နိုးတဝက် ၆နာရီ
ဖုန်းလေးကို စမ်းနေမိ
အမိန့်တွေမထုတ်ပြန်လည်း
လက်အစုံက
အလိုလို ရွေ့လျားသွားမြဲ။
မနက်က ၇နာရီ၊
ဘယ်မလဲ ငါ့ကော်ဖီ။
နှိးစက်ပင် မတပ်ထားလည်း
အသွေးအသားက နှိးဆော်ဆဲ။
စံတော်ချိန် တစ်ချက်တီး
လက်ကြားမှာ စီးကရက်မီး
ဖွာရှိက်ခါ ဝင်သက်တစ်ချက်မှာ
သောကတွေများ
မှုတ်ထုတ်မိလေသလား။
အယ်လ်ဘမ်တစ်ချပ်
ဂဏန်း၅လုံးနား ကပ်နေလည်း
တနပ်စာ ဗိုက်မှောက်သာခံမယ်
အပြုံးတော့ မပျက်ပါပဲ။
နေညိုညို လေပြိုချင်လို
ဦးတည်ခဲ့ ဘုံဆိုင်ဆီ
အချိန်ဇယားမှာ သူ့နေရာ
မပါဝင်ခဲ့လည်း
မပျက်ရိုးထုံးစံပေပဲ။
လက်နှစ်ဖက် ဂိမ်းနှိပ်လို
မရပ်နိုင်ခဲ့
စည်းချက်က မြန်နေပြီ
ကြည့်လိုက်တော့ ၃ နာရီ။
စွဲလန်းခြင်း နှောင်ကြိုးတွေကြား၊
သံပတ်ရုပ်ကလေး ပမာ
ဆက်သွားဖို စနစ်တစ်ခုက
အသံတိတ်မောင်းနှင်နေကျ။
ကဲ အခုတော့...
တက်ပါပြီတဲ့ ပြဿနာ
ဖက်တွယ်စရာ
ဘုရားမှတပါးအခြားမရှိ
ဒီတော့မှ သတိထားကြည့်။
ခပ်ခွာခွာ အနေကြာမိတဲ့
အဖေ့လက်ဆောင်
ကျမ်းစာအုပ်ငယ်လေးက၊
ချောင်တစ်ခုမှာ
ကိုပင့်ကူ ကွန်ယက်တွေဖြန့်ကျက်လို ...။
ဪ တကယ်တော့
ငါ့ဘဝကို
အုပ်မိုးမောင်းနှင်စေခဲ့မိတဲ့
အချိန်မှန် စွဲလန်းခြင်းတွေဟာ
နေရာတွေလွဲနေခဲ့ပါလား ...။
Acacia
#စာပေမျိုးစေ့အတွက် ချီးမြှင့်ခြင်း #Website