"ယုံကြည်ခြင်း" ဆိုတာ တကယ်တော့ မိတ်ဆွေတို့ရဲ့ နှလုံးသား ဘဏ်တိုက်ကြီးတခုဖြစ်တယ်။
ယုံကြည်ခြင်းဟာ အမြင်နဲ့ ဆက်သွယ်ထားတယ်။
မိတ်ဆွေဟာ ယုံတဲ့အတိုင်းမြင်တယ် မြင်တဲ့အတိုင်း မိတ်ဆွေတို့ရဲ့ ဘဝတွေဟာ ကွာခြားသွားကြတယ်။
အဲ့ထဲမှာ "ယုံကြည်ခြင်း"ဆိုတာကို နှလုံးသားဘဏ်တိုက်လို့ဘာလို့ သုံးလိုက်ရသလဲဆိုတာကို ကျွန်တော်အနည်းငယ်ရှင်းပြပါရစေ။
ဥပမာပေါ့ ... "တောင်တန်းကြီးလို့" ကျွန်တော်ရေးတဲ့အခါ မိတ်ဆွေဟာ တောင်တန်းဆိုတဲ့စကားလုံးတွေအစား မိတ်ဆွေရဲ့ နှလုံးသားအသိထဲမှာ မိတ်ဆွေကိုယ်တိုင်မသိဘဲ သိမ်းထားမိခဲ့တဲ့ တောင်တန်းကြီးတွေရဲ့ပုံရိပ်ကို မိတ်ဆွေဟာ တန်းမြင်လိမ့်မယ်။
အဲ့ဒီမှာ တောင်တန်းဆိုတာဟာ မိတ်ဆွေရဲ့ နှလုံးသားထဲမှာ ရှိနေပြီးသားဖြစ်တဲ့အတွက် မိတ်ဆွေ တောင်တန်းလို့ ယုံကြည်ထားခဲ့တဲ့ ပုံရိပ်အတိုင်း မိတ်ဆွေဟာ ပြန်ပြီးမြင်ရတာဖြစ်တယ်။
ဒါကြောင့် "ယုံကြည်ခြင်း"ဆိုတာ နှလုံးသားဘဏ်တိုက်လို့ ကျွန်တော်တင်စားတာ ဖြစ်သင့်တယ်မလား။
တဆက်တည်းမှာပဲ ကိုယ်ယုံကြည်တဲ့အတိုင်း တန်းမြင်တာမို့ အမြင်နဲ့လည်း ခွဲခြားမှုမရှိဆက်စပ်နေရတယ်လို့ပြောလို့ရပါတယ်။
ဒီမှာ ကျွန်တော်ဟာ ဘာကိုပြောချင်လဲဆို လူဟာ အသက်ရှင်တဲ့ ကာလတလျှောက်မှာ ယုံကြည်ခြင်းတွေနဲ့ အသက်ကို ဆက်နေကြတယ်ဆိုတာကို ပြောချင်တယ်။
ကောင်းသောယုံကြည်ခြင်းတွေနဲ့ တည်ဆောက်ထားတဲ့လူတွေဟာ ကောင်းမွန်တဲ့ ဘဝမှာနေရကြပြီး မကောင်းသော ယုံကြည်ခြင်းတွေနဲ့ အသက်ဆက်နေတဲ့လူတွေကတော့ သူတို့ဘဝတွေဟာ လွန်စွာမှခဲယဉ်းတတ်ကြပါတယ်။
" မိတ်ဆွေဟာ ထူးခြားသောသူ၊ မိတ်ဆွေဟာ လုပ်နိုင်တဲ့သူ၊ မိတ်ဆွေဟာ ကိုယ့်ဘဝကို ကျေနပ်သူ" စတဲ့ ကောင်းသောယုံကြည်ခြင်းတွေ ရှိနေတဲ့လူတွေဟာ.." မိမိကတော့ လူဖြစ်လာတာ မထူးခြားပါဘူး၊ ဘာမှလည်းမလုပ်နိုင်ပါဘူး ..."စတဲ့ လူတွေထက် နေရာတာ သာလွန်ကောင်းမွန်ပါတယ်။
ဘာဖြစ်လို့လဲဆို ကောင်းသောယုံကြည်ခြင်းတွေနဲ့တည်ဆောက်ထားသူတွေဟာ ဘုရားသခင်ရဲ့အလိုတော်နဲ့အညီ နေထိုင်အသက်ရှင်လို့ပဲဖြစ်ပါတယ်။
ကျမ်းစာမှာ " ဘုရားသခင်က လူကို မိမိပုံသဏ္ဏာန်နှင့်အညီ ဖန်ဆင်းတော်မူ၏"လို့ ရေးထားတာမို့
လူသားတိုင်းဟာ ဘုရားသခင်ရဲ့ ကြီးမားတဲ့မဟာစေစားချက်ကို လုပ်ဆောင်နိုင်တဲ့ အယောက်စီတိုင်းသူရဲကောင်းဖြစ်တယ်။
လူတယောက် မွေးဖွားလာတိုင်းမှာ အပိုတယောက်မှမရှိဘူးဆိုတာကို ကျွန်တော်အပါအဝင် မိတ်ဆွေတို့အားလုံးဟာ မမေ့လျော့သင့်ပါဘူး။
ဒါကြောင့် မိတ်ဆွေဟာ ဒီ ၂၀၂၁မှာ ဆက်လက်အသက်ရှင်သန်ခွင့် ရသူဆိုလျှင် ...
မိတ်ဆွေရဲ့ ယုံကြည်ခြင်းမျိုးစေ့ကို ပြန်ဆန်းစစ်ပါ။
အားငယ်ခြင်း၊ ရှုံးနိမ့်ခြင်း၊ လက်လျော့ခြင်း၊ တန်ဖိုးမရှိခြင်း၊ လူ့ဘဝကို စိတ်ကုန်ခြင်း၊ ခက်ခဲခြင်း၊ အကြွေးတွေများခြင်း၊ ပတ်ဝန်းကျင်ရဲ့ပယ်ချခံရခြင်း စတဲ့ မကောင်းတဲ့ယုံကြည်ခြင်းတွေကို စွန့်လွှတ်ကာ အသစ်သောရူပါရုံ၊ အသစ်သော မျှော်လင့်ခြင်း ၊ အသစ်သောယုံကြည်ခြင်းတွေနဲ့ ဘုရားသခင်က မိတ်ဆွေကိုဖြစ်စေချင်တဲ့ ကြီးသောအမှုကို ပြုနိုင်တဲ့ လူသားအဖြစ် ယုံကြည်ခြင်းမျိူးစေ့ကိုစိုက်ပျိုးစေလိုပါတယ်။
နောက်ဆုံးအနေနဲ့ မိတ်ဆွေတို့အားလုံးကို ဘုရားစကားနဲ့ ခွန်အားပေးချင်တာကတော့ ...
ထိုအခါ သူတို့၏မျက်စိကို တို့တော်မူ၍၊ သင်တို့ ယုံခြင်းရှိသည်အတိုင်း သင်တို့၌ဖြစ်စေဟု မိန့်တော်မူလျှင်၊- (ရှင်မဿဲခရစ်ဝင် ၉:၂၉)
မျက်စိကား ကိုယ်၏ ဆီမီးဖြစ်၏။ ထိုကြောင့် မျက်စိကြည်လင်လျှင် တစ်ကိုယ်လုံးလင်းလိမ့်မည်။- မျက်စိမြှေးယှက်လျှင် တစ်ကိုယ်လုံးမိုက်လိမ့်မည်။ သင်၏ အလင်းသော်ကား၊ မှောင်မိုက်ဖြစ်လျှင် ထိုအမိုက်သည် အလွန်မိုက်စွတကား။- (ရှင်မဿဲခရစ်ဝင် ၆:၂၂-၂၃)
ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသော အရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်း ဖြစ်၏။-
(ဟေဗြဲဩဝါဒစာ ၁၁:၁)
စတဲ့ ကျမ်းပိုဒ်တွေထဲကအတိုင်းပဲ ယခုမှစ၍ မိတ်ဆွေ ယုံကြည်အတိုင်း မိတ်ဆွေဖြစ်လိမ့်မယ်။
မိတ်ဆွေ မျက်စိကြည်တဲ့အတိုင်း မိတ်ဆွေဟာ အလင်းဖြစ်လိမ့်မယ်။
မိတ်ဆွေ ယုံကြည်တဲ့အတိုင်း ယခုမှာမဖြစ်လာသေးပေမဲ့ မိတ်ဆွေမမြင်ရသေးတဲ့ အရာတွေဟာ မိတ်ဆွေ ယုံကြည်မှုအတိုင်းဖြစ်လာမှာမို့ ယခုပဲ ကောင်းမွန်တဲ့ ယုံကြည်ခြင်းမျိုးစေ့ကို စိုက်ပျိုးစေချင်ပါတယ် ...
အောင်မြင်မယ်လို့ယုံကြည်လိုက်ပါ ... မိတ်ဆွေ အခု၂၀၂၁ကစလို့ မိတ်ဆွေ ယုံကြည်တဲ့အတိုင်း အောင်မြင်လာပါလိမ့်မယ်။