အပြုံး...

ခပ်ငယ်ငယ်အရွယ်က အမေပြောဖူးတဲ့စကား 
သွားသတိရမိတယ်.. 
ထမင်းစားခါနီး အတူတူစားဖို့ အမေ့ကိုခေါ်တော့
အမေ မဆာဘူးသား တဲ့...
ထမင်းအိုးထဲကြည့်တော့ 
ထမင်းကြမ်းခဲလေး တခဲရှိတယ်.. 
ဟင်းကြည့်တော့ အရိုးအရင်းလေး 
နည်းနည်းရှိတယ်..
အမေ မဆာတော့ ကျနော် စားလိုက်တယ်.. 
အမေ ဗိုက်ပြည့်သွားတယ်..
ကျနော်ကတော့ ဆာမြဲ.... ဆာနေဆဲပဲ...
ထမင်းနည်းတဲ့နေ့ဆို အမေ ဗိုက်မဆာဘူး.. 
ဟင်းနည်းတဲ့နေ့ဆို အမေ အသားမကြိုက်ဘူး..
ကျနော်ကတော့ ဗိုက်မဝလို့
ငိုမြဲ .... ငိုနေဆဲပဲ....
တမိုးနှောင်းလို့ တဆောင်းသစ်..
ရာသီတွေ အလီလီပြောင်း..
နှစ်ကာလတွေ ခရီးအသော့နှင်ရင်း..
ကျနော့်မှာလည်း သမီးလေးတယောက်ရှိခဲ့တယ်..
သမီးနဲ့ဆော့ကစား.. လိုတာလေးတွေ 
ဖြည့်ဆည်းပေးရင်း သမီးလေးအတွက်နဲ့ 
ကျနော် ခရီးဆက်ခဲ့တယ်...
ချစ်တယ်ဆိုတဲ့စကား ..
ဘာနဲ့ တင်စားပြရမှန်းကို ကျနော် မသိခဲ့ဘူး..
ဒူးနန့်လို့ဆိုင်ထိုင် လ္ဘက်ရည်သောက်လည်း 
ကျနော်သိပ်မသွားဖြစ်တော့ဘူး..
အပေါင်းအသင်းနဲ့ဝိုင်းဖွဲ့ မိတ်ဆုံစကားလည်း
ကျနော် သိပ်မမက်တော့ဘူး...
လမ်းပေါ်မှာ အချိန်ဖြုန်း
အိမ်ပြန်လည်း သိပ်နောက်မကျတော့ဘူး...
သမီးလေးဆီသာ 
အပြေး ပြန်မိတော့တယ်.. 
ကျနော်ဝတ်ချင်တာ ဝယ်ဝတ်ဖို့ထက်
သမီးလေး ဒိုင်ဘာဖိုးကသာ 
ကျနော့်အတွက် ဝတ်စရာ ဖြစ်ခဲ့တယ်.. 
ကျနော် စားချင်တာ ဝယ်စားဖို့ထက်
သမီးလေး နို့မှုန့်ဖိုးကသာ 
ကျနော့်အတွက် စားစရာ ဖြစ်ခဲ့တယ်..
သမီးလေးမျက်နှာ ထိုင်ငေးနေရရင်ကို 
အာဟာရသိဒ္ဓိ ပြီးနေသလို
အားအင်တွေ ပြည့်နေခဲ့တယ် ...
ကျနော် သိလိုက်တယ်..
အဲ့နေ့က အမေဘာလို့ ဗိုက်မဆာလဲ ဆိုတာကိုပေါ့..
ကျနော် ပြုံးမိတယ်.. 
အဲ့နေ့က ......
အမေလဲ ကျနော့်လို
ပြုံးမိနေလိမ့်မယ် ထင်ပါတယ် ...

Moses Edge