သူရဲကောင်းမေမေ



နာကျင်တာကိုမေ့ပြီး ကြင်နာခြင်းနဲ့ထွေးပွေ့လို့
နို့ချိုတိုက်ကျွေး မွေးပေးခဲ့သူ
လူတလုံး သူတလုံးဖြစ်အောင်
မြေတောင်‌မြှောက်ပေးရင်း
ချီးမွမ်းသီချင်းကို စသင်ပေးတယ်
ဒါဝိဒ်ရယ်၊ ရှန်ဆုံနဲ့ မောရှေအကြောင်း
သီချင်းကောင်းလေးတွေနဲ့ ချော့သိပ်လို့
အငိုတိတ်ပြီး အိပ်ခဲ့ဖူးတာ အမေ့ကျေးဇူးပါ။
လမ်းလျှောက်တတ်အောင် ဖေးမတွဲဆောင်ပြီး
မငြီးမငြူ သူပြုစုရင်း ကျောင်းတွင်းအရောက်ပို့ 
ပညာတတ်ဖို့ မျှော်လင့်လို့နေတဲ့အမေ
ပျိုမြစ်ခြင်းတွေ စိုက်ပျိုးရင်း
အိုမင်းခြင်းက အမေ့ကို ဝါးမြိုပေမယ့်
သားရဲ့ရင်ထဲ နုပျိုဆဲပဲ
နည်းပါးတဲ့ငွေနဲ့ ဘဝအတွက်လို့ခြိုးခြံရင်း
စားကောင်းခြင်းတွေဝယ်ကျွေးသူ
ပူဆာလို့မရတိုင်း ငိုတတ်သူလေး
အခုတော့အဝေးတနေရာမှာ
အမေငိုနေမလားလို့ တွေးပူမိတယ်။
အရွယ်ရောက် အတောင်အလက်စုံ
လူဘုံအလယ်မှာ နေတတ်စားတတ်ဖို့
သွန်သင်လို့ လမ်းပြပေးခဲ့သူ 
မေတ္တာတရားအကြောင်း ပြသပေးရင်း
သခင့်ချစ်ခြင်းကို နှုတ်ကပတ်တော်နဲ့နှိုင်း
ရိုင်းစိုင်းခြင်းကင်းကာ သခင့်မေတ္တာ
နားလည်စေသူကို
သတိရခါတိုင်း တမ်းတမိတာ
မေမေဟာ ဒီကမ္ဘာမှာ သူရဲကောင်းကြီးပါပဲ....