စာအုပ် အငှားစနစ်ဖွံ့ဖြိုးရေးသို့


စာရွေးစနစ်
စာမှန်သမျှကောင်းမည်မဟုတ်ပေ။ update ဖြစ်သော စာပေမွန်များကို ပိုမို၍ တင်စေချင်ပါသည်။အတွေးအခေါ်သစ်၊ အယူအဆသစ်များကို ပိုမိုဦးစားပေးသင့်ပါသည်။ ဈေးသင့်၍ စာအုပ်အငှားထဲတွင် ခေတ်ဟောင်းအတွေးအခေါ် စာအုပ်များ တင်ခြင်းကို အတတ်နိုင်ဆုံး လျှော့ချပါရန်။ ဂန္တဝင်တန်းဝင်သည့် စာအုပ်ကောင်းများကို မဆိုလိုပါ။ ဘာသာပြန် စာပေကောင်းများကိုလည်း ထားဖွယ်ကောင်းသည်။
ဈေးကြီးသည့် စာပေကောင်း စာပေမွန်များကိုလည်း အသုံးပြုသင့်ပါသည်။ ရသစာပေများသည် အတွေးအခေါ်ကို ရင့်သန်စေသည်။ သုတစာပေများသည် ဖန်တီးမှုအားကောင်းစေသည်။ ကမ္ဘာကြီးအကြောင်း သိရှိလိုလျှင် မဂ္ဂဇင်းများ ဝယ်ယူစုဆောင်းသင့်သည်။ Reader Digest ကဲ့သို့သော စာပေမွန်များသည်လည်း ထားဖွယ်ကောင်းလှသည်။

စာငှားစနစ်
အခမဲ့စနစ်သည် ရေရှည်တွင် အကျိုးထက် အပြစ်ကို ပိုမိုများပြားစေမည်။ စာအုပ်ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းများနိုင်သည်။ စာအုပ်ငှားယူသည့် စာရင်းသာ ရှိပြီး ပြန်အပ်သည့်စာရင်းမှာ နည်းပါးမည်။
အဖွဲ့ဝင်ကြေးဖြင့် မန်ဘာဝင်စေခြင်း၊ တအုပ်ကို ဘယ်နရက် ငှားရမ်းခွင့်၊ ပျက်စီးဆုံးရှုံးပါက စာအုပ်တန်ဖိုး မည်၍မည်မျှ ဟူသောစည်းကမ်းဖြင့် စာအုပ်ကို ရိုသေအောင် ပြုလုပ်ရပါမည်။ ပျက်စီး ပျောက်ဆုံးလျှင်လည်း ဈေးကွက်တွင် လွယ်လင့်တကူ ပြန်လည်ရရှိနိုင်သော စာအုပ်စာရင်းကို ပြုစုထားရမည်။ ရှားပါးစာအုပ်ကောင်းများကို ပြင်ပတွင် ငှားရမ်းခြင်း မပြုဟူသော မူထား,ထားရမည်။ 

အလှူရှင်
အလှူရှင်ဆီကပေးပို့လာသည့် စာအုပ်မှန်သမျှကို စာငှားစနစ်တွင် အသုံးပြုရန် မလိုအပ်ပေ။ မည်သို့သောစာအုပ်ဖြစ်သည်ကို စာငှားစနစ် ဦးဆောင်သူက သေချာစွာ စိစစ်ရွေးချယ်ကာ စာအုပ်စင်တွင်တင်ရန် သိမ်းထားရန် ပြန်လည်ပေးပို့ရန် ပြုလုပ်ရမည်။

စာပေါင်းကူး
မိမိထံတွင် စာအုပ်များ ပိုလျှံလာပါက အခြားသော အရပ်ဒေသများသို့ စာအုပ်များ ထပ်ဆင့် ပေးလှူခြင်း အလေ့အထကောင်းကို ပြုလုပ်ပေးရန် လိုအပ်သည်။ စာပေ ဝတ်မှုန်ကူးခြင်းဟု တင်စားလိုသည်။ စာငှားစနစ်၊ စာကြည့်တိုက်များ တိုးပွားလာခြင်းသည် ဉာဏ်ပညာကြီးရင့်ချင်သူအတွက် မဟာမျိုးစေ့တစေ့ဖြစ်ပါသည်။သူတို့အတွက် ဉာဏဆိုင်ရာ အခွင့်အလမ်း ဖန်တီးပေးရာလည်း ရောက်သည်။

စာအုပ်ထိန်းသိမ်းခြင်း
စာအုပ်ကြိုက်သည်မှာ ခြဖြစ်သည်။ ဂျပိုးများသည်လည်း စာအုပ်များကို ကြိုက်နှစ်သက်သည်။ ပိုးဟပ်သည်လည်း စာအုပ်များ၏ အန္တရာယ်ဇုံတွင် ကြီးမားသော အဖျက်ပိုးကောင်စာရင်းဝင်ပါသည်။ စာငှားရာတွင် စာဖွက်ခြင်းမျိုးကို အတတ်နိုင်ဆုံး လျှော့ချကာ စာအုပ်မှန်သမျှကို စာငှားပေးရန်ဟူသောမူကို ကိုင်စွဲထားသင့်ပါသည်။ မိုးရာသီတွင် စာအုပ်များ အစိုဓာတ်ပြန်ကာ ရေညှိတတ်နိုင်သည်ကို ဂရုစိုက်ပါ။ မိုးကြီးရေလျှံဒေသဖြစ်ပါက အထူးဂရုစိုက်ရပါမည်။ ကြွက်များသည်လည်း စာအုပ်များကို ကြိုက်နှစ်သက်သည်။ စာအုပ်များပေါ်တွင် ဖုံတင်ခြင်းများကို ၁ပတ်တွင် ၂ကြိမ်မျှသုတ်ပေးရန် လိုအပ်သည်။ ထိန်းသိမ်းခြင်းသည် အရေးကြီးသည်။

စာညွှန်း
စာငှားစနစ်ပြုလုပ်မည့်သူသည် စာလာငှားမည့်သူကို မည်သို့သော စာပေမွန်များကို ဖတ်ရှုရမည်ဟု စာညွှန်းကြွယ်ဝသူ ဖြစ်ရပါမည်။ စာညွှန်းကျွမ်းကျင်မှုရှိရန် စာများကို ဖတ်ရှုနေရပါမည်။ စာအုပ်ထိန်းသိမ်းခြင်း၊ စာအုပ်ခန်း စီမံခန့်ခွဲခြင်းကဲ့သို့သော အသေးစိတ်ဆန်သည့် အကြောင်းအရာများကို ပိုမိုသိရှိလိုမူ စာကြည့်တိုက်နှင့် သုတပညာကို လေ့လာလိုက်စားပါဟု အကြံပြုလိုပါသည်။

Devoship Journal