ဘုရားသခင်အစေခံသော 'နေရာ'သည် သင်၏ နှလုံးသားသာဖြစ်သည်။
ကျွန်တော်တို့ သာသနာပြု ဆရာ၊ ဆရာမများသည် အလွတ်အစေခံကြခြင်းမဟုတ်ဘဲ ဘုရားသခင်ရွေးနှုတ်ခံရသောသူဟု ခံယူလျက် ကိုယ်နှင့်ဆက်နွယ် ပတ်သက်ရာ အဖွဲ့အစည်းများအောက်တွင် ပါဝင်အစေခံကြသည်။
ရွေးချယ်ခံရမှုသည် ဘုရားသခင်ထားသော နေရာသာ ဖြစ်သည်ကို ယုံကြည်ပြီး လုပ်ဆောင်ကြပါသည်။
တခါတရံ စေလွှတ်ခြင်းခံရသည့် အရပ်ဒေသသည် မိမိတို့တတ်ကျွမ်းသည့် ဘာသာရပ်နှင့် အခြေအနေကိုက်ညီမှု မရှိသော အရပ်ဒေသများလည်းဖြစ်တတ်ရာ 'ငါ့ကိုဘုရားသခင်က စေလွှတ်တာ'ဟု မယုံကြည်၊ မစွဲလမ်းထားလျှင် တပတ်ပင် ထိုအရပ်၌ နေထိုင်နိုင်မည်မဟုတ်ပါ။
'ငါ့ကိုဘုရားက ဒီအရပ်ကိုရွေးပို့တာ။
တခုခုကို သွန်သင်တာပါ'လို့ ဝန်ခံနိုင်ဖို့ အရေးကြီးသည်။
အဓိကဖြစ်ခြင်းသည် ဘုရားသခင် အတူပါရှိနေခြင်းဖြစ်သည်။
ဘုရားသခင်ထံက ခွန်အားဖြင့် ရပ်တည်ရသည်သာ ဖြစ်သည်။
ဘုရားသခင်ထံက ခွန်အားဖြင့်ဆိုသော အသိ၊ သတိ လွတ်ခဲ့ပါမူ ရပ်တည်ရာတွင် အဆင်ချောမည်မဟုတ်ပါချေ။
သင်တို့သည် သတိနှင့် စောင့်နေကြလော့။ ယုံကြည်ခြင်း၌ တည်ကြလော့။ ယောက်ျား အစွမ်းသတ္တိနှင့်တကွ ခွန်အားစုံလင်လျက် နေကြလော့။ (၁ ကောရိန္သု ၁၆း၁၃)
စာရေးသူ တာဝန်ကျရာ အရပ်သို့ ရောက်လေတိုင်း ခွန်အားယူဖြစ်သော ကျမ်းစာတော်မြတ်အပိုဒ်ဖြစ်ပါသည်။
ဘုရားသခင်ထံက ခွန်အားယူသောအချိန်တွင် မည်မျှလောက်ပင် စိတ်ပျက်စရာများ ကြုံတွေ့နေရပါစေမူ ယုံကြည်ခြင်း ယိုင်နဲ့ခြင်းမရှိခဲ့။
ကြုံတွေ့ရသော အဖြစ်အပျက်ထဲတွင် စိတ်ပျက်ညီးညူရခြင်းကိစ္စ၌ နှလုံးသားအသိစိတ်သည် မည်သူ့ကို နေရာပေးလိုက်သည် ဆိုသည်က တန်ကြေးကြီးမားပါသည်။
ဘုရားရှင်မေတ္တာကို မျှော်လင့်တတ်သောသူသည် ဘုရားမေတ္တာကိုရရှိပါသည်။
အစေခံရာတွင် မေတ္တာစိတ်ကိုနေရာပေးလျှင် အောင်မြင်ခြင်းလက်တွေ့ကို ခံစားရပါသည်။
ဘုရားမေတ္တာ၊ ကရုဏာကြောင့်သာ အဖွဲ့အစည်းအောက်တွင် အမှုတော်မြတ်ကိစ္စ တထောင့်တနေရာ၌ ပါဝင်နေနိုင်ခြင်းဖြစ်သည်။
အဆိုပါနေရာသည် ဘုရားပေးသောနေရာဖြစ်သည်။
အချို့သော သာသနာပြုသူများသည် 'အဖွဲ့အစည်းက ရပ်နားခိုင်းလိုက်ခြင်းကို ဘုရားသခင်က နားခိုင်းလိုက်ပြီ'ဟု ခံယူဟာ နှလုံးသားတွင် ဘုရားသခင်ကို နေရာပေးခြင်းထက် လူ့အဖွဲ့အစည်းကို မှားယွင်းစွာဖြင့် ဦးစားပေးမိလိုက်ကြသည်။
ကျန်မာရေးကိစ္စကြောင့်ဖြစ်စေ၊ အခြေအနေတခုခုကြောင့်ဖြစ်စေ အမှု့တော်ဆောင်ခြင်း ရပ်တန့်သွားရသည်ဆိုသည်မှာ အစေခံခြင်းလုပ်ငန်း ရပ်တန့်သွားသည် မဟုတ်ပါ။
အမှုတော်ဆောင်ခြင်းကိစ္စအား ဘုရားသခင်က ပေးရပ်လိုက်ခြင်းမျိုး မဟုတ်ပါ။
အစေခံသူတိုင်း နှလုံးသားတွင် ရှိထားအပ်သည်မှာ ဘုရားသခင်ကို အချိန်ပြည့် ဆက်ကပ်ခြင်းဖြစ်သည်။
မိမိတို့၏ ဘဝနေဝင်ချိန်တိုင်အောင် အမှုတော်ဆောင်ခြင်းဖြစ်သည်။
ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဖို့ သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။ (၂ တိမောသေ ၄း၇-၈)
စောကိုကို
(ခေတ္တ လက်ပံခုံ နှစ်ခြင်းသာသနာပြု သိုးတော်စု)
ကလောင်ရှင် - စောကိုကို
စာတည်း - စဲလာအို
(နိုဝင်ဘာ ၁၀ရက်၊ ၂၀၂၄ခုနှစ်တွင် စာတည်းသည်)