“မင်းဆိုးလို့ဝရင် မင်းမိုက်လို့ဝရင်
ဘုရားကျောင်းထဲ မင်းလည်းလိုက်လာနော်
သိုးမည်းဟောင်းကြီးတွေ
ပြေးထွက်လာပြီး မင်းကို ကြိုနေမယ်”
ဘာတဲ့ ဟက်! ရယ်ရတယ်။ ဘုရားသခင်... ကျုပ်ဆိုးလို့ဝပြီလေ။
မိုက်လို့လည်းဝပြီ။ ဘုရားကျောင်း သွားရင် အဲဒီသီချင်းထဲကလို ပြေးကြိုတဲ့သူက ဘယ်မှာလဲ။ ဘုရားက
မပြင်ဆင်ထားသေးဘူးလား။ ကျုပ် နောင်တရနေပြီလေ။ ဘယ်မှာလဲ ခွင့်လွှတ်ပြီး လမ်းမှန်တည့်ပေးမယ့်သူ။ ဘုရားသခင်
မပြင်ဆင်ပေး သေးသရွေ့ ကျုပ်မပြောင်းလဲပေးနိုင်ဘူးပဲ။ ဟော …
ပြောရင်းဆိုရင်း ကျုပ်ကို နှာခေါင်းရှုံ့ပြီး အထင်သေးတဲ့ မျက်လုံးတွေနဲ့
ကြည့်သွားကြပြန်ပြီ။ ကိုယ်တော် ရယ်စရာပြောပြမယ်။ ကျနော့်ကို အဲဒီလို ကြည့်သွားကြတဲ့ သူတွေကလေ
ခရစ်ယာန်တွေသိလား။ ပြီးတော့ သူတို့က အသင်းတော်မှာဆိုရင် ပလ္လင်ပေါ်တက်ပြီး ဘုရားရဲ့ ချစ်ခြင်းတွေကို အာပေါင် အာရင်းနဲ့
ပြောတဲ့သူတွေ။ ဟက်! ဟုတ်တယ်
ကိုယ်တော်ရေ။ ဘုရားကျောင်း တက်ရင် အပြုံးတွေလှသလောက်
သိပ်ကြောက်ဖို့ကောင်းတဲ့သူတွေ။ ကိုယ်တော်သိမလားတော့ မသိပေမယ့် ဘုရားကျောင်းတက်ဖို့ အဝတ်အစား ပုံစံ သတ်မှတ်ထားတဲ့သူတွေ ရယ်ရတယ်မို့လား။
အလှူငွေတွေ အလွဲသုံးစားလုပ်ပြီး နေရာလုနေတဲ့သူတွေက ကျုပ်ကိုများ
ကိုယ်တော့်အချစ်နဲ့ မတန်ဘူးလေးဘာလေးနဲ့ ကိုယ်တော်သိပြီးသားဖြစ်မှာပါ။
ကိုယ်တော့်ကိုပြောရင်း ဒူးတွေချောင်ပြီး ခေါင်းတွေလည်း
ချာချာလည်နေပြီ။ နေပါဦး။
ဒီနား ဓာတ်တိုင်ကမီးက ဘာလို့ မှိတ်တုံ့မှိတ်တုံ့ဖြစ်နေတာလဲ။ ဘာလဲ ဒီနားမှာ အိပ်စေချင်တာလား
ကိုယ်တော်။ ရတယ်လေ။ ဓာတ်တိုင်ခြေရင်း
ပစ်လှဲချရင်း ကိုယ့်အဖြစ်ကို သဘောကျမိသည်။ ဘဝက အရက်သမား ဖြစ်နေတာတောင်
ဘုရားသခင်ပါတော့ အိပ်မယ့်နေရာတောင် ရှာစရာမလိုဘူး
အဆင့်သင့်ပဲ။ ဟားဟား။
ကိုယ်တော့်ကိုပြောဖူးတဲ့ ဘုရားကျောင်းထဲက လူတချို့ကိုကြည့်လိုက်
ကိုယ်တော်နဲ့အတူ အသက်ရှင်ပါတယ် ပြောပြီး ကျုပ်လိုလည်း မအေးဆေးကြပါလား။ လက်ညှိုးထိုးမလွဲ ခရစ်ယာန်အိမ်တွေ ပေါသလောက် ပေးကမ်းခြင်းမရှိတော့
ကျုပ်သူတောင်းစားလုပ်စားရင် ငတ်သေမှာသိလား ကိုယ်တော်။ မနက်ကတည်းက
ဘာမှမစားရသေးတဲ့ကျုပ်ကို ဘုရားမသိတဲ့
အရက်ဆိုင်အိမ်က အမြည်းအလကားချပေးလို့ ဝအောင်စားခဲ့တယ် ကိုယ်တော်။ ကိုယ်တော်ပြင်ဆင်ပေးထားမှန်းသိလို့ ဆုတောင်းကောင်းချီးပေးပြီး စားခဲ့တယ်။
ဒီနေ့အတွက် ကျေးဇူးတော်တွေလောက်ပြီမို့ ကျေးဇူးတင်တယ်ဗျာ။
“မင်းဆိုးလို့ ဝရင် မင်းမိုက်လို့ဝရင်
ဘုရားကျောင်းထဲ မင်းလည်းလိုက်လာနော်
သိုးမည်းဟောင်းကြီးတွေ
ပြေးထွက်လာပြီး မင်းကို ကြိုနေမယ်”
လမ်းမထက် ဆိုးပေနေတဲ့ ဘဝဆိုပေမယ့် သခင့်အချစ်နဲ့
ထိုက်တန်တဲ့သူပါ။ ဖေးကူမယ့်လက်ကို အမှီ ပြုပြီး လဲနေရာက ပြန်ထချင်မိသူပါ။ ဘုရားကျောင်းထဲကနေ
သိုးမည်းလေးတွေ လှမ်းလာတာကို အပြုံးလေးနဲ့ ပြေးကြိုချင်မိတယ်လေ... ။ ကျုပ်လည်း
သိုးမည်းဟောင်းကြီးဖြစ်ချင်တယ် ကိုယ်တော်... ။
L.R.ထား