ဒီဝိညာဥ်ကို ပိုင်ဆိုင်ခွင့်မရမှန်း သိသိကြီးနဲ့
အတင်းဆုပ်ကိုင်ထားချင်တယ်
ကမ္ဘာမြေရဲ့ တနေရာရာမှာ ပေးထွက် မသွားချင်ဘူး ..။
မိုက်ကယ်ဂျက်ဆင်လို
အသက် အရှည်ဆုံးလူသားတယောက်အဖြစ်
မှတ်တမ်းတင်ချင်နေတာလေ ။
ဒီအတ္တတွေကြောင့်
ဒီခန္ဓာက တခုပြီးတခု စွန့်လွှတ်ရတာ
လျှာဖျားမှ နှုတ်ဖျားအထိ
ခေါင်းစဥ်တပ်မရတဲ့ ခံစားချက်တွေ
မောဟတွေကြီးပဲ ထွက်ကျလာတဲ့ လေသံတွေ
အဆင်မပြေရင် ဆဲသေးတယ်။
ဒီဝိညာဥ်ကို
ကောင်းကင်ဘုံလည်း ရောက်ခိုင်းစေချင်သေးတယ်
နောက်ပြန်ဆွဲချနေရတာလည်း နေ့တိုင်း
စျေးအကြီးဆုံး အသက်ကယ်ဆေးကိုမှ
ဝယ်သောက်နေကြတာလေ။
မပျော်ရွှင်တော့ရင်
ရွတ်ဖတ်မိတဲ့ ကျမ်းစာတွေ ရွတ်တာများလာတော့
ကျမ်းအနက်ကို မေ့ချင်ဟန်ဆောင်တက်လာတယ်။
ပြောရရင် ကိုယ်မြင်တာ ကိုယ်ပြောစနစ်။
ခရစ်တော်ကို လှည့်မကြည့်ဘဲ
ဝိညာဥ်တော်ထိတွေ့ လို့တဲ့ ...
ဒီခန္ဓာက မပုပ်တပုပ်ကောင်ပါ
(အသက်ရှုနေသေးလို့)
ဒီဝိညာဥ်ကိုပဲ စိတ်ပူစမ်းပါ
"သင်တို့မထင်မှတ်သောအချိန်နာရီ၌
ထိုလူသားသည် ကြွလာလိမ့်မည်" တဲ့။
ဒီဝိညာဥ်ကိုပဲ အစာကျွေးပါ ...
ဒီဝိညာဥ်ကိုပဲ သနားကြင်နာပါ ...
ကမ္ဘာမြေရဲ့ တနေရာရာမှာ လုံခြုံဖို့အတွက်
ဒီဝိညာဥ်အတွက် ကောင်းမှုပြုပါ ..။
လောင်ပါး