နှုတ်ကပတ်တော်ဓား

မတရားမှုတွေ ထူပြောတဲ့လောကမှာ
တရားတွေဘယ်လိုဆက်ဟောရပါ့မယ်။

နှုတ်ကပတ်တော်ဟာ နှစ်ဘက်သွားဓားပါတဲ့ စိတ်ဝိညာဉ်တွေကို
ထုတ်ချင်းခွင်းဖို့ ထိုးသွင်းလိုက်ရမယ်မဟုတ်လား။

မလိမ္မာသောသူကို လိမ္မာလာစေဖို့
အပြစ်တွေ ဖော်ပြ၊ ဆုံးမလိုက်ရမယ် မဟုတ်ဘူးလား။
အနာတွေလည်းပျောက်ကြစေ။ ချမ်းသာခြင်းသို့ ရောက်ပါစေ။

ငြိမ်းချမ်းခြင်းတွေ၊
တလုံးတဝတည်းဖြစ်ရေးတွေ၊
ဝိညာဉ်ထာဝရ ရှင်သန်ရာ ကောင်းကင်ရောက်ကြောင်းတရားတွေ၊
သူလည်း ဟောတယ်။
ငါလည်းဟောတယ်။
တရားတွေ ဟောရင်း ကျေနပ်တယ်။
တရားတွေနာရင်း အားရတယ်။
ပိုမိုဖျားနာလာနေတဲ့ တရားမဲ့ဝါဒီတွေရဲ့ အနှိပ်စက်ခံ လောကကြီးက 
ငါတိုနဲ့ မဆိုင်လေရော့သလား။

နှုတ်ကပတ်တော်ဟာ သံလျက်ဓား။
နှစ်ဘက် သွားနဲ့ ထက်မြလှတယ်ဆိုရင် ...
ဗတ္တိဇံဆရာယောဟန်လို တည့်တည့်ထိုးသွင်းလိုက်စမ်းပါ။
ယေရှုခရစ်တော်ရဲ့ဒေသနာလို ပြတ်သားစွာ ခုတ်ပိုင်းလိုက်စမ်းပါ။ 
တချို့နေရာတွေမှာ နှုတ်ကပတ်တော်တရားဟာ အလှူခံဖလား ဖြစ်သွားလေရော့သလား။

အဓမ္မလူတွေ ကြီးစိုးရာလောကမှာ
ပြေလည်ရာပြေလည်ကြောင်း၊ ကြားနေဝါဒတွေနဲ့ ငြိမ်းချမ်းရေးပွဲစားလိုလို ဘာလိုလို ...
ဒါကို ဧဝံဂေလိတရားလို့ခေါ်သလား။

ဧဝံဂေလိဆိုတဲ့ သတင်းကောင်းတရား၊ ယေရှုဘုရားဟောခဲ့တယ်။
တမန်တော်များ ဟောခဲ့တယ်။
ကယ်တင်ခြင်းရဖို့ ဘုရားနှုတ်ကပတ်တော်က 
နိဒါန်းရော နိဂုံးမှာပါ ရှင်းလင်းစွာ ပြောခဲ့လေရဲ့၊ 
နောင်တရကြလော့တဲ့။

ကဲ... ထတော့ သူငယ်ချင်း
မင်းလည်း ဟော၊ ငါလည်းဟော၊ အတူတူ ဟောလိုက်ကြစို့။
လူတိုင်းရဲ့မျက်နှာကို စေ့စေ့ကြည့်၊ ဘာတွေမှားနေလဲ ရဲရဲပြော
နှုတ်ကပတ်တော်ဟာ နှစ်ဘက်သွားဓားတဲ့ ....

မင်းလည်း နောင်တရ။
ငါလည်း နောင်တရ။
အဓမ္မလူတွေကိုလည်း ဟောလိုက်ကြရအောင်။
နောင်တရကြလော့။ ကောင်းကင်နိုင်ငံတည်လုနီးပြီ။

ဗထူးလွင်