ရှင်ပေါလုနဲ့သိလတို့ ဆုတောင်းတဲ့အခါ၊ ချီးမွမ်းတဲ့အခါမှာ ထောင်တံခါးတွေ ပွင့်တယ်။
ဒါကြောင့်လည်း ယုံကြည်သူတွေက ငါတို့လည်းရှင်ပေါလုနဲ့ သိလလိုမျိုး ဆုတောင်းကြ၊ ချီးမွမ်းကြမယ်။
သင်တို့လည်း ဆုတောင်းကြ၊ ချီးမွမ်းကြပါလို့ ဆိုနေကြနေသလားပဲ။
ရှင်ပေါလုနဲ့သိလက ထောင်တံခါးတွေပွင့်အောင် ဆုတောင်းတာ ချီးမွမ်းတာ လုပ်တာမဟုတ်ဘူး။
ဒါဆို ဘာကြောင့် ဆုတောင်းတာလဲ၊ ဘာကြောင့် ချီးမွမ်းရတာလဲ။
ယုံကြည်သူဖြစ်လို့ တစုံတခုသောအကျိုးကို မျှော်ကိုးပြီး ဆုတောင်းချီးမွမ်းတာလား။
ကျားလိုက်... ဒုတ်... ခုတ်။
ကလေးကျမှ လှေကားထောင်ဆိုသလိုဖြစ်နေပြီ။
ဆုတောင်းတာ ချီးမွမ်းတာကို အပြစ်လို့ မဆိုလိုပါဘူး။
ယုံကြည်သူအချို့က အခက်အခဲမရှိ အဆင်ပြေနေချိန်မှာ အဆင်ပြေသလို ဘာသိဘာသာ နေတတ်ကြတယ်။
ဒါပေမဲ့ အခက်အခဲ၊ ဆင်းရဲဒုက္ခတွေ ကြုံတွေ့လာရင်တော့ ဆုတောင်းကြ၊ ချီးမွမ်းကြနဲ့။
ကိုယ်တိုင်လည်း ကျင့်သုံးကြ၊ သူတပါးကိုလည်း တိုက်တွန်းတတ်ကြတယ်။
လူတွေကတော့ သင်လုပ်နေလဲ ဆိုတာကိုပဲ စိတ်ဝင်စားတယ်၊၊
ဘာကြောင့် လုပ်တယ်ဆိုတာကို စိတ်မဝင်စားဘူး၊၊
သင် ဘာလုပ်နေတယ် ဆိုတာထက် သင်ဘာကြောင့် လုပ်နေတယ်ဆိုတာကို ဘုရားက စိတ်ဝင်စားတယ်။
သန်းခေါင်အချိန်၌ ပေါလုနှင့် သိလတို့သည် ပတ္ထနာပြု၍ ဘုရားသခင်ကိုချီးမွမ်းလျက် သီချင်းဆိုလေ၏။ ထောင်ထဲမှာ နှောင်ဖွဲ့ခြင်းကိုခံရသော သူတို့သည် နားထောင်ကြ၏။ [တမန်တော်ဝတ္ထု ၁၆:၂၅]
နေတစ်စင်း(အင်းရဲကျွန်း)