မနက် နေ့လယ် ည
သုံးကာလပေါင်းရင်
လုံးချာလည်ဘဝကိုရမယ်
အိပ် စား ကာမ ဒီသုံးဝရဲ့အချုပ်
ဘဝဆိုတဲ့ဇာတ်ထုပ်မှာ
ကိုယ်ရတဲ့ဇာတ်ရုပ်ကို ကိုယ်သရုပ်ဆောင်ရင်း
ကုတင်ပေါ်က
လက်ယပ်ခေါ်နေတာတောင်
ခေါင်းခါငြင်းဆန်တတ်တဲ့ယောသပ်လိုမျိုး
(မဟုတ်ဘဲ)
အခိုက်အတန့်တခုမှာ
Yes (No) ပြောဖိုချီတုံချတုံဖြစ်နေရင်း
ဟင့်အင်း ဟင့်အင်းဆိုပေမဲ့
ကသိုဏ်းဝန်းထဲ
မခေါ်ဘဲ ဝင်ဝင်လာတတ်တဲ့ အဖော်အချွတ်ကို
စင်္ကြန်လမ်းပေါ်ကနေ ခေါင်းခါငြင်းဆန်ဖို
အားပျော့နေတဲ့အခါ
ဇာတိနဲ့ တဏှာ
ပူးတွဲကခုန်တဲ့ပွဲမှာ
စင်တင်ဂီတ ဝိုင်းစရာအလိုကျ
ကဆုန်ပေါက် ယိမ်းထိုးနေရင်းက
ပြန်သုံးသပ်မိတော့
ငါက ယောသပ်လား
ငါကဒါဝိဒ်လား
ငါကပြောမကုန်တဲ့
ရှောလမုန်လားပေါ့လေ
ဘဝမှာ တခါခါ
ကိုယ်ရဲ့ဖြစ်တည်ခြင်းကိုတောင်
သတိမူဖိုအတွက်
ပေါ့ဆမိသွားတဲ့အချိန်တွေ
အမှန်ရှိခဲ့ဖူးပါတယ်လေ။
ထီးခူ