အကြွေးရမလား

အိမ်ရှေ့မျက်နှာချင်းဆိုင်ကနေ လှမ်းမြင်နေရတဲ့ ရထားလမ်းကိုအမြဲ ကြည့်မိတယ်။ 

အထူးသဖြင့် ရထားဖြတ်သွားချိန်ပေါ့။ 

ရထားကလည်း ဖြတ်ချိန်နှစ်ချိန်ထဲရှိတယ်။ 

မနက်၆နာရီလောက် ဖြတ်တဲ့ရထားက လက်ရှိကျွန်တော်နေထိုင်တဲ့မြို့ထဲကို ဘူတာဆိုက်တာ။ 

မနက် ၁၀ဆယ်နာရီရထားကတော့ ကျွန်တော်အမြဲ ပြေးပြေးကြည့်မိတဲ့ ရထားပါပဲ။ 

အဲဲဒီအချိန်ထွက်တဲ့ရထားက ကျွန်တော့်ဇာတိ ပျဉ်းမနားမြို့လေးဆီ ရောက်တယ်လေ ....။


တကယ်တော့ ရထားလမ်းနဲ့ ကိုယ့်အိမ်ရှေ့က အတော်ဝေးဝေးရယ်ပါ။ 

ကျွန်တော့်ရဲ့ ငါးတန်းကျောင်းသား ခြေထောက်လေးကြောင့်မဟုတ်ဘဲ တကယ်ကိုမှ ဝေးဝေးကြီး။ 

ဘာလို့ဆို တခုသော(အတိအကျနေ့စွဲ မမှတ်မိတော့ဘူး၊ ၁၉၉၉ ခုနှစ်ကဆိုတော့ အတော်ကြာခဲ့ပြီ)တရက်က မေမေနဲ့အဖေ စကားများကြတယ်။ 

ထုံးစံအတိုင်း အဖေက ပန်းကန်တွေခွဲပစ်ရင်း မေမေ့ကို ရိုက်တာ ထပ်မြင်ရတော့ ကျွန်တော်အရမ်းလန့်ခဲ့ပြီး ပြေးထွက်ခဲ့တယ်။ 

မှတ်မိတာတခုက မိုးလည်းရွာချိန်။

ရှမ်းပြည်ရဲ့မိုးက ကျွန်တော့်ဇာတိမြေက မိုးနဲ့မတူဘဲ

သာမန်ထက် ပိုအေးတယ်။ 

ပိုဆိုးတာက ကြောက်လန့်စိတ်နဲ့ အဘိုးအဘွားတွေဆီ ပြန်ပြေးချင်တဲ့စိတ်က ပိုလို့အေးစက်လို့။ 

အဲဒီအချိန် ရထားသံကြားနေရပြီ ။

ကျွန်တော် တော်တော်ဝေးဝေးထိ ပြေးပြီးနောက် ရထားက မြင်ကွင်းကနေ ပျောက်ကွယ်သွားချိန်အထိ ရထားသံလမ်းနားကို မရောက်ဘဲ ချော်လဲကျခဲ့တော့မှ မေမေ့ကို ပြန်တွေးမိတယ်။

"ဘုရားသခင်! မေမေအိမ်မှာ တယောက်တည်း အဖေရိုက်တာကို ခံနေရတော့မှာ"

ကျွန်တော်ပြေးရင်း လဲကျခဲ့တာမို့ ဒူးကဒဏ်ရာနာတဲ့အခါ အဖေရိုက်တာကို ခံနေရတဲ့ မေမေ ဘယ်လောက်များ နာကျင်နေလိမ့်မလဲ။ 

အသိက ရထားလမ်းကို ကျောခိုင်းလိုက်ဖို့ ခွန်အားရရှိခဲ့ပါတယ်။

အိမ်ဘက်ကို အပြေးပြန်ပြေးခဲ့ရင်း ဘုရားထံမှာလည်း မေမေ့အတွက် ဆုတောင်းရင်း အပြေးသော့နှင် ပြန်​ခဲ့တယ်။

ဘုရားကို ကျေးဇူးတင်ရမှာတခုက အိမ်ပြန်ရောက်တဲ့အခါမှာ ရန်ပွဲပြီးသွားပေမယ့် မေမေက ထမင်းဝိုင်းကို ပြန်ရှင်းနေတယ် ။

ပြီးတော့ "သားဘယ်သွားခဲ့တာလဲ။ သားရော အားလူးကြော်နဲ့ မစားနိုင်ဘူးလား"

မေးခွန်းဟာ ကျွန်တော့်အတွက် မေမေ့ကို မကာကွယ်ခဲ့နိုင်တဲ့ ရှောင်ပြေးသူတယောက်ဖြစ်နေပေမယ့်လည်း အာလူးနဲ့ပဲဖြစ်ဖြစ် နောက်ဆုံးထမင်းဖြူကို အရွက်တရွက်နဲ့ပါရင်ကို စားနိုင်စေတဲ့အထိ မေမေ့ကို အကောင်းဆုံး အဖြေပေးနိုင်ခဲ့တယ်။

ဘာလို့ဆို မေမေနဲ့ကိုးကွယ်ယုံကြည်မှုခြင်းတူတဲ့ ကျွန်တော်ဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို ဘုရားရှင်ကို ကျေးဇူးချီးမွမ်းတတ်တဲ့စိတ်ဟာ ကိန်းအောင်း ခိုင်မာနေခဲ့တာမို့ပါ။ 

သူငါအများလို ဟင်းပွဲ ဟင်းရံအပြည့် မစားနိုင်ပေမယ့်လည်း အာလူးလေးပါနေတာကပင် ကျွန်တော့်အတွက်တော့ ဘုရားပြင်ဆင်ပေးတဲ့ အကောင်းဆုံးကောင်းချီးတခုဖြစ်တယ်လို့ အကြွင်းမဲ့ယုံတယ်။

ပြီးတော့ မေမေ့လိုမျိုး ကိုယ့်အလှည့်ကျရင် ဘယ်သူ့ကိုမှ မရိုက်ဖို့လည်း ကလေးအတွေးက ကမ္ဘာလောက်ကြီးခဲ့ပါတယ်။ 


တကယ်တော့ ဒီမြို့လေးဟာ ကျွန်တော်တို့မိသားစုအတွက် အသစ်ဖြစ်နေတဲ့မြို့လေးပါ။ 

မိတ်ဆွေမရှိသေး၊ ပတ်ဝန်းကျင်မရှိသေး။ 

ပိုဆိုးတာက အပိုပိုက်ဆံမရှိခြင်းပါ။

အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော် ၃တန်းအရွယ်မှာ မေမေနဲ့အဖေဟာ ကျွန်တော်နဲ့ ဝေးရာမှာ စီးပွားရှာမယ်ဆိုတဲ့ ကတိစကားလေးနဲ့ အဘိုးအဘွားတွေဆီမှာ အပ်နှံထားခဲ့တယ် ။ 

မေမေနဲ့အဖေကို ခွဲရလို့ လွမ်းတာရယ် ငယ်သေးတာရယ် တခြားမိသားစုတွေကို အားကျတာရယ်ကြောင့် မိသားစုလိုက် အတူတူနေခဲ့ချင်ပေမယ့် ...။ 

တကယ်တမ်း အချိန်ကျလာလို့ ကျွန်တော့်အဘိုးအဘွားတို့နဲ့ ခွဲလာရပြန်တော့လည်း ၃တန်းနှစ်က မေမေနဲ့အဖေကို ခွဲရသလိုမျိုး ပျဉ်းမနားကိုပဲ ပြန်ချင်မိပြန်တော့တယ်။ 

အထူးသဘောအနေနဲ့ ဒီနေ့လို မေမေနဲ့ဖေဖေ စကားများချိန်မျိုးမှာပေါ့။ 


ဒီလိုနဲ့ နွေရာသီကျောင်းပိတ်ရက် ၂လမြောက်မှာ ကျောင်းဖွင့်ဖို့လည်း ၁လပဲ လိုတော့တာရယ် မေမေ့ရဲ့ ဆရာမဂုဏ်သရေကြောင့်ရယ် အသိမိတ်ဆွေလေးတချို့နဲ့ ကျွန်တော့်ပတ်ဝန်းကျင်ဟာ အရင်ကထက် ပိုစည်ကားလာတယ်။

နောက်တခုက ကျွန်တော်နဲ့ရွယ်တူ သူငယ်ချင်းနှစ်ယောက်ကို ရထားအချိန်နှစ်ခုကို ပြောပြခွင့်ရပြီလေ။ 

၁၀:၀၀ဆိုရင် “ဟေ့ ... ကြားလား ... ကြားလား ... အဲဒီဥဩသံနဲ့ရထားက ငါ့အဘိုးနဲ့အဘွားတို့ရှိတဲ့အိမ်ရောက်တဲ့ရထား”လို့ပြောတိုင်း ကျွန်တော် ပျော်မိတယ်။ 

သူငယ်ချင်းတွေကလည်း ဆယ်ခေါက်ထက်မနည်း ကြားရတိုင်းလည်း ပျော်ကြပါတယ်။ 

အဲဒီအချိန် ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေက ငယ်ငယ်လေးတွေပဲ ရှိသေးတယ်။ 


ဒါတင်မကပဲ ကျွန်တော့်သူငယ်ချင်းနှစ်ယောက်ကို ပြောမိတဲ့ အကြောင်းလေးတခု ထပ်ရှိသေးတယ်။

တခုက ကျွန်တော်က ၁၀:၀၀နာရီရထား မလာမချင်း ဘယ်တော့မှ အပြင်မထွက်ဘဲ စောင့်ကြည့်တတ်ကြောင်း၊ ဒုတိယတခုက ရထားကို ကြည့်ပြီးမှ ကျွန်တော်တို့ သူငယ်ချင်း ၃ယောက် လမ်းပေါ်ထွက်ရင်း တောသီးလေးတွေ ခူးစားကြရင်း Sunday Schoolမှာ သင်ရတဲ့ ရွှေကျမ်းချက်တွေထဲက သမ္မာကျမ်းပိုဒ်တွေကို ပြောပြဖြစ်တာပါပဲ။

ငါတို့ဘုရားရှင်က လူတွေကို ဘယ်လောက်ချစ်လဲဆို သူ့မှာရှိတဲ့ တပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် ချစ်ကြောင်း။

မိုးကောင်ကင်မှာ ကျင်လည်တဲ့ ငှက်တွေကို ကြည့်ရှုဆင်ခြင်ကြည့်ရင် ဘာမျိုးစေ့မှ မကျဲ၊ မစိုက်၊ မရိတ်ဘဲနဲ့တောင် ဘုရားရှင်က ကျွေးမွေးတာမို့ သူတို့ထက်ကြီးမြတ်တဲ့ လူသားကို ပစ်မထားဘူး။ 

ဒါကြောင့် အခုတောင် ဘုရားကျေးဇူးတော်ကြောင့် ငါတို့စားခွင့်ရတာလို့ ပြောပြရင်း လမ်းတလျှောက် ပျော်ရွှင်စွာ တောသီးခူးစားကာပြန်လာခဲ့ကြတယ် ။

ဘုရားရှင်ရဲ့ကျေးဇူးတော်ကြောင့် တောင်ပေါ်ဒေသဖြစ်လင့်ကစား လမ်းဘေးမှာပင် သဘာဝအလျောက် ဖြစ်ထွန်းနေတဲ့ စားစရာသီးနှံတွေကလည်း ပေါများတော့ မုန့်ဖိုးမရတဲ့ နေ့တွေအတွက်လည်း ထူးပြီး ကိစ္စမရှိခဲ့ဘူး။ 


ဒါပေမဲ့ တရက်မှာပေါ့။ 

အဲဒီတရက်က ကျွန်တော့်အတွက် ဒီနေ့ချိန်အထိရော သေတဲ့အချိန်အထိရော မေ့မယ်မထင်တဲ့တရက်။

အဲဒီနေ့က ကျွန်တော့်ဆီ လည်နေကျသူငယ်ချင်းနှစ်ယောက် မလာတဲ့အချိန်၊ မေမေကလည်း ကျောင်းက လုပ်အားပေးခေါ်လို့သွားနေချိန် ဖေဖေကလည်း ညနေမှ သစ်စက်က ပြန်လာမှာဖြစ်လို့ လူရှင်းချိန်။

ကျွန်တော်က မုန့်စားချင်လာတယ်။

တဖက်လမ်း (အိမ်နောက်လမ်းမှာတော့) မုန့်ဆိုင်တော့ရှိတယ်။ 

ခက်တာက ကျွန်တော့်မှာ ပိုက်ဆံမရှိတာ။


ဒါပေမဲ့ ကျွန်တော့်ခြေလှမ်းတွေက မုန့်ဆိုင်ရှေ့မှာ ရပ်နေခဲ့ပြီ။ 

သူတို့က ကိုယ့်ကို ဗမာပြည်ကလာတဲ့ ကလေးလေးဆိုပြီး ချစ်ကြတော့ ဆိုင်ရှင်အဖွားက ကိုယ့်ကိုတွေ့တာနဲ့ "အလင်းရေ လာလည်တာလား"လို့တိုင်းရင်းသားတို့ရဲ့ ရိုးသားတဲ့ ဖြူစင်မှုနဲ့အတူ နှုတ်ခွန်းဆက်တယ်။

ဒါပေမဲ့ ကျွန်တော်ကတော့ ကိုယ့်အကြံနဲ့ကိုယ်မို့ စိတ်မလုံမလဲနှုတ်ဆက်ရင်း ဆိုင်ရှေ့ခုံလေးမှာ ထိုင်လိုက်ပြီး အထဲက မုန့်တွေကွက်ကြည့် ကြည့်လိုက်နဲ့။ 

စျေးဝယ်တွေလည်း လာလိုက်၊ ထွက်သွားလိုက် လုပ်နေတာကို ထိုင်ကြည့်ပြီး တဖက်ကလည်း ဖွင့်ဟပြောဖို့ ဝန်လေးနေမိပြန်တယ်။

ကျွန်တော့်ပါးစပ်က ပြောမထွက်တဲ့ စကားကို 

ဘယ်လိုပြောရမလည်း ပြင်ဆင်နေရင်းနဲ့ အချိန်တွေ တော်တော်ကြာ ကုန်ဆုံးသွားပြီးတဲ့နောက်မှာ ပြင်ဆင်လိုက်တယ် ...

"ကျွန်တော် လိပ်ရွှေရွှေအထုပ်လေးကို စားချင်မိတာပါ" 

သူ့တန်ဖိုးက ၁၀ကျပ်ဆိုပေမယ့် ကျွန်တော့်မှာ တကျပ်တောင် မချမ်းသာဘူးလေ ။

ပြီးတော့ တချို့ရက်တွေ အဆင်မပြေတုန်းက ကျွန်တော်တို့မိသားစု ရှိတာလေးနဲ့ပဲ ဖြစ်သလို မေမေက အရိုက်ခံပြီး ဖြေရှင်းခဲ့ကြတာ မဟုတ်လား။

မေမေတောင် သူများဆီက အကြွေးမယူတာ ကျွန်တော်လို ကလေးတယောက် အကြွေးယူတာကို ဒီလိုဆိုင်က ပေးမှာတဲ့လား။ 

အတွေးမှာ တော်တော်ကြာတဲ့အထိ နစ်မျောပြီးတဲ့နောက်မှာတော့ "အဘွား... သားကို ဒီဇီးထုပ်လေး အကြွေးရမလား။သားမေမေဆီက တောင်းပေးပြီး ပြန်ဆပ်ပါ့မယ်"

နာရီပေါင်းများစွာ ဆိုင်လေးထဲမှာ ဇီးထုပ်လေးတထုပ် အကြွေးယူဖို့ အချိန်ဖြုန်းခဲ့ပြီး ထွက်လာတဲ့စကားက မြန်လိုက်တာလို့ ကိုယ်ကိုယ်ကိုယ် အံ့ဩမိနေတုန်း ... အဘွားက "အလင်းရေ ယူယူ။ နောက်ဘာစားဦးမလဲ ...ရော့"ဆိုပြီး ဇီးထုပ်ဖြုတ်ပေးတဲ့အခါ လက်နှစ်ဖက်နဲ့ ယူရင်း "ကျေးဇူးတင်ပါတယ်အဘွား။ သား ညနေ လာပြန်ဆပ်ပါ့မယ်နော်"လို့ပြောပြီး ရှက်တာရော ကြောက်တာရောနဲ့ ဆိုင်ထဲက တရပ်စပ် ပြေးထွက်လာမိခဲ့တယ်။ 

စိတ်မကောင်း ပိုဖြစ်ရတာက မနက် ၁၀:၀၀နာရီတိုင်း မပျက်မကွက်ကြည့်လာတဲ့ ရထားလေးကို အဲဒီနေ့က ဘယ်လိုမှ မမီလိုက်တာပါပဲ။

ဒါနဲ့ ဒုတိယအကြိမ် အရင်တခေါက်ကလို ပြေးလွှားရင်း အရင်တုန်းက ခလုတ်တိုက်မိတဲ့နေရာအထိ ဇွတ်အတင်း ပြေးလာမိရင်း ဇီးထုပ်လေးကို ကျေးဇူးတော်ချီးမွမ်းရင်း ဖောက်စားဖြစ်ခဲ့တယ်။

စားခဲ့တဲ့ လိပ်ရွှေရွှေက အစပ်မပါပါ။ 

ဒါပေမဲ့ မျက်ရည်တွေ အများကြီးကျခဲ့တယ်။

ဘာလို့လဲဆို ကျွန်တော်ဘယ်တော့မှ သူများဆီက အကြွေးထပ်မယူဖို့ အခွင့်ကို ဘုရားရှင်ပေးသနားပါလို့ ဆုတောင်းရင်းပေါ့။


Tauk Sharr Oo

ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 250 691 810 - [KBZpay, Wave]

0093600500010383 - CB 

06530199912981501 - KBZ 

20002804323  - AYA


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo