၃၆၅ အနုတ် တစ်

 

၃၆၅ ရက်ပေါင်းခြင်း 

တစ်နှစ်လို သတ်မှတ်ထားတဲ့တစ်နှစ်ထဲက

မေလ ဒုတိယပတ် တနင်္ဂနွေနေ့

ဝတ်ပြုခြင်းအစီအစဉ်မှာ ရင်ထိုးလှလှလေးထိုးပေးလို့

ရှေ့ဆုံးတန်းမှာ မေမေ့ကိုနေရာပေးမယ်

မေမေ့မေတ္တာဖွဲ့ သီချင်းလေးတွေနဲ့

ခံစားသီဆိုချီးမွမ်းကြ. . .

မျက်ရည်စက်လေးတွေနဲ့

တစ်နှစ်လုံးရဲ့ အမှားတွေကို

မိနစ်ပိုင်းလေးနဲ့ ဝန်ချတောင်းပန်လို့

ခဏလေးတော့ ငိုလိုက်ကြ. . .

ပြင်ဆင်ထားတဲ့လက်ဆောင်တွေပေးကြမယ်

မကုန်နိုင်တဲ့ မေမေ့မေတ္တာအကြောင်း

တရားတစ်ပုဒ်နာရင်း 

ခဏလေးတော့ခံစားကြ

ခဏလေးတော့ ကြေကွဲကြ

ခဏလေးတော့ ဝမ်းနည်းလိုက်ကြ

ခဏလေးတော့ နှလုံးသားလေးပြင်ဆင်ကြ

ခဏလေးတော့ သားသမီးတို လိမ္မာလိုက်ကြ

ခဏလေးတော့ ကျေးဇူးတင်လိုက်ကြ

တကယ်ကို ခဏ

ခဏ. . . 

ခဏ. . . လေးပါမေမေ. . .

ဓမ္မတေးတစ်ပုဒ်ရဲ့အဆုံးမှာ

မေမေများက လှိက်လှိက်လှဲလှဲ

(ရင်ထဲက) ကောင်းချီးပေးတော့

"အာမင်"ထူးသံက မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ရယ်. . .

လုပ်နေကျပုံစံလေး ဖြစ်ပေမယ့်

တစ်နှစ်မှာ ဒီတစ်ရက်တော့ . . .

မေမေပျော်လိမ့်မယ်ထင်

တစ်နှစ်မှာ ဒီတစ်ကြိမ်တော့ . . .

မေမေကျေနပ်လိမ့်မယ်ထင်

တစ်နှစ်မှာ ဒီနာရီပိုင်းတော့. . . 

မေမေ ပီတိအပြုံးလေးနဲ့ ခဏလေးတော့ 

အမောပြေလိမ့်မယ်ထင်

ဒီတဒင်္ဂလေးကို ရင်မှာသိမ်းလို့

နောက်တစ်နှစ်ပတ်လုံး

သားသမီးများနေ့အဖြစ်သို့ကျေနပ်စွာ

မေမေအသွင်ပြောင်းပေတော့မည်

မေမေ

"မေမေများနေ့ မိခင်များနေ့" ကိုလည်းလေ

ခဏလေးဖြစ်ဖြစ်

နေ့တိုင်းလုပ်ပေးနိုင်တဲ့သူဖြစ်ချင်မိတယ် ။. . .။


လိုင်ဂျီယာ