Devoship Journal Founder ဖြစ်သူ Kim က Journal ထောင်စကတည်းက စာမူတောင်းပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်၊ မပို့ဖြစ်ခဲ့ပါဘူး။ အားနာမိပါတယ်။ Devoship Journal တောင် သက်တမ်း နှစ်,နှစ် ရှိသွားခဲ့ပြီ။ ကျွန်ုပ်လည်း စာမရေးဖြစ်တာ သုံးနှစ်ခန့်ရှိပါပြီ။ ဒါ ပထမဆုံး ပြန်ရေးဖြစ်ခြင်းပေါ့။ ကိုယ့်ကိုယ်ကို စာမှရေးနိုင်သေးရဲ့လား။ ရေးတတ်သေးရဲ့လား သံသယဝင်ရပါတယ်။ ဝမ်းစာသိုမှီးဖြည့်တင်းခြင်း ဖြစ်တဲ့ စာဖတ်ခြင်း အလေ့တောင် အင်မတန် နည်းပါးခဲ့တယ်။ စာအုပ်တွေဝယ်ဖြစ်လည်း ပြီးအောင် မဖတ်ဖြစ်သေး။ Devoship Journal ကလောင်ရှင်များစွာ ပါဝင်ရေးသားနေကြတာတွေ့တော့ ဝမ်းသာအားရ နှစ်ထောင်းဖြစ်မိပါတယ်။ လူငယ်၊ လူရွယ်ပေမဲ့ စာပေဇွဲကြီးပြီး အခက်အခဲ အမျိုးမျိုးကြားက ကြိုးစား လှုပ်ရှား လုပ်ဆောင်နေတဲ့ Kim ကိုလည်း လေးစားရပါတယ်။ သူ့မှာ ထိုးဖောက်လုပ်နိုင်စွမ်း၊ လုပ်ဆောင်ချင်တဲ့စိတ်၊ ရည်ရွယ်ချက်၊ ကြိုးစားမှုတွေ ရှိနေတာ ဘေးလူအနေနဲ့ အသိသာကြီး မြင်နေရပါတယ်။ ကိုင်း … ခြေဆင်း နိဒါန်းလည်း ရှည်ချေပြီ။ ကျွန်ုပ် အဓိက ဖော်ပြရေးသားလိုတာကတော့ ကျွန်ုပ်ရဲ့မိခင်အကြောင်းပါပဲ။ ဘာလို့ဆို ယခု မေလ ဒုတိယအပတ်က ‘မိခင်များနေ့’ပါ။
နှစ်စဉ် ရောက်လာမြဲ နှစ်ပတ်လည် နေ့ထူးနေ့မြတ်များစွာထဲက တနေ့လေးပေါ့။ အသက်ပဲ ကြီးလာလို့လားမသိဘူး။ တနှစ်တနှစ် ကုန်ဆုံးချိန်ကလည်း လွှတ်မြန်သဗျိုး (ဤကား စကားချပ်) လူတိုင်းမှာ မိခင် (အမေ) ရှိကြတာပါပဲ။ လူတိုင်း ‘နီးပါး’ ကိုယ့်အမေကို အကောင်းဆုံးထင်ကြတာပါပဲ။ အမေတော်တော်များများကလည်း ချစ်မေတ္တာကြီးကြတာကိုး။ (ဒီနေရာမှာ မိခင်စိတ်မရှိသူ ရာခိုင်နှုန်း အနည်းကျဉ်း မိဘ (မိခင်)များကို မဆိုလိုပါဘူး) ယေဘုယျအားဖြင့် များစွာသောမိခင်တွေက မိခင်ပီသတယ်လေ။ ကျွန်ုပ် မိခင်ကလည်း သမားရိုးကျ မိခင်များစွာထဲက မိခင်တယောက်ပါပဲ။ သို့ပေသိ … ကျွန်ုပ်အတွက်တော့ ထူးဆန်းပါတယ်။ ရေယာဉ်တွေ ပျောက်ဆုံးတဲ့ ဘာမြူဒါတြိဂံထက် ထူးဆန်းပါတယ်။ သူ့ (အမေ) အကြောင်း စဉ်းစားရင် အမြဲလန်းဆန်းတက်ကြွရွှင်ပြစရာတွေပါပဲ။ ညှိုးနွမ်းခြင်းမရှိ၊ အမြဲလှပနေတဲ့ ဧဒင်ဥယျာဉ်ကြီးလိုပါပဲ။ ကျွန်ုပ်ကတော့ ဂုဏ်ယူဝံ့ကြွား,ကြွားဝါပြီး ရဲရဲကြီး ပြောနိုင်ပါတယ်။ အမေ့လိုလူ မတွေ့ဖူးသေးဘူးဆိုတာကို သူ့ကို ဂုဏ်ပြုခေါင်းစဉ်တပ်ရရင်ဖြင့် စာရေးလို့လောက်နိုင်မယ်မထင်ဘူး။ (ဖတ်ပြီး ငါ့အမေလည်း ဒီလိုပါပဲ မတွေးပါနဲ့။ တွေးချင်လဲတွေးပါ။ ပြောပြီးပါပကော။ ကျွန်ုပ်ရဲ့မိခင်အကြောင်း ရေးမှာလို့။) ကျွန်ုပ်အကျဉ်းချုံး ထုတ်နှုတ်ခွဲခြား ရေးပြချင်တဲ့ စာပိုဒ်ငယ်လေးတွေက ဒီလိုပါ…။
(၁) သည်းခံနိုင်သောသူ
အမေသည်းခံနိုင်လွန်းတာ အံ့ဩချယူရပါတယ်။ အဖြစ်အပျက် အကြောင်းအရာတွေကို ချဲ့ရေး မနေတော့ပါဘူး။ တခါတခါ ဘာလို့ ဒီလောက်တောင် သည်းခံနိုင်ရသလဲ တွေး, စဉ်းစား, အဖြေမရပါဘူး။ တချို့ အကြောင်းအရာတွေမှာ စိတ်ရှည်သည်းခံနိုင်တာကို အားမလို အားမရဖြစ်၊ စိတ်တိုမိသလို၊ အခြား တဖက်ကနေတော့ ခွန်အားအတုယူရပါတယ်။ ‘ငါ … အမေ့လောက် သည်းခံနိုင်ပါ့မလား’ဆိုပြီးတော့ပေါ့။
သူ ဘုရားသခင်ကို သိ၊ ယုံကြည်ကိုးစားလို့ သည်းခံနိုင်တာလို့ အဖြေရပါတယ်။
(၂) ယုံကြည်ခြင်း ပုံသက်သေ
ခရစ်ယာန်မိသားစုအတွက် ယုံကြည်သက်ဝင်ကိုးစားမှုကလည်း အရေးပါ,ပါတယ်။ များသောအားဖြင့် သားသမီးအရွယ်ငယ်ကလေးဘဝဟာ မိခင်ရဲ့ အရိပ်အောက်မှာပဲ အနီးကပ် ကြီးပြင်းလာရတာပါ။ ဖခင်ထက် မိခင်နဲ့ ပိုထိတွေ့ရသလို၊ အမေ့ကိုပဲ အကပ်များကြပါတယ်။ တံပိုးမညီအိမ်ထောင်ကို ထမ်းခဲ့မိတဲ့အမေဟာ ပင်ပန်း ခါးသီးဆင်းရဲမှုဒဏ်တွေကို အများကြီး ခံစားဖြတ်သန်းခဲ့ရပါတယ်။ သူ ကိုယ်၊ စိတ်၊ နှလုံး သုံးပါး အတွင်းဝိညာဉ်ပါ အမှန်တကယ် ပြောင်းလဲခြင်းနဲ့ အသက်ရှင်ခဲ့ချိန် သားသမီးတွေကို သမ္မာတရားနဲ့အညီ သွန်သင်ပဲ့ပြင်ခဲ့တယ်။ အဖေကလည်း သား၊ သမီးတွေရဲ့ ယုံကြည်ကိုးကွယ်မှုကို သိပ်ပြီး တင်းကြပ်စွက်ဖက်ခြင်း မရှိပါဘူး။ အဲဒါကြောင့်လည်း ပါသလို အမေ့ရဲ့ လမ်းညွှန်မှု၊ ကိုယ်ကိုယ်တိုင် အသက်ရှင်သော ဘုရားကို သိကျွမ်းပြီး ယုံကြည် လက်ခံခဲ့မှုတွေကြောင့် သားသမီး ခြောက်ဦးစလုံး ယုံကြည်သူတွေ ဖြစ်ခဲ့တယ်။ အမေက အသင်းတော်မှာလည်း ကျရာတာဝန်ကို အပြည့်အဝ ဆက်ကပ်သူပါ။ ဆုတောင်းခြင်း ဆုကျေးဇူးကို ရရှိထားပါတယ်။ အမေ့ရဲ့ ဆုတောင်းခြင်းက အဖိုးဖြတ်မရတဲ့ ‘တန်ဘိုး’တခုပါပဲ။ တခါတလေပြောမိတယ်။ ‘အမေ နောက်ကွယ်က အမြဲ ဆုတောင်းပေးနေတာပဲ။ ကိုယ့်ဘာသာကိုယ် မတောင်းတော့ပါဘူး’ဆိုပြီး။ မှန်ပါတယ်။ မိခင်ရဲ့ အမြဲ ကောင်းချီးပေး မေတ္တာပို့ ဆုတောင်းသံတွေကြောင့် ကျွန်ုပ်တို့ ဘေးကင်းလုံခြုံကြပါတယ်။ သွားလေရာ လာလေရာမှာ အဆင်ပြေ ချောမွေ့ပါတယ်။ သို့ပေသိ သူတပါး ဆုတောင်းပေးနေတာကိုပဲ အမြဲခံယူနေဖို့ မဟုတ်ဘဲ မိမိကိုယ်တိုင် ဆုတောင်းခြင်း အားကြီးရမှာပါ။ ပြင်ဆင်၊ ဆင်ခြင်ရမှာလေးတွေပေါ့။ အိမ်က အငယ်ဆုံးမောင်ကို ပြောဖူးတယ်။ ‘နင် ဆိုင်ကယ်၊ ကား တရွှတ်ရွှတ်နဲ့ သွားနေရတာ …။ ဘေးကင်းနေတာ အမေဆုတောင်းပေးနေလို့နော်’ဆိုပြီး။ တခါတော့ သူ ခရီးသွားမှာကို အမေက ထုံးစံအတိုင်း ဆုတောင်းပေးဖို့ ပြင်ပါတယ်။ သူဟာလောပြီး ‘အမေ တောင်းရင် အကြာကြီးပဲ။ အချိန်မရှိတော့ဘူး။ သွားတော့မယ်’ဆိုပြီး ထွက်သွားပါတယ်။ ဘာကြာလဲ … နောက်ရက် စက်လှေစီးတော့ မော်တာစက် ပူလီကြိုးဆွဲထားတဲ့ နက်(nut)က ပြုတ်ထွက်ပြီး သူ့ခေါင်း တည့်တည့်မှန် ခေါင်းကွဲပြီးလေးချက် ချုပ်လိုက်ရတယ်။ ခေါင်းပတ်တီးကြီးနဲ့ အိမ်ပြန်ရောက်လာတာလေ။ ပြီးတော့ ကျွန်ုပ်တို့ မောင်၊ နှမတွေ ပြောလေ့ရှိကြသေးတယ်။ ‘အမေ့ရဲ့ယုံကြည်ခြင်းမျိုးတော့ တို့တွေမီပါ့မလား’ ဆိုပြီး…။
(၃) ကိုသိန်းမောင်၊ ဒေါ်သိန်းမေ
တကယ်တော့ ‘သိမ်း’ တာပါ။ အဖေ၊ အမေတွေလောက် ပစ္စည်း အထားအသို အသိမ်းဆည်းတော်တာ ရှိမယ်မထင်။ ကျွန်ုပ်တို့အိမ်က နှာခေါင်းပေါက်လောက်ရယ်ပါ။ သို့ပေသိ ပစ္စည်းတခုခု ရှာချင်၊ လိုချင်ရင် အမေပါမှ ပြီးတယ်။ အသက်သာကြီးရင့်ကြတာ။ မှတ်ဉာဏ်တွေက လူငယ်တွေထက်သာတဲ့မိဘတွေပါ။ တခုခုမေးလိုက်ရင် ဘယ်နားလေးမှာ၊ ဘယ်လိုလေးထားထားတာဆိုပြီး အမှတ်သညာတွေ ကောင်းလိုက်သမှ။ သား၊ သမီးတယောက် တသေတ္တာ၊ လူကိုးဦး ဆယ်ဦးနဲ့ အဝတ်တွေက အိမ်မှာ ရာဂဏန်းပါ။ ဘယ်သား၊ ဘယ်သမီးရဲ့ အဝတ်အထည် အသုံးအဆောင်မှန်း အမေသိတယ်။ မီးပူတိုက်ပေးပြီး လာထည့်ပေးထားရင် သူ့အဝတ်၊ ကိုယ့်အဝတ် မလွဲစေရဘူး။ ဦးထုပ်မှစ ဖိနပ်အဆုံး ခေါင်းစခြေအဆုံးပဲ ထားပါတော့။ စည်းကမ်းကြီး သန့်ရှင်းသပ်ရပ်မှုမှာလည်း နံပတ်တစ် အမေ။ သားသမီးတယောက်မှ အမေ့မမီဘူး။ မီးဖိုဆောင်ပစ္စည်းတွေ နေ့စဉ် မပျင်းမရိ ဆေးကြော၊ ရေနွေးစိမ်တာက ပါသေး။ အမေ စိတ်တိုလာရင် ပြောတတ်တဲ့ စကားတခွန်း သဘောကျမိပါရဲ့။ ကျွန်ုပ်တို့ ရှုပ်ယှက်ခပ်နေပြီး သူလိုက်ရှင်းရရင်ပေါ့။ ‘မင်းတို့တွေ သန့်ရှင်းရေးလည်း ဇီးရိုးပဲ။ ပစ္စည်းတွေ သူ့နေရာသူ မထားဘူး။ စည်းကမ်းလည်း သုညပဲ’ ဆိုသဗျ။ အမေ့အမှတ်ပေးမှုအောက်မှာ ဘဲဥ၊ ကြက်ဥမကွဲတဲ့ သားသမီး အလိမ္မာလေးတွေပေါ့ဗျာ။ ဒါကတော့ နံပါတ် (၄) စည်းစနစ်ရှိသူပေါ့။
(၅) စီမံခန့်ခွဲမှုတော်သူ
ဘာ HR သင်တန်းမှ တက်စရာမလို။ သူတို့ခေတ်မှာလည်း မရှိခဲ့။ မတတ်ဖူးဘဲ စီမံခန့်ခွဲမှုတော်တာ မိခင်ပါပဲ။ အဖေရှာပေးတဲ့လစာငွေတခုအောက်မှာ လူကိုးဦးအတွက် တလတလ စားဝတ်နေ၊ ကျန်းမာရေး၊ လူမှုရေး၊ သာရေးနာရေး၊ ဘာသာရေး၊ စသဖြင့်ပေါ့။ ရေးပေါင်းများစွာကို ကိုင်တွယ်ဖြေရှင်းရတာပါ။ အိမ်ထောင်စု ဇယားမှာသာ ‘မှီခို’။ မှန်ပါတယ်။ တအိမ်လုံး အမေ့ကို မှီခိုနေကြရတာပါပဲ။ သားသမီးတွေတယောက်မှ ပညာရေး ဆုံးခန်းမတိုင်မီ အဖေက လောကထဲက ထွက်သွားခဲ့တယ်။ တသက်လုံး ‘မှီခို’ဆိုတဲ့နေရာက အမေဟာ သားသမီးတွေအတွက် မာန်ချီပြီး စီးပွားရေး ထွက်လုပ်ရပါတော့တယ်။ ဒါကြောင့် ကျွန်ုပ်အမေက အိမ်ထောင်မှု အလုပ်သာမကဘဲ ငွေရှာရတဲ့အလုပ်ကိုပါ ထမ်းရွက်ခဲ့ရတဲ့ မိခင်တဦးပါ။ အမေ့ကျေးဇူးကြောင့် ကျွန်ုပ်တို့တွေ ဘွဲ့ရသည်ထိ ပညာရေး ဆက်လက်ဆည်းပူးခွင့်ရခဲ့တယ်။ အမေလုပ်ကိုင်ခဲ့ရတဲ့အလုပ်တွေအကြောင်း ရေးပြရရင် စာနဲ့ကုန်နိုင်ဖွယ် မရှိဘူး သို့ဆိုတော့ အတိုချုံ့ရေးရုံနဲ့လည်း မလုံလောက်လို့ မဖော်ပြတော့ပါ (ကျွန်ုပ် အရင်က ရေးခဲ့ဖူးတဲ့ ‘စံပြမိခင်’ ဆောင်းပါးရှိပါတယ်။ အမေ့ရဲ့ ခက်ခဲကြမ်းတမ်း ပင်ပန်းစွာ ဖြတ်ကျော်ခဲ့ရတဲ့ အလုပ် အကြောင်းပါ) အပေါ်က ဘဲဥ၊ ကြက်ဥ အကြောင်းသတိရလို့ ဆက်ကြဦးစို့ရဲ့။ မောင်နှမ ခြောက်ယောက်မို့ အားလုံး အစားညီတဲ့ ကြက်ဥဟင်း၊ တနည်း တန်ဖိုးနည်း သက်သာဟင်း၊ အမေ့ရဲ့ ဝေပုံကျ စကေးလ်က တယောက် တခြမ်းစီပါ။ ခရမ်းချဉ်သီး၊ ကြက်သွန်နီ အနှစ်များများနဲ့ ကြက်ဥတခြမ်းဟင်းက စားလောက်ခဲ့ပါတယ်။ အပ်ချည်ကြိုးနဲ့ ကြက်ဥပြုတ်ခွဲလှီးတဲ့ အမေ့နည်း။ ကျွန်ုပ် အခုထိလုပ်တုန်းပေါ့။ အဲဒီတုန်းက ကြက်ဥက ကြီးပါတယ်။ အခုလို တလုံးနှစ်ရာပေးရသေး၊ ခပ်သေးသေးမဟုတ်။ တဆယ်ကျပ်၊ တဆယ့်ငါးကျပ်ခေတ် ပြန်လွမ်းမိသေးတော့ အခုတော့ အသက်ကြီး၊ လူကောင်ကြီးလာလို့ပဲလားမသိ။ တလုံးပင် စားမလောက်တော့။ အထက်တန်း၊ တက္ကသိုလ်တန်းရောက်မှသာ ကြက်ဥတလုံးစီ အမေချက်ကျွေးတယ်။ တခြမ်းကနေ တလုံး ပြောင်းစားရတော့ များတယ်ထင်မိခဲ့ပါရဲ့။ အခုတော့ဖြင့် တခါစား နှစ်လုံးပင် မလောက်ချင်။ ဟင်းတွေဆို အမေ ထည့်ပေးမှပဲ စားတတ်ခဲ့တယ်။ အထူးသဖြင့် အသားဟင်းချက်ရင် ကိုယ့်ဟာကို ယူမစားတတ်ဘူး။ အမေ့ အော်ခေါ်ရတယ်။ ‘အမေ … ဟင်းထည့်ပေးဦး။ ဟင်းခွဲပေးဦး’ စသဖြင့်ပေါ့။ အမေက ‘သေးရင် သုံးတုံးစား’ ‘အကြီးတတုံး၊ အသေးတတုံးစား’ အဲဒီလို ခွဲခြမ်းပေးပါတယ်။ ကြီးလာတော့ အမေ စိတ်ချလက်ချ လက်လွှဲပြီး ဟင်း မခွဲပေးတော့ပါ။ သားသမီးတွေ အရွယ်ရောက်လာကြပြီပဲလေ။ သို့ပေမဲ့ အကျင့်ပါပြီး အမေ့အော်ခေါ်တုန်းပါ။ အမေက ရောက်မလာတော့ဘဲ ‘ကိုယ့်ကို ကြည့်ထည့်စားလေ’ ပြောပါတော့တယ်။ တခါတလေ ကိစ္စသေးသေးလေး ဖြစ်တဲ့ ရေချိုး၊ ခေါင်းလျှော်ဖို့ကအစ အမေ့တိုင်ပင်ရပါသေးတယ်။ အမေဟာ အတိုင်ပင်ခံ မိတ်ဆွေကောင်းလည်း ဖြစ်ပါတယ်။ ‘အမေ ဒီနေ့ ရေချိုးရင် ကောင်းမလား’ ‘ခေါင်းလျှော်ရမလား မသိဘူးနော်’ဆိုပြီး မေးရင် ဆီလျော်အောင် ပြန်ဖြေပေးတတ်ပါတယ်။ ဘာရယ်မဟုတ်။ အဲဒီမေးခွန်းလေးတွေကတော့ အခုထက်ထိလည်း ရံဖန်ရံခါ မေးဖြစ်တုန်းပါပဲ။ ငယ်ငယ်ကလို ကပ်ချွဲ မချွဲရတော့ တခါတခါ အမေ့ကို စိတ်တိုအောင် စပုံက ‘အမေ’ လို့ပဲ တောက်လျှောက် ခေါ်နေတာပါ။ ပထမ နှစ်ခါ၊ သုံးခါတော့ ထူးပါတယ်။ ထူးနေလည်းပဲ ဆက်တိုက် ‘အမေ’ပဲ ဆက်ခေါ်နေရင် စ,ပြီး ခေါ်နေမှန်းသိရင် မထူးတော့ဘူး။ သူလုပ်စရာရှိတာ ဆက်လုပ်နေတာပဲ။ မထူးမချင်း ဆက်ပြီးခေါ်နေရင် ငေါက်တော့တာကလား။ ခြေဖဝါးယားအောင်ကုပ်တာလည်း အမေ မခံနိုင်ဘူး။ သူ့အလစ်ငိုက် စောင့်ပြီး ခြေဖဝါးသွားကလိရင်တော့ အတည်စိတ်ဆိုးတတ်ပါတယ်။ အရိုက်လည်း သန်တဲ့အမေပါ။ အသက်နှစ်ဆယ်ကျော်ထိ ရိုက်တုန်း။ ‘အမေ့သားသမီးက အရွယ်ရောက်နေပြီ။ ရိုက်ရမယ့်အရွယ် မဟုတ်တော့ဘူး’ ပြောပါများမှ ရိုက်တာ လျှော့သွားပါတော့တယ်။ ပျိုးဥယျာဉ်မှူး မေမေ။၊ အိမ်ခြံဝန်းထဲမှာက မြေလွတ်လေး နည်းနည်းပဲ ရှိတာပါ။ အဲဒီ ကျဉ်းကျဉ်းသေးသေး ဧရိယာထဲမှာပဲ သီးပင်၊ စားပင် ပန်းပင်မျိုးစုံအောင် စိုက်ထားပြီး တယုတယနဲ့ မမောမပန်းနိုင် အပင်တွေကြားထဲလည်း အလုပ်ရှုပ်နေတတ်ပါတယ်။ ခြံထွက် သဘာဝစစ်စစ် အမေ့ သီးပင် စားပင်တွေ အနပ်ပေါင်းများစွာ စားခဲ့ရ၊ စားနေတုန်းပါပဲ။ ပန်းပင်လေးတွေက ပန်းပွင့်လှလှလေးတွေ ဖူးပွင့်လာရင် ဓာတ်ပုံရိုက်ပြီး လှမ်းကြွားတတ်သေးတယ်။ ကျွန်ုပ်က ၂ဝ၁၄ လောက်ကစပြီး အိမ်နဲ့ဝေးရာ အပြင် တနေရာမှာ အလုပ်လုပ်နေပါပြီ။ အားတဲ့အချိန် သွားလိုက်ပြန်လိုက်ပေါ့။ အမေက ခင်ပွန်းရှိစဉ်က အသင်းတော်မှာ ဆက်ကပ်နိုင်သေးတယ်။ ခင်ပွန်းဆုံးတော့ အပြင်ထွက် အလုပ်လုပ်ရတော့ ဆက်ကပ်ပါဝင်ခြင်းတွေ ပျက်ကွက် ခဲ့ရတယ်။ ထဲထဲဝင်ဝင် မပါဝင်ဖြစ်တော့ပေမယ့် တနင်္ဂနွေတရက်ကိုတော့ တည်ကြည်သစ္စာရှိသူပါ။ အပတ်တိုင်း အလုပ်နားပြီး အဲဒီတရက်တော့ ဆက်ကပ်ပါတယ်။ အမေ့ရဲ့ သွန်သင်မှုကြောင့် ကျွန်ုပ်တို့လည်း (ဘယ်နေရာ ရောက်ရောက်) ရှိတဲ့နေရာမှာ တနင်္ဂနွေတော့ဖြင့် ယုံကြည်သူချင်း မိဿဟာရပြု ဝတ်ပြုကိုးကွယ်မှုတွေမှာ ပါဝင် ဖြစ်ခဲ့ပါတယ်။ ငယ်ငယ်ကဆို တနင်္ဂနွေ ဘုရားကျောင်းသွားမတက်ဖြစ်ခဲ့ရင် အမေကရိုက်ပါတယ်။ ၂ဝ၁၆ လောက်မှာတော့ အမေ အလုပ်လုပ်ခြင်းကနေ အနားယူပါပြီ။ အဲဒီကနေစပြီး အသင်းတော်မှာ ပြန်လည် အချိန်ပြည့် ဆက်ကပ်ပါဝင်နေပါတယ်။ ဧဝံဂေလိတရားနဲ့လည်း မွေ့လျော်တဲ့သူပါ (သူ အလုပ်လုပ်စဉ်က ရှိတဲ့နေရာမှာ လုပ်ကိုင်ရင်း သတင်းကောင်းဝေငှတတ်ပါသေးတယ်) အခုတော့ဖြင့် အမေက အသင်းတော်မှာ ရာသက်ပန် သင်းထောက်ပါ။ အဖဘုရားရှင်ရဲ့ သမီး တပည့်ကောင်း တယောက်ပါ။ ဘုရားရှင်ကိုချစ်ကြောက် ရိုသေတဲ့ ယုံကြည်သူတယောက်ပါ။ ကျွန်ုပ်တို့အတွက်တော့ အမေဟာ အရာရာအတွက် ‘စံပြ ပုဂ္ဂိုလ်’တယောက်ပါ။ သူ့ကိုမီဖို့၊ သူ့လိုဖြစ်ဖို့ အများကြီး ကြိုးစားရပါဦးမယ်။ အားလုံးသော မိတ်ဆွေများရဲ့ မိခင်တွေအပေါ်လည်း အဖ ဘုရားရှင်ထံတော်က ကောင်းချီးမင်္ဂလာအပေါင်း သက်ရောက်ပါစေကြောင်း ဆုတောင်း မေတ္တာပို့သ လိုက်ရပါတယ်။
(အစမှ အဆုံးအထိ ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။ စာမရေးတာကြာလို့ အဆီအငေါ်မတည့်၊ စာလုံး၊ စာကြောင်း၊ ဝါကျ အထားအသို၊ သတ်ပုံ အားနည်းချက်များရှိပါက သည်းခံပေးပါရန်။ ကျနော်က စာစရေး ကတည်းက လက်တန်းတခါထဲ ချရေးတာပါ (အရင်ထဲကပါ) ဝတ္ထုတွေ၊ ရုပ်ရှင်ထဲက စာရေးသူတွေလို နည်းနည်း ရေးလိုက် လုံးချေ၊ လွှင့်ပစ်လိုက်တာမျိုး လုံးဝ မလုပ်ပါဘူး။ စာရွက်နှမျောစရာကြီးလေ။ ဒါကြောင့် တထိုင်ထဲ လက်တန်းတခါထဲ ရေးတာမို့ အမှားအယွင်းပါနိုင်ကြောင်း ဖြည့်စွက်ဖော်ပြလိုပါတယ်)
မုတ်သုန် (စစ်ကိုင်း)