ဘယ်သူက အသင်းတော်ကို တည်ဆောက်မှာလဲ

"ဤ ကျောက်ပေါ်၌ ငါ့ အသင်းတော်ကို ငါတည်ဆောက်မည်"လို့ ယေရှုခရစ် ပြောတဲ့အတွက်ကြောင့် ဘုရားကျောင်းသို့ ပါဝင်သူများကို ယေရှုနှင့်တွေ့ရန် မိတ်ဆက် ချိတ်ဆက်ပေးပါ။ 

အသင်းတော်ကို သင်နှင့်ကျွန်ုပ် မတည်ဆောက်နိုင်ပါ။ယေရှုခရစ်သာလျှင် တည်ဆောက်နိုင်သည်။ 

ယုံကြည်သူတဦးချင်းသည် ခရစ်တော်၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြစ်ပြီး အင်္ဂါအစိတ်အပိုင်းဆဲလ်များစုစည်းသောအခါ အသင်းတော် (ခေါ်ထုတ်ခြင်းခံရသော လူစုလူဝေး) ဖြစ်လာသည်ကို သိကြပြီးဖြစ်လိမ့်မည်။

ယေရှုက "ငါကိုယ်တိုင် ငါ့အသင်းတော်ကို တည်ဆောက်မည်"လို့ ပြောသောကြောင့် ကျွန်ုပ်တို့တာဝန်သည် ယေရှုနှင့်ပေးတွေ့စေရန် သစ္စာရှိစွာ ဝေငှမည်ဆိုပါက ဝိညာဥ်တော် အမှုပြုမည်ဖြစ်သည်။

သူ၏သိုးကို သူပိုင်၍ ထိန်းသိမ်းပို့ဆောင်လမ်းပြသလို သူဟောပြောသော စကားဖြင့် ခုတ်ထွင်ရှင်းလင်းမည်ဆိုသဖြင့် သိုးထိန်း၏ သိုးတော်စုဝင်စေရန်၊ စစ်မှန်သော သမ္မာတရားကို ကြားစေရန် ရှာဖွေခံယူတတ်ရန် လုပ်ဆောင်ပေးမည်ဆိုပါက သန့်ရှင်းသော ဝိညာဥ်တော်သည် ထိုယုံကြည်သူ၏ အသက်တာကို ဧကန်အမှန် ပြုစုလမ်းပြ ပို့ဆောင်မည်ဖြစ်သည်။

ထိုသူတို့အသက်တာထဲ ယေရှုကိုသာ ချိတ်ဆက်ပေးပါ။ယေရှုကိုသာ ကြီးထွားစေပါ။ အာရုံပြုစေပါ။ စစ်မှန်သော နှုတ်ကပတ်တော်ကို သစ္စာရှိစွာ ဝေမျှ ပို့ချ ကြပ်မတ်လမ်းပြပါ။ သန့်ရှင်းသောဝိညာဥ်တော် ဧကန်ဆင်းသက်လှုပ်ရှားပါလိမ့်မည်။ ဝိညာဥ်တော်သည် ယေရှု၏ ဘုန်းတော်ကိုသာ အစဥ်ရှာပါသည်။ သူ့ဘုန်းမရှာပါ။ ဝိညာဥ်နှင့်ပြည့်ဝလာသူသည် ခရစ်တော်ကိုသာ အမြင့်ဆုံးသို့ ချီးမြှောက်တတ်ပါသည်။ သူသည် ကိုးကွယ်ထိုက်သော်လည်း သူ့အား ချီးမြှောက်ကိုးကွယ်ရန် မရှာပါ။ ယေရှုကို ချီးမြှောက်ကိုးကွယ်ခြင်းက သူ့အား ချီးမြှောက်ကိုးကွယ်ခြင်းပင်ဖြစ်သည်။

မှန်သော ဘုရားစကားစီးထွက်ရာတွင် ဝိညာဥ်တော်သည် အမြဲတစေ အလုပ်လုပ်ပါသည်။ ဝိညာဥ်တော်သည် နှုတ်ကပတ်တော်ကို အကောင်အထည်ဖော်သူ ပြည့်စုံစေသူဖြစ်သည်။ ယေရှုကိုချီးမြှောက်သော နှုတ်ကပတ်တော် တဆေးမပါသော နှုတ်ကပတ်တော် တည်ရှိရာအရပ်၌ ပြုပြင်တည်ဆောက်ခြင်းနှင့် ဘုန်းတော်ထင်ရှားခြင်း အစဥ် ရှိသည်။

ထို့ကြောင့် ယေရှုတွေ့စေရန် တံတားထိုးသူများအဖြစ် အသုံးတော်ခံကြစို့။ အသင်းတော်၏ဗိသုကာရှင် ယေရှုခရစ်မှာ သူ၏အသင်းတော်ကို စိတ်ကြိုက်တည်ဆောက်ခြယ်မှုန်း အလှဆင်ပါလေစေ။


ဆင်ခြင်အောက်မေ့ခြင်း...

TMJZ

ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 425 307 414 [Wave]


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo