ဝေဒနာဥယျာဉ်သို့ ပေးစာ

"အိုအဘ.....

အလိုတော်ရှိရင် ဒီခွက်ကို

အကျွန်ုပ်မှ လွှဲတော်မူပါ"

သေရမယ့်သူ၏ ဆုတောင်းသံ

ဂေသရှေမန်မှာ ပဲ့တင်သံထပ်ဆဲ။


အဲဒါ...ခရစ်တော်ရဲ့ငိုကြွေးသံ

မကြာခင်သေရမယ့်သူတွေအတွက်

ခါးသီးလို့ ငိုကြွေးစရာပါ။


"ဂေသရှေမန်"ဆိုတဲ့ ဝေဒနာဥယျာဉ်ထဲ

ရှိုက်ငိုတဲ့သူများစွာ

သေမင်းရဲ့ရှေ့မှောက်

မရဏခွက်ဖလား

သောက်လုဆဲ လူများစွာ။


အို...မိတ်ဆွေတို့ရေ

ယေရှုခရစ်ဟာ ဘုရားရှင်ဆိုပေမယ့်

လူ့ခန္ဓာ အငှားခံယူတုန်း

သေမင်းကိုကြောက်ခဲ့

မျက်ရည်တွေ သွေးစက်တောင်စီးပါရဲ့။


ငါတို့တွေ

သေခြင်းခွက်ဖလားကိုသောက်

မရဏမြစ် တစ်ဘက်ကမ်းမကူးခင်

ယေရှုထံ ချဉ်းကပ်

သေမင်းအောင်နည်းသင်ကြမယ်။


မကြေကွဲပါနဲ့တော့

မငိုကြွေးပါနဲ့တော့

ယေရှုက ခေါ်နေတယ်

"ငါ့ကို ယုံကြည်သောသူဟာ

သေလွန်သော်လည်း ရှင်လိမ့်မယ်"


ဆုတောင်းပေးပါတယ်နော်

"အို...အဘ

သေခြင်းခွက်ဖလားကို

ဂေသရှေမန်ဥယျာဉ်က ဝေဒနာရှင်များမှ

လွှဲတော်မူပါ"။

             

ရင်သွေးငယ်(ဇလပ်မြေ)

ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 425 073 203 [Wave]


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo