အဲဒီလိုတော့ မပြောပါနဲ့။ ပညာပါတဲ့စကားကို ပြောတတ်ရမယ်။ မေတ္တာတရားအားဖြင့် နှုတ်ကိုမြွတ်တတ်ရမယ်နော်။ ဒါမှ ကျနော်တို့ရဲ့ ပေးကမ်းခြင်းက အဆုံးထိရောက်ပြီး အောင်မြင်မှာ။ ဘယ်လိုမျိုးနဲ့ ဒီကိစ္စကို ဖြေရှင်းကြရင်ကောင်းမလဲဆိုတာ ဘုရားသခင်ဆီမှာ ဉာဏ်ပညာ တောင်းခံကြရအောင်။
အခုလုပ်ဆောင်ချက်က ရွာကိုမေတ္တာပြပြီးလုပ်ပေးနေတာ မအောင်မြင်သေးသ၍ ကျနော်တို့ရဲ့ မေတ္တာစေတနာက အလကားဖြစ်နေမှာ။ အဆုံးအထိပြီးမြောက်မှသာဖြစ်မှာ။ ဆုလည်းတောင်းစဥ်းစားကြပေါ့။"
ရေပေးဝေရေး ကိစ္စကို ဆုတောင်းကြရင်း နောက်ဆုံးမှာ ဘုရားကျောင်းဝန်းကပ်လျက်သို့ မိသားစု (၅)ဦး အခြားရွာမှ ပြောင်းလာကြသည်။
သူတို့မှာ ရွာတွင် ဆွေမျိုးမရှိကြ။
သို့သော် ဘုရားကျောင်းဝေယျာဝစ္စကိစ္စများတွင် အမြဲတစေ ကူညီအစေခံလျက်ရှိကြသည်။
ဘုရားကျောင်းလည်း ပန်းမန်သစ်ပင်များ တိုးပွားလာလေသည်။
အဖိုးအခမဲ့ ဆန်လည်းမယူ။
မေတ္တာဖြင့် ရေသွယ်ခြင်းကိစ္စကို ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်ကြသည်။
ဘုရားသခင်ပို့ဆောင်လိုက်သော 'မိသားစု'ဟု အသင်းဝင်အချို့က သက်သေခံကြသည်။
စာရေးသူမှာလည်း "မေတ္တာဖြင့် အခြားရွာမှ ကူးလာသော မိသားစု"ဟု အမည်ပေးထားသည်။
အဆိုပါ မိသားစုသည် စိတ်ရှည်သည်။ ရွာသားများကို ကျေးဇူးပြုသည်။ မာနမကြီး။ ရေပေးဝေခြင်းအလုပ်ကို နိမ့်ကျသည်ဟုလည်း ခံယူမထား။
ယခုမူ ရွာ၌ ယုံကြည်သူအိမ်ခြေ (၁၂)လုံး ရှိလာပြီဖြစ်သည်။
မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။ (၁ ကောရိန္သု ၁၃း၄)
စောကိုကို
ကလောင်ရှင် - စောကိုကို
စာတည်း - စဲလာအို
(နိုဝင်ဘာ ၁၃ရက်၊ ၂၀၂၄ခုနှစ်တွင် စာတည်းသည်)