မင်္ဂလာဆုကျူး

 
ကျွန်တော်ဖြတ်သန်းကြီးပြင်းခဲ့သော အသက်တာ အတွင်းပိုင်းတွင် ဘုရားသခင်၏ ဆုကျေးဇူးတော်နှင့် နှစ်သိမ့်ပေးမှုများသည် အခက်အခဲအားလုံးကို ကျော်လွှားဖြတ်သန်းနိုင်ခဲ့သော အဓိကတွန်းအားတရပ်ဖြစ်စေခဲ့သည်။ ပျော်ရွှင်ချိန်ရှိ၏။ ဝမ်းနည်းခြင်းတွေရှိ၏။ မတူညီသော အခြေအနေအရပ်ရပ်မှာပင်လျှင် ဘုရားသခင်၏ နှုတ်ထွက်စကားတော်များထဲက ဖော်ပြခဲ့သည့် သမ္မာကျမ်းစာနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ချီးမွမ်းသည့် ဓမ္မတေးများသည် ကျွန်တော်၏ ဖြတ်သန်းကြီးပြင်းခဲ့ရသည့် ဘဝအငန်းအတာတွင် ငြိမ်သက်ခြင်းနဲ့ မှန်ကန်စွာ ကြီးပြင်းခြင်းတို့အတွက် များစွာအထောက်အကူပြု လမ်းပြခဲ့ပေရာ ထိုအရာများထဲက အကြောင်းအရာများကို ထုတ်နှုတ် ဖော်ပြသွားပါမည် ။

ဦးစွာပထမ ကျွန်တော့်အား ခွန်အားဖြစ်စေခဲ့သော ဓမ္မတေးများထဲက မင်္ဂလာဆုကျူး (ဓမ္မတေးအမှတ်စဉ် ၄၁)အား ထုတ်နှုတ်ချင်ပါသည်။ မင်္ဂလာဆုကျူးသီချင်းအား ရေးစပ်သီကုံးသူမှာ Robert Robinsonဟု အမည်ရသည့် တရားဟောဆရာတပါး ဖြစ်သည်။ အသက် ၂၂ နှစ်အရွယ် ၁၇၅၇တွင်ရေးစပ်ခဲ့ခြင်းဖြစ်သည်။ သီချင်းမရေးစပ်မီကာလတွင် သူ၏ ဘဝပေးအခြေအနေသည် ကောင်းမွန်အဆင်ပြေစွာ ဖြတ်သန်းရသော သူတဦးမဟုတ်ခဲ့ချေ။ Robert၏ဘဝသည် ငယ်စဉ်ကတည်းက မိဘများ သေဆုံးသွားရသည်မို့ ထိန်းသိမ်းရေးဂေဟာတွင် ကြီးပြင်းခဲ့ရပြီး ငယ်စဉ်ကပင် အလုပ်ကြမ်းပေါင်းများစွာကို လုပ်ခဲ့ရသူဖြစ်သည်။ ဂျစ်ပစီအသိုင်းအဝိုင်းတွင် ကြီးပြင်းခဲ့ရသူ Robertသည် မင်္ဂလာမရှိသော နေ့ရက်များနှင့် အသက်ရှင်နေထိုင်ခဲ့ရသူတဦးလည်းဖြစ်သည်။ အဆိုပါ လူငယ်လေးအား ဘုရားသခင်က မည်သည့်နည်းဖြင့် ဆုကျေးဇူးမင်္ဂလာများဖြင့် ရစ်ပတ်ဖွဲ့နှောင်မည်ကို ဆက်လက်လေ့လာကြည့်ကြစို့။ 

ကျွန်တော်တို့ ကျမ်းစာတခုကို အတူတကွလေ့လာကြည့်ကြရအောင်။ 
"ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလိုငှာ ထွက်သောစမ်းရေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။- ရှင်ယောဟန် ၄:၁၄" (ယေရှူနဲ့တွေ့သော ရှမာရိအမျိူးသမီး ကယ်တင်ခြင်း ရသွားသောကျမ်း)
ဤကျမ်းပိုဒ်သည် ယခုလက်ရှိ Robert၏ ဘဝအား ခရီးကြမ်းအခြေအနေမှ မင်္ဂလာဆုအပေါင်းနဲ့ ပြည့်စုံစေသော လမ်းညွှန်မှုတခုဖြစ်စေခဲ့ပါသည်။ အစကနဦးပိုင်း ငြိမ်သက်ခြင်းမရှိသော Robert၏ အမင်္ဂလာနေ့ရက်များအား ဘုရားသခင်၏ ကယ်တင်ခြင်းမင်္ဂလာနှင့် ချစ်ခြင်းမေတ္တာအား ရရှိခံစားရပြီးချိန်တွင်မတော့ ဘုရားပေးသော သတ္တိခွန်အားဖြင့်​ သူကိုယ်တိုင်က အသက်စမ်းရေထွက်ပေးရသည်အထိ ထူးခြားပြောင်မြောက်သော ဘဝအသက်တာ ဖြစ်သွားရသည်အထိ စီးထွက်သွားရပါသည်။ တနည်းပြောရလျှင် ယခုတိုင်အောင် သီဆိုချီးမွမ်းနေဆဲဖြစ်သော နှစ်ပေါင်း ၃၀၀ကျော်ပြီဖြစ်သော Robertစပ်ဆိုထားသော ဓမ္မတေးတပုဒ် မင်္ဂလာဆုကျူး ဖြစ်ရသည်အထိ ကျေးဇူးတော်ခံစားရသည် မဟုတ်ပါလော။ အကယ်၍ သူသာ ဘုရားသခင်ကို မရခဲ့လျှင်မူ ဘာဖြစ်မည်နည်း ...။ ကျွန်တော်သည်လည်း Robertကဲ့သို့ပင် ငယ်စဉ်က မပြေလည်မှု၊ ဝမ်းနည်းအားငယ်မှုများစွာ ကြုံတွေ့ခဲ့ရသည်။ သို့သော် ကျွန်တော့်အတွက် လဲပြိုခြင်းအမှုမျိုးဖြစ်လောက်အောင် မည်သည့်ပြဿနာကမှ မစွမ်းဆောင်နိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့်အား အမိဝမ်းတွင်းမှပင်လျှင်သိလျက် ချစ်သောဘုရားက ကျွန်တော့်အား နေ့များစွာ၊ ညများစွာ တိုင်အောင် နှစ်သိမ့်ပေးခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ ထိုအရာအတွက်လည်း ဘုရားသခင်၏ ကျေးဇူးတော်အား အစဉ်ချီးမွမ်းအမြဲ ကျေးဇူးတင်လျက်ပင်။ သို့အတွက်ကြောင့်လည်း ကျွန်တော့်အတွက် ခွန်အားဖြစ်စေသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာများထဲက ချီးမွမ်းခြင်း ဓမ္မတေးများစွာထဲကမှ မင်္ဂလာဆုကျူးဓမ္မတေးအား ဖော်ပြလိုက်ရခြင်းဖြစ်သည်။

ကျွန်တော့်အား မင်္ဂလာဆုအပေါင်းနဲ့ ပြည့်စေသူမှာ ဘုရားရှင်သာလျှင်ဖြစ်သည်။ ကျွန်တော်လမ်းလွဲ ဘေးရောက်သည့်အခါ လိုက်ရှာသူမှာလည်း ယေရှုသာလျှင် ဖြစ်သည်။ ကျွန်တော်အမှားနွံထဲ နစ်မြုပ်နေမိစဥ်အခါတွင်လည်း စိတ်ပျက်ခြင်းဒုက္ခများ ခံစားနေရမည့်အစား ဘုရားမြတ်၏ ကျေးဇူးတော်နှင့် သမ္မတရားလမ်းမှန်ပေါ်သို့ လမ်းပြပေးသူမှာလည်း သန့်ရှင်းသောဝိညာဉ်တော်သာလျှင် ဖြစ်သည်။ အကြွင်းမရှိ ကျွန်တော်၏ ဘဝအသက်တာအလုံးစုံအား ဆက်ကပ်လျက် မင်္ဂလာဆုကျေးဇူး၏ နောက်ဆုံးစာသားထဲကအတိုင်း ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံးအား ယူတော်မူလျက် ဘုရားရှင် ပုံသွင်းပါ။ ပြုပြင်တော်မူပါ။ အသုံးပြုတော်မူပါဟု ထာဝရဆက်ကပ်ပါ၏။ ဖတ်ရှူခွန်အားယူကြသူ ညီအစ်ကိုမောင်နှမအားလုံးအပေါ်တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ တို့ထိတော်မူပါစေဟု ဆုတောင်းရင်း .... 

Ref : history of Hymn : Come Thou Fount Of Every Blessing

Tauk Sharr Oo