အားရှိတုန်း အသုံးခံရသလို
အားနည်းတဲ့အခါ သူအနားမှာရှိတယ်
ပင်လယ်ဖြတ်တော့ ခေါင်းမော့ ရင်ကော့ရင်း
တောင်ကုန်းကျော်ပြန်တော့ ငုံ့ကြည့်မိတယ်
ငါ ဒါကို ဘယ်လိုဖြတ်ကျော်ခဲ့ပါလိမ့်...
အတွေးထဲ တစိမ့်စိမ့်ကြည့်ရင်း
နာကျင်မှုတလှည့် လှည့်ဖြားမှုတဖုံက
ငါ့အနားက ခဝါချလိုက်ကြတယ်
ငြီးတွားနေတဲ့သစ်ပင်ထက်က
ပုဇဉ်းရင်ကွဲတကောင်ရဲ့အသံဟာ
အနောက်တောင်အရပ်ကို ရောက်ခဲ့ရင်
သူလာဖို့အချိန်တန်ပြီဆိုတာ သိလိမ့်မယ်
ကောင်းကင်ပြာလည်း အရောင်ပြောင်းလို့
အမှောင်ထဲတိုးဖို့ ကြိုးစားရှာရင်း
အတ္တရဲ့ နံရံကို ခေါင်းနဲ့ ဆောင့်ပြီး ဖြိုချလိုက်မှ
သက်ပြင်းရှရှ ခဏချလိုက်တယ်... ဟူး...
ဒဏ်ရာတွေပေပွနေတဲ့
ကျောက်သင်ပုန်းပေါ် ကို
မြေဖြူချောင်းနဲ့ခြစ်လိုက်ရင်း
သေခြင်းနောက်ကွယ်ကဖြစ်တည်မှုကို
ကင်းဗတ်စပေါ် ဆေးစက်ချလို့
လာခြင်းမကောင်းတဲ့ဘဝလည်း
အိမ်ပြန်လမ်းလှပါစေ
ဆန္ဒပြုကာရေးချလိုက်တာ
ကမ္ဘာသစ်ဟာ လှပနေတော့တယ်.....
Stallone (PYAPON)