ဗျာဒိတ်ကျမ်း ၇:၉-၁၀ တွင် အလွန်မှ ထူးဆန်းအံ့ဩဖွယ် ကောင်းသည့် မြင်ကွင်းတခု ရှိသည်။
ရေတွက်လို့ပင် မရနိုင်လောက်အောင် များပြားသော လူတို့သည် ကောင်းကင်ဘုံတွင် စုဝေး ရောက်နေကြသည်။ ထိုလူအုပ်ကြီးသည် ကမ္ဘာ့လူမျိုးနွယ်စု အသီးသီးမှ ဖြစ်သည်။ သူတို့ ပြောဆိုသော ဘာသာစကားသည် မတူညီကြသလို သူတို့၏ အသားအရောင်သည်လည်း မတူညီကြပေ။ သို့သော် သူတို့၌ တူညီသည့် အချက်မှာ သူတို့သည် ဖြူသောဝတ်စုံကို တူညီစွာ ဝတ်ဆင်ပြီး ဘုရားသခင်၏မျက်မှောက်တော်၊ ကောင်းကင်ဘုံ၌ စုဝေးနေကြခြင်း ဖြစ်သည်။
ဤရူပါရုံသည် တမန်တော်ကြီး ရှင်ယောဟန်အား ဖွင့်ပြသည့် ရူပါရုံများထဲမှ တခုဖြစ်သည်။ အလွန်မှ စိတ်လှုပ်ရှားဖွယ်ကောင်းသည့် မြင်ကွင်း၊ ရူပါရုံတခုဖြစ်သည်။
ဤတွင် စာရေးသူ စိတ်ဝင်စားသည့် အချက်မှာ ဤသဲလုံးနှင့်အမျှ များပြားသောသူများသည် အဘယ့်ကြောင့် ကောင်းကင်ဘုံ၌ စုဝေးနေကြသနည်း?
ယင်းအတွက် ရိုးရှင်းသည့် အဖြေမှာ ထိုသူတို့သည် ဧဝံဂေလိတရားတော်အား ယုံကြည်ခြင်းဖြင့် တုန့်ပြန်လက်ခံခဲ့သည့်လူများ ဖြစ်သည်။
ထိုသူတို့သည် အဘယ့်ကြောင့် ထိုဧဝံဂေလိတရားတော်အား တုန့်ပြန်နိုင်ခဲ့သနည်း? ယင်းအတွက် ရိုးရှင်းသည့် အဖြေမှာ ဧဝံဂေလိတရားတော်အား သစ္စာရှိစွာ ဟောပြောသော ခရစ်တော်၏နောက်လိုက် တစုံတဦးကြောင့် ဖြစ်သည်။
တမန်တော်ကြီး ရှင်ယောဟန် မြင်ခဲ့ရသော ရူပါရုံနှင့် စပ်လျဉ်းပြီး ထပ်ဆင့် မေးခွန်း မေးမိသည်။
ယင်းရူပါရုံသည် ပြည့်စုံပြီလော?
စာရေးသူအမြင်မှာ ယင်းရူပါရုံသည် ပြည့်စုံခြင်း၏ လမ်းခုလတ်တွင် ဆက်လက်ရှိနေသည်။ အတိတ်က တစိတ်တပိုင်း ပြည့်စုံခဲ့သလို ပစ္စုပ္ပန်၌ ပြည့်စုံဆဲဖြစ်ပြီး၊ အနာဂတ်တွင် ဆက်လက် ပြည့်စုံဦးမည်ဖြစ်သည်။
ဤရူပါရုံသည် စာဖတ်သူနှင့်လည်း ဆိုင်ပေသည်ဟု ဆိုချင်ပါသည်။ စင်စစ် ထိုရူပါရုံ ပြည့်စုံဖို့ရန် အလို့ငှာ ခရစ်တော်၏နောက်လိုက်တိုင်း၌ တာဝန်ရှိပေသည်။
သင်၏ သက်သေခံချက်တခု၊ သင်၏စကားတခု၊ သင်၏အပြုအမူတခု၊ သင်၏အရေးအသားတခု၊ သင်၏မေတ္တာပြပေးကမ်းမှုတခု၊ စသည့် ဧဝံဂေလိတရားပေါ် သင်၏သစ္စာစောင့်သိမှုက ထိုရူပါရုံ ပြည့်စုံဖို့ရန် လိုအပ်နေသည့် ကွက်လပ်လေးများအား ဖြည့်ဆည်းပေးနေမည်သာ။
တမန်တော်ကြီးရှင်ပေါလုက "ငါသည် ခရစ်တော်၏ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏" (ရောမဩဝါဒစာ ၁:၁၆။)
အဒီး (မှော်ဘီ)
စာပေမျိုးစေ့အတွက် ချီးမြှင့်ခြင်း - https://www.devoshipjournal.com/2021/07/lovegift.html?m=1
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo