COVID သင်္ခန်းစာ

 

COVIDသင်္ခန်းစာ(၁)

O2 ဘယ်လောက်ရှူရှူ

ဆေးဘယ်လောက်တိုက်တိုက်

ဆေးဘယ်နလုံးပဲထိုးထိုး

ကိုယ်တိုင်ဘာမှမစားမသောက်ဘဲ

အသက်ရှူလေ့ကျင့်ခန်းမလုပ်ရင်တော့

အသက်ရှင်မှာ မဟုတ်သလို...


နှုတ်ကပတ်တော် ဘယ်ဆရာဟောဟော

တရားစကားဘယ်လောက်ကြားကြား

ဘယ်သူကဘယ်လို သက်သေခံခံ

ကိုယ်တိုင်နှုတ်ကပတ်တော် မဖတ်မလေ့လာ 

ကိုယ်တိုင်က မစားသရွေ့

အသက်တာမှာ လက်တွေ့ မလုပ်ဆောင်ရင်တော့

ဝိညာဥ်အသက်ရှင်မှာမဟုတ်ဘူး...

အဲဒါ COVIDသင်္ခန်းစာ(၁)


COVIDသင်္ခန်းစာ(၂)

ချမ်းသာတယ်..ဘဝမှာ ပြည့်စုံတယ်

ငွေရှိရင် ဖြစ်တယ်...

ငွေနဲ့ဘာမဆို ဝယ်လို့ရတယ်

ငွေကအရေးကြီးတယ်

ငွေမရှိရင် အသက်ရှင်ဖို့မလွယ်

ထင်ရင်တော့မှားမယ်နော်...

ငွေရှိတိုင်းလည်း အသက်မရှင်နိုင်တာ သိပြီမလား...


အသက်ရှင်ခြင်းထဲမှာ

ရှင်သန်တုန်းခဏအချိန် 

ဘာတွေပြင်ထားပြီးပြီလဲ

တမလွန်မှာ မပါနိုင်တာနဲ့

ပါလာမယ့်အရာ ကွဲကွဲပြားပြားသိရင်

ဆင်ခြင်လိုက်ပါ...

ငါသေရင် ဘာတွေပါလာမှာလဲ...

အဲဒါ COVIDသင်္ခန်းစာပဲ.,..


COVIDသင်္ခန်းစာ(၃)

မိဘကို ကျွေးဖို့ဆို ဝေးလို့မလာဖြစ်ဘူး....

မအားလို့ မလာဖြစ်ဘူး.... 

ကိစ္စတွေက သိပ်များနေလို့

အချိန်ပေးလို့မရဘူး...

ခါးခါးတူးတူးနဲ့ မကြည့်ဘဲပစ်ထားပြီး 

လောကကြီးထဲမှာ ရုန်းကန်နေလို့ 

အမေ့လျော့ခံ ထိုသူနှစ်ဦးအတွက်(မိဘ)

ရောဂါကူးမှာ စိုးသတဲ့လား...

မွေးစကတည်းက ချီးကအစ သေးအဆုံး 

အကုန်လုံးလုပ်ပေးခဲ့တဲ့သူကို

လက်လွှတ်လိုက်ရတော့မှ

နောင်တတွေရနေပြီမလား...

​တချိန်မှာကိုယ်တိုင်လည်း

လောကထဲကထွက်သွားတဲ့အခါ

အမေ့လျော့ခံတယောက်လို

ဘယ်သူမှအနားမှာရှိမှာ မဟုတ်လို့

ဝမ်းနည်းလို့ မဆုံးဘူးမပြောပါနဲ့

အဲ့ဒါလည်း COVIDသင်္ခန်းစာပဲ


COVIDသင်္ခန်းစာ(၄)

O2 လား...သူများလို မခက်ခဲဖူး

အလျှံပယ်ရှိတယ်...

ငွေကြေးလား လိုလေသေးမရှိ

အပြည့်ရှိတယ်....

စားစရာလား...စားချင်တာပြော

အကုန်ရှိတယ်....

ဆေးလိုသလား... လိုတဲ့ဆေးကိုပြော

ဝယ်နိုင်တယ်...

အရွယ်လည်းကောင်းတယ်...

ပျော်စရာအကြောင်းတွေ ရှိသေးတာ

ဘာမဆီညာမဆိုင်... သေရမှာလား

ဒါပေမဲ့ သေသွားတယ်...

ဘာဖြစ်လို့လဲ...?

အသက်ကဝယ်လို့မရဘူး...

ပြည့်စုံ လုံလောက်နေလည်း သေမှာပဲ

ခဏတာ လူ့ဘဝကိုရတာ

အတ္တတွေနဲ့ ပျံ့လွင့်နေဖို့မှမဟုတ်တာ

ရုတ်တရက်ရောက်လာတဲ့ သေခြင်းက

ငွေခင်းပေးလည်း ကျော်မသွားခဲ့ဘူး


COVIDသင်္ခန်းစာ(၅)

မြို့မှာ ရောဂါတွေများတယ်

တောမှာနေမယ်...ထွက်ပြေးတယ်

တောရောက်တော့မှဖျားတယ်

အသက်ရှုလို့အဆင်မပြေဘူး...

ဆေးဝါးကခက်... ပြဿနာတက်ပြီ

အသက်ရှုဖို့တွက်... မြို့ပေါ်ပြန်တက်..

ရောက်ယက်ခတ်နဲ့ တက်လိုက်ဆင်းလိုက်

ခက်လိုက်ပါဘိ... 

ကျွန်ခံရာအီဂျစ်မှာ...

လုံခြုံရာကဂေါရှင်အရပ်

အပြင်ထွက်တဲ့သူသာ

စီရင်ခြင်းထဲမှာပါသွားတာကို

အပြစ်မဆိုပါနဲ့...

ထားတဲ့နေရာ..ဂေါရှင်ကသာလုံခြုံတာမို့

ဟိုပြေးဒီပြေးလွတ်ရေးမမြင် ဖြစ်နေရင်

သခင်ရှိတဲ့ဂေါရှင်မှာ ငြိမ်ငြိမ်နေလိုက်ပါ


COVIDသင်္ခန်းစာ(၆)

သေမယ့်သူချင်းအတူတူပဲ

ဘာများကွာသွားလို့လဲ...

စောစောသေတယ်..

နောက်ကျသေမယ်...

လူတွေရဲ့အချိန်ဆိုတာ

ခဏလေးပါပဲ...

သေခြင်းထဲနောက် ပန်းတိုင်

ဘယ်သူကိုင်ထားသလဲ...

သေမှာပဲကြောက်တာ လူ့သဘာဝမို့ 

ပြင်ဆင်ပါလို့ ပြောချိန်မရဘဲ 

ထွက်ခွာသွားဆဲ လူအုပ်ကြီးထဲမှာ

မိတ်ဆွေတွေလည်းပါသွားလို့နှမြောမိပါရဲ့

မပြောဖြစ်တဲ့စကားတွေကို

နောက်ဆို ဘယ်တော့မှ 

သိမ်းမထားပါနဲ့...

ပြောခဲ့လိုက်ပါ မိတ်ဆွေ

သင်သေရင်ဘယ်သွားလဲ...?ကစလို့ 

ဧဝံဂေလိစကားမို့ ပြောဖြစ်ဖို့လိုတယ်...

နောက်ကျခဲ့မယ်ဆိုရင်လေ

သခင်စေခိုင်းရာမလုပ်ခဲ့ခြင်းက​ 

ပြန်တောင်း​ခံရလိမ့်မယ်...

နောက်မကျပါစေနဲ့....


COVIDသင်္ခန်းစာ(၇)

ရုတ်ရုတ်သဲသဲ လူတွေလည်း

တဖွဲဖွဲနဲ့မစဲ ရောက်ခဲ့ကြတယ်

ဘယ်သူရယ်ဘယ်ဝါရယ် 

ကင်းပွန်းမတတ်နိုင်ပဲ 

မီးပုံကြီးထဲ တိုးဝှေ့ထိုးဆင်းရင်း

မီးပြင်းပြင်းမှာ ပြာပုံဘဝရောက်ခဲ့ရှာပြီ

နောက်ဆုံးအမှတ်တရ...

ပြာကောက်ကျတဲ့သူရယ် 

အုတ်ဂူတွေရဲ့အလယ်မှာ 

ပန်းစီးလေးကိုင်ကာ 

မျှော်နေရှာတဲ့သူတယောက် 

ဘယ်ရောက်မှန်းမသိတဲ့သူအတွက် 

မျက်ရည်စက်တွေနဲ့ 

နောက်ဆုံးနှုတ်ဆက်ရင်း 

တမ်းတခြင်းကို အဆုံးသတ်ကာ

လက်ပြခဲ့ပြီ...


Stallone (ဖျာပုံ)

#စာပေမျိုးစေ့အတွက် ချီးမြှင့်ခြင်း #Website

#DS Telegram #Malak Telegram