အမေ


ပဋိသန္ဓေ စွဲစကတည်းက
အမေ စပင်ပန်းရတယ်
မူးမော် အော့အန် အစားပျက် အအိပ်ပျက်
အဆင်မပြေမှုတွေ တပိုက်တပွေ့နဲ့
ကိုးလလွယ်ပြီး ဆယ်လမြောက်မှာ
အသက်ထွက်မတတ် အော်ဟစ်ညစ်ရင်း
ရတနာသားသမီး ဒုက္ခအိုးကို လောကထဲအရောက်
အသက်နဲ့လောင်းပြီး သူအရောက်ပို့တယ်။

အမေ 
နွမ်းလျမောပန်း သွေးချွေးကြားက
ငိုသံကြားတော့ သူ ကျေနပ်ပီတိ အပြုံးပန်း
ပါးပြင်ထက်မှာ ပန်ဆင်လိုက်တယ်။

ငါ့ သွေး ငါ့သား ငါ့ ဘဝ ငါ့အနာဂတ်လို့
သူ့ ရင်ဘတ်ထဲ တံဆိပ်ခတ်ပြီ၊
ဖွားစကပေး ဆင်းရဲရခြင်းနဲ့ 
အရွယ်ဝင်တဲ့ထိ ရင်ဆိုင်ကျော်ဖြတ် ပေးဆပ်ရမယ့်
လောကဓံကို၊ အချစ်တခုတည်းနဲ့ 
သူခါးစည်းခံ ဖြတ်သန်းလိုက်ဖို့
မလဲခိုင်မာ သန္နိဋ္ဌာန်ကို သူ ချမှတ်လိုက်တဲ့ ခဏ၊
အမေ ငါ ဆောင်လောင်ချိန်တိုင်း 
သူ ရှိတာနဲ့ ဝမ်းပြည့်စေတယ်။

အမေ ငါ နာဖျားချိန်မှာ 
သူသာ ဝေဒနာတွေ ယူလိုက်ချင်သူ၊
အမေ ငါ ဝမ်းနည်းငိုကြွေးပြန်တော့
သူသာ ရင်ကွဲအသေခံပေးမယ်တဲ့၊
အမေ ငါ ပျက်စီးမိုက်မှားချိန်မှာ
မဆုံးတဲ့ အချစ်နဲ့ချစ်မြဲ ချစ်သူ၊
အမေ ငါ စိတ်ဓါတ်တွေကျ နွမ်းလျချိန်ကြ
မေတ္တာနဲ့ပိုက်ထွေး ရုန်းထစေသူ၊
အမေ ငါ သူ့ကို စွန့်ထားမိလည်း
အဝေးက အချစ်တွေ မပြတ် စီးဆင်းပေးသူ၊
အမေ ငါ စင်ပေါ်ရောက်လို့ ကောင်းစားချိန်ခဏ
ဂုဏ်ယူမဆုံး ဝါကြွားမကုန် အဲဒါ ငါ့သား ငါ့သမီးပေါ့တဲ့။

အမေ သူ့ဘဝ သူမေ့၊ သူ့ သားသမီးအတွက်
ဘဝတစ်ခုလုံးကို ပေးဆပ်ထားတာ အမေရယ်ပါ။

အမေ သိပ်ချစ်တယ်နော် ကျေးဇူးတင်လို့
အမေ့ကျေးဇူး နို့တလုံးဖိုး မကျေချင်နေ၊
တကြိမ်တခါတော့ အမေပျော်လို့ ဂုဏ်ယူရအောင် 
ကျေးဆပ်ပါရစေ ချစ်သော မာသာ မိခင်ရယ်။

TMJZ
အမေများအားလုံးကို ဂုဏ်ပြုလျက်