ခန္ဓာကိုယ်ကို ဂရုစိုက်ပါ... အကြောင်းရင်းရှိတယ်

ရောမ ၁၂ အစမှာ ဒီကိုယ်ကာယနဲ့ ဘုရားနှစ်သက်တဲ့ ယဇ်၊ အသက်ရှင်တဲ့ ယဇ်၊ သန့်ရှင်းတဲ့ ယဇ်တွေကို လက်ခံဖွယ်ရာအဖြစ် ဘုရားသခင်ဆီ ဆက်သဖို့ ပေါလုကြီးက တိုက်တွန်းခဲ့ပါတယ်။ ဟောဒီ မြေကြီးခန္ဓာနဲ့ ဘုရားဘုန်းသယ်ဆောင်ဖို့ အသက်ရှင်ဖို့ ဘုရားလက်ခံတဲ့ ယဇ်အဖြစ် အသက်ရှင်ဖို့ ပြောနေတာပါ။ ဘုရားကို ဆောင်တဲ့ ခန္ဓာကိုယ်ပေါ့ဗျာ။

အဆီအောင်တဲ့ သစ်မွှေးပင်ဟာ တပင်လုံးမှာရှိတဲ့ အကိုင်းအခက် အမြစ်တွေထိ မွှေးကြိုင်ပါတယ်။ ခုတ်လည်းမွှေး မီးရှို့လည်းမွှေးပါတယ်။ ဘယ်​နေရာကိုပဲ ယူသွား သယ်သွားပါစေ မွှေးနေတာနော။ ဧနောက်က အသက် ၆၅နှစ်နောက်ပိုင်း ဘုရားနဲ့အတူသွားလာတယ်။ နှစ်ပေါင်း ၃၀၀တောင် သွားလာခဲ့တယ်။ (ကမ္ဘာဦးကျမ်း  ၅:၂၁-၂၃) ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။ အကြောင်းရင်းရှိတယ်။ ဘုရားကို ကျေနပ်စေတဲ့ အသက်တာ ဘုရားရှေ့ အလွန်မွှေးတဲ့ အသက်ရှင်ခြင်းနဲ့ သွားလာတော့ အပြစ်ကြောင့် လူတိုင်းသေနေတဲ့အချိန် သူတယောက်တည်း ခန္ဓာမသေဘဲ အရှင်လတ်လတ် ဘုရားသခင်က ခေါ်ယူသွားတာ။ သိမ်းယူတာ ခံရတယ်ဗျ။ သန့်ရှင်းခြင်းမရှိရင် ဘုရားသခင်ကို မဖူးမြင်နိုင်ဘူးလို့ ဆိုတယ်။ သူ့အသက်တာက သန့်ရှင်းခြင်းလက္ခဏာနဲ့ အလွန်ပဲ ပြည့်ခဲ့လေမလား။ ယေရှုအသွေးသွန်းခြင်းမရှိသေးပေမယ့် ယဇ်ပလ္လင်နဲ့ ချဥ်းကပ်နိုင်ရုံမက နေ့တိုင်း သန့်ရှင်းတဲ့ဘုရားနဲ့ ထိတွေ့သွားလာတော့ ဟော ... ဘုရားကတောင် နှစ်သက်လွန်းလို့ သူ့ကို အရှင်လတ်လတ်ကြီး ခေါ်သွားတော့တာပဲ။

ခရစ်ယာန်ဘာသာဆိုတာ စိတ်နှလုံးနဲ့ သက်ဝင်ယုံကြည်ရရုံမက အဲဒီယုံကြည်မှုနဲ့ ဆည်းကပ်ကိုးကွယ်တဲ့ သခင်ကို ခန္ဓာအသက်ရှင်ခြင်းမှာ ထင်ရှားစေရတယ် မဟုတ်လား။ ပါးစပ်က ဘုရား ဘုရား.. လက်က ကားယား ကားယား။ မဟုတ်ဘူး... ကားယားပြီး လဲကွဲနေတာလည်း တပုံကြီး။ ပတ်ဝန်းကျင်က အမြင်ကောင်းအောင် ဟန်ဆောင်ခိုင်းတာမဟုတ်။ အမှန်ဖြစ်ပြီး ထင်ဟပ်စေလိုတာ။ တချို့ ခရစ်ယာန်တွေ အမှုတော်ဆောင်တွေ သရုပ်ဆောင်လုပ်ခိုင်းလို့ရတယ်။ တော်ချက်။ အကယ်ဒမီတွေ တသီကြီးကို ရကြမှာ။ အပြောကောင်း ဟန်ရေးကောင်းပြီး အထဲမှာတော့ အရိုးဆွေးတွေနဲ့ ပြည့်နေတဲ့ (ဗလာ​ကျင်းပဲ) အုတ်ဂူသက်သက်ပဲ။

ဆိုတော့ အပေါ်မှာ ပြောခဲ့သလို ဒီခန္ဓာက ဘုရားဘုန်းကိုသယ်ဆောင်ရပြီး ဘုရားသခင်ကို မိမိအသက်ရှင် သွားလာလှုပ်ရှားတဲ့အထိ တွေ့ရာတိုင်းမှာ ထင်ရှားစေရမှာပါ။ ပေါ်လွင်စေရမှာ။ ခန္ဓာကိုယ်ကို ဖန်ဆင်းတာ အဲဒါပဲ။ နှစ်သက်ဖွယ်သော ယဇ်၊ သန့်ရှင်းခြင်းယဇ်၊ အသက်ရှင်တဲ့ယဇ်ကို အသက်ရှင်တဲ့ကိုယ်ခန္ဓာမှာ အစဥ် သယ်ဆောင်ဖို့ပဲ။ တချို့က ဘုရားက အတွင်းနှလုံးသားပဲ ကြည့်တာ ခန္ဓာကိုယ်ကို မကြည့်ဘူးဆိုပြီး ကိုယ်ခန္ဓာကို ဂရုမစိုက် ဖျက်ဆီးကြတယ်။ "သင်တို့ ကိုယ်ခန္ဓာသည် ဘုရားသခင် ကျိန်းဝပ်ရာ ဗိမာန်ဖြစ်သည်"ဆိုတာ မေ့ကြနဲ့ ဘုန်းတော်မသယ်ဆောင်ကြဘူး။ ဒေါသ၊ မနာလိုခြင်း၊ ခွင့်မလွှတ်ခြင်း၊ လောဘ၊ မာန်မာန၊ အတ္တတွေကို သယ်ဆောင်သွားလာနေကြတယ်။ အဲ... တချို့က ဘုရားဘုန်းသယ်မယ့် ခန္ဓာကိုယ်ကို ချို့တဲ့အောင် လုပ်ကြပြန်တယ်။ ခန္ဓာမှ အားမနာ မဟားတရားစား ဝဖြီးပြီး မသွားနိုင် မလုပ်နိုင်၊ မရသင့် မယူသင့်တဲ့ ရောဂါကိုယူကြ။ တချို့ရောဂါတွေက ကျနော်တို့ ပါးစပ်သရမ်းပြီး ရလာတာ ခပ်များများပါ။ ဟုတ်တယ်ဟုတ်...။ နာဖျားလေးလံနေတော့ ဟော... အမှုတော်ဆောင်ရွက်ဖို့ မစွမ်းသာ။ ဧလိကြီးက ဝဖီးလွန်းလို့ မသွားမလာနိုင်ဘူးဗျ။ ဒါကြောင့် ရှမွေလက လက်တို လက်တောင်း ဝိုင်းကူရတာ။ သားတွေ သေတယ်လည်းကြားရော ပက်လက်လန်ပြီး တခါတည်းသေတာပဲ။ ဝလွန်းအားကြီးတော့ ဘိုင်းခနဲ့ပဲလေ။ ကိုဗစ်ကလည်း လူဝတွေဆို သိပ်ကြိုက်ဆိုပဲ။ body shaming မဟုတ်ပါ။ အမှန် ဒဲ့ပြောနေတာ။

ကဲဗျာ... အချုပ်အနေနဲ့ စိတ်နှလုံးမှာ ဘုရားဘုန်းရှိတယ်။ ဘုရားဘုန်းကို သယ်တယ်ချည်း ပြောမနေနဲ့။  မျက်မြင်ရတဲ့ ခန္ဓာကိုယ်ရဲ့ စိတ်ဝိညာဥ်ထဲ အုပ်စိုးတဲ့သခင်ကို ကျေနပ်အားရစေတဲ့ အသက်ရှင်ခြင်းထဲမှာ 

ဟောဒီခန္ဓာနဲ့ သယ်ဆောင်သွားလာကြရအောင်လို့ နှိုးဆော်ပါရစေ.။လူကိုမြင်ပြီး လူထဲက ခရစ်တော်နဲ့ တရားကို မြင်စေကြစို့။ ဘုရားကျိန်းဝပ်ရာခန္ဓာနဲ့ ဘုရားကို နှစ်ပေါင်း ၃၀၀မဟုတ်တောင် အသက်ရှင်တုန်း ပြည့်ပြည့်ဝဝ ထင်ရှားပေါ်လွင်စေကြစို့...။


TMJZ

စာပေမျိုးစေ့အတွက် ချီးမြှင့်ခြင်း - https://www.devoshipjournal.com/2021/07/lovegift.html?m=1


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo