ထိုသောကြာ


ကန္တာနွေနေ မည်မျှပင်ပူပါ‌စေ၊ 
သခင့်ရင်တွင်းက အပူနှင့်
အံတုယှဥ် မပြိုင်နိုင်‌ပေ ။

လှမ်းခဲ့ပြီ ခြေလှမ်းအစုံမှာ
ထမ်းရွက်ခဲ့ ကားတိုင်ရယ်နှင့်
ဒဏ်ချက်ရာ ရှေ့မဆက်သာပြီ
နာကျင်မှုက အသည်းနှလုံးပင် 
ကြွေလုကြွေခင်........
ကြိမ်းမောင်းကာ ကြာပွတ်ရိုက်သံ
နီစွေးသွေးစက် လိမ်းကျံလျက်နှင့်
ရုန်းကာပြန်ထ ဒါ အစပေမို့
ခရီးဆုံးတိုင် လျှောက်ရ‌ပေလိမ့်။

ချစ်ခြင်းရယ် ကြီးမားလွန်းပေသမို့
လူအသားအတွက် နင်းဖြတ်ခဲ့ပြီ
ဦးခေါင်းခွံ ထိုအရပ်ဆီ။

ပြစ်ဆိုစရာ မြူတမှုန်စာ 
သူ့မှတ်တမ်းမှာ ရှာမတွေ့နိုင်လည်း 
မထိုက်ပြစ်ဒဏ် ကျေနပ်စွာခံယူခဲ့ပြန်။

ရာဇဝတ်သင့် အပြစ်သားသွင်
တန်းတူယှဉ် ကားတိုင်မှာမြှောက်လို့ရယ် 
ခေါင်းတော်ထက် ဆူးရစ်ပတ်နွယ်
သရဖူ သဖွယ် တင်ရက်ကြလေတယ်။

သံမှိရိုက်စွဲ၊ လက်ခြေများထဲ
ဝေဒနာကို စာဖွဲလိုမမီနိုင်လည်း
သူချစ်တဲ့လူသားအတွက် 
သူ့ခမျာ မရှောင်လွှဲရက်နိုင်ခဲ့။

သေခြင်းရဲ့ကြိုးတို့က ဘယ်သိုပင်
 ကာဆီးဝိုင်းထားလည်း
ချစ်တတ်တဲ့ သူ့အသည်းစိုင်ကို 
မည်သို့မျှ မယိမ်းယိုင်စေခဲ့။

နံငယ်ကာထား ရှက်ရွံငြားလည်း
အသက်တမျှချစ်တဲ့
ကျွန်ုပ်နဲ့သင့်အတွက် အရာရာမှာ 
သူအရှုံးခံခဲ့။

အပြစ်တကာ သူ့အပေါ်တင်ကြပြီမို့
 မြတ်နိုးရာ ချစ်သောအဖ 
သူ့ကိုပင် မျက်နှာလွှဲပြီ
ကောင်းကင်ဝယ် မှောင်ရိပ်တွေချီ။

သူ..မသောက်လည်းဖြစ်တဲ့ဒီခွက်၊
ချစ်ရသူ လူသားအတွက်ပေမို
 ဟင့်အင်းလို သူ....မငြင်းရက်နိုင်ခဲ့။

ချစ်ခြင်းကို သက်သေတည်ဖို့
မရဏသေခြင်းချိုင့်ဝှမ်းကိုပင် 
ရဲရဲဝံ့ သူ..ဖြတ်သန်းခဲ့ပြီ။

လူသားတို့သမိုင်းမှာ
ထိုသောကြာ......
ပြက္ခဒိန်၌သာ မကျန်ရစ်ခဲ့ပါက
ရှင်သန်နေရ ဤဘဝဟာ 
ထာဝရကာလ ဝမ်းနည်းခြင်းအတိ
ဖြစ်လိမ့်မည်သာ မလွဲပါ။

အို.......
အချစ်အတွက် အသက်နှင့်ဖလှယ်ခဲ့
အသွေးသွန်းပြီး အချစ်ကိုရွေးခဲ့
အဖိုးမဖြတ်နိုင်တဲ့ ထိုသောကြာ.......
မည်သိုနှင့်မျှ 
မမေ့သင့်ရာ........
ချစ်ဖွယ့် ထိုသောကြာ.........

Acacia