သြဂုတ် ၂၀မှ အဆက်
"ဂူဂူးရေ ထတော့"
ကိုကိုက စောစောစီးစီးလာနိုးသည်။
"ကိုကိုကလည်း ဂူဂူးက အိပ်နေတာကို"
ကျွန်တော်က ကိုကို့ကို အပြစ်တင်လိုက်သည်။
"မဟုတ်ဘူး မနက်ပိုင်း Family Devotionမှာ ကိုကြီးစံလာလို့ ဂူဂူးကိုမေးလို့ မေမေကဂူဂူးကို သွားနိုးချေဆိုလို့လာခဲ့တာ"
ကိုကိုက ဖြစ်ကြောင်းကုန်စင်ပြောပြ၍ ကျွန်တော့်ကိုဆွဲခေါ်သွားသည်။ မေမေက ကျွန်တော့်နောက်မှာ ကျွန်တော်မနက်ပိုင်း Family Devotionမှာ တခါမျှ မပါဝင်သည့်အကြောင်း ကိုကြီးစံကိုပြောပြမှာတော့ မလွဲဧကန်။ ကျွန်တော်ထင်သည့်အတိုင်းပင်။
"ဟော... ရွှေမင်းသမီးလေး ကြွလာပြီ။ ဖြည်းဖြည်း ကြက်ကလေးတွေ တက်နင်းမိနေဦးမယ်"
သူက အိပ်မှုန်စုံမွှားဖြစ်နေသော ကျွန်တော့်ကို လှမ်းစသည်။ Family Devotionပြီးတော့ မေမေကသူ့ကိုနေ့တိုင်း Family Devotionမှာ လာပေးရန်တောင်းဆိုလေသည်။ သူကလည်း အသာတကြည် လက်ခံသည်။ ဆိုးသည်မှာ ကျွန်တော်...
"ဂူဂူးမတော့ သွားပြီ..."
ကိုယ့်ဖာသာရင်ထဲတွင် ကျိတ်ပြောနေခြင်းပင်။ သူလာရင်နေ့တိုင်း အစောကြီးထရတော့မည် ဖြစ်သည်။ တွေးရင်း ငိုပါငိုချင်သွားသည်။ တဆက်တည်း ကျွန်တော်ပျော်မိသည်ကား သူ့ကိုနေ့တိုင်းတွေ့ရမည်ပင်။
"ဟဲ့.. ဂူဂူး...ဘာတွေကြောင်တောင်ရပ်နေတာလဲ။ သွား မျက်နှာသစ် ရေမိုးချိုးချေ"
မေမေ့စကားကြောင့် ကျွန်တော်လည်း ရှက်ရှက်နှင့် ရေချိုးခန်းထဲ ပြေးဝင်လိုက်ရသည်။
"Time fly so fast"
ကျွန်တော်စိတ်ထဲမှ ရေရွတ်လိုက်သည်။ အမှန်ပင် သူတောင် မနက်ဖြန်ပြန်ရတော့မည်။ သူ၂လလုံးလုံး ကျွန်တော်နဲ့တူတူသွား၊ အတူတူလာ၊ အတူတူပျော်ခဲ့ကြသည်။ ဒီညနှုတ်ဆက်ပွဲတွင်လည်း သွားရဦးမည်။ ကျွန်တော်ခွဲခွာခြင်းကို မုန်းသည်။ သူ့နှင့်ခွဲခွာရခြင်းကိုမူ သာ၍မုန်း၏။
"ဒေါက် ဒေါက်"
"ဘယ်သူလဲ ဝင်ခဲ့လေ"
"ဂူဂူးပါ ကိုကို"
ကျွန်တော်က ပြန်ထူးရင်းတံခါးကို ညင်ညင်သာသာဆွဲဖွင့်လိုက်သည်။ ကိုကိုနှင့်မောင်နှမဆိုပေသိ ကိုကို့အခန်းထဲ တခါမျှမရောက်ဖြစ်။ ယောကျ်ားလေးအခန်းဆိုပေသိ အရာရာဟာ သပ်သပ်ရပ်ရပ်နှင့် နေချင်စဖွယ်ကောင်းပေသည်။ ကျွန်တော်က ကိုကို့အခန်းကို ငေးမိနေ၍ လာသည့်အကြောင်းအရာကိုပင်မေ့သွားသည်။
"ဂူဂူး ပြောလေ ဘာပြောမလို့လဲ"
ကိုကိုက လှမ်းအော်မှ စိတ်နဲ့လူနဲ့ကပ်သွားသည်။
"ကိုကို့အခန်းက အရမ်းလှလို့ငေးမိသွားတာ ဟီး..." အမှန်ပင် နေထွက်သည့်ရှုခင်းကို ကိုကို့အခန်း ရှေ့မှန်ကနေ မြင်နိုင်သည်။ ဘေးပြတင်းပေါက်မှလည်း နေဝင်ချိန်ကို ကြည့်နိုင်သေးသည်။
"ဆိုပါဦး လာရင်းကိစ္စက... မလာစဖူးနဲ့ "
"ကိုကိုညကျရင် ကိုကြီးစံနှုတ်ဆက်ပွဲသွားမယ်မလား"
"သွားမယ်လေ။ ဂူဂူးရောမသွားဘူးလား"
"ဂူဂူး သိပ်နေမကောင်းချင်ဖြစ်နေလို့။ ကိုကြီးစံအတွက် နှုတ်ဆက်လက်ဆောင်ကို ကိုကိုနဲ့ ပါးပေးလိုက်မလို့"
လူကတော့ နေကောင်းပါတယ်။ နှလုံးသားကသာ မျက်ရည်တွေရွှဲနေလေရဲ့။
"အွန်း ရတယ်လေ။ နေမကောင်းရင် စောစောနား၊ စာအုပ်ချည်းပဲ ပြူးပြဲဖတ်မနေနဲ့ဦး..."
ကိုကိုပြောသည်ကို ဘာမှပြန်မပြောဘဲ သူ့အတွက် ပါကင်ထုတ်လေးကို ကိုကို့ရဲ့ခုံပေါ်မှာ တင်ထားပေးလိုက်သည်။
"ကိုကို ဂူဂူးပြန်တော့မယ်နော်"
"မေမေ့ကို ဆေးတောင်းသောက်ဦးနော်"
"အင်းပါ ဂူဂူးသိပါတယ်"
ကျွန်တော်ဟာ အပြင်ဖက်မှာ အေးတိအေးစက်ပုံစံဖြစ်သော်လည်း ကျွန်တော့်ရင်ထဲတွင် ဘယ်လောက်ထိ ခံစားလွယ်သည်ကို မည်သူမျှမသိ။ ကျွန်တော်အခန်းထဲပြန်ဝင်ပြီး ခဏမှိန်းနေလိုက်သည်။
"ဂူဂူးရယ် ကိုကြီးစံဖြင့်စိတ်ပူလိုက်ရတာ။ ဂူဂူးနေမကောင်းဘူးဆိုလို့ ကိုကြီးစံ လာကြည့်တာ။ ခုရောသက်သာပြီလား"
သူ၏စိုးရိမ်မှုပြည့်နေသော မျက်နှာကို ကြည့်ရင်း ကျွန်တော်ကြက်သေ,သေသလို ကြောင်ကြည့်နေမိသည်။
"သက်သာပြီလား ကလေးလေးရယ်။ ကိုကြီးစံဖြင့် ရူးတော့မယ်ကလေးရယ်"
"သူက ကျွန်တော့်အတွက်နဲ့ မျက်ရည်လေးများ ကျနေသည်။ ကျွန်တော့်အခန်းရဲ့ မီးရောင်မှိန်မှိန်လေးထဲတွင် ကျွန်တော့်ကိုချစ်ကြောင်းတွေ စိုးရိမ်ကြောင်းတွေ ပြောနေပါလား...."
"ဂူဂူး သက်သာပါပြီ။ ညနေက ခေါင်းနည်းနည်းကိုက်လို့...။ ကိုကိုနဲ့ပါးလိုက်တဲ့လက်ဆောင်ရော ရလား"
ကျွန်တော့်စကားကြောင့် သူ့မှာ ပြန်စိတ်အေးသွားရပုံပင်။
"ရပါတယ် ကလေးရယ်။ သိုးမွှေးခေါင်းစွပ်အဖြူလေးနဲ့ သိုးမွှေးလည်ပတ်အဖြူလေး"
"ရှမ်းပြည်မှာကအေးလို့ ဂူဂူးကိုယ်တိုင်ထိုးပေးထားတာ ကြိုက်ရဲ့လား"
ကျွန်တော့်အမေးကို နားထောင်ရင်း သူကကျွန်တော် ထုတ်ပေးထားတဲ့ လက်ဆောင်လေးကို ထုတ်ပြီးပြသည်။
"ကြိုက်တာပေါ့ ကလေးလေးရယ်။ ကိုယ်ချစ်တဲ့သူပေးတဲ့ ဘယ်ပစ္စည်းမဆို အရမ်းကြိုက်ပါတယ်ဗျာ"
"ဂူဂူးကို ဒီလက်ဆောင်လေးတွေသုံးတိုင်း သတိရအောင် အမှတ်အသားလေး လုပ်ထားတယ်။ ဒီမှာတွေ့လား"
ကျွန်တော်ကသူ့ကို ခေါင်းစွပ်အောက်နားက Guဆိုတဲ့စကားလုံးလေးနဲ့ မာဖလာအောက်လုံးနားက Gu စကားလုံးလေးကို ပြလိုက်တော့ သူကသဘောကျကာ ကလေးတယောက်လို ဖြူစင်စွာပြုံးလိုက်သည်။
"ချစ်လိုက်တာ ကလေးရယ်"
နှစ်ကိုယ်သာကြားနိုင်အောင် ပြောသောသူ့စကားကို ကျွန်တော့နှလုံးသားကတော့ အသေအချာမှတ်မိနေသည်။ ရုတ်တရက် နူးညံ့သော အထိအတွေ့တခု ကျွန်တော့်နှုတ်ခမ်းပေါ်သို့ ရောက်လာခဲ့သည်။ ကျွန်တော်ကြောက်ကြောက်နှင့် မျက်လုံးများပိတ်ပစ်လိုက်သည်။
"ဝုတ် ဝုတ် အာဝူး..."
"အမလေး လန့်လိုက်တာ" ကျွန်တော်မည်သူမျှမရှိသော တခြားကမ္ဘာသို့ရောက်သွားသလိုခံစားလိုက်ရသည်။
"သြော် အိမ်မက်လေးပါပဲလား"
ကျွန်တော့်စိတ်ထဲမှာ ရေရွတ်ရင်း သက်ပြင်းလေးချလိုက်သည်။ လန့်နိုးသွားတဲ့အရှိန်ကြောင့် တကိုယ်လုံးချွေးတွေစို့နေသည်။ နွေရာသီညဖြစ်၍ ရေငတ်လာသလိုခံစားရသည်။ အိမ်ကလူကြီးများပင် အိပ်ယာဝင်ကြပြီ။ ကျွန်တော်ခြေသံဖွဖွလေးဖြင့် အောက်ထပ်သို့ ဆင်းလာသည်။ ရေသောက်ပြီး ညနေကဘာမှမစားရသည်ကိုသတိရ၍ ခေါက်ဆွဲပြုတ်ပါ တခါတည်း ပြုတ်ကာစားလိုက်သည်။ ခေါက်ဆွဲပြုတ်နေတုန်း စိတ်အလျင်က သူ့ဆီတဖန်ရောက်ပြန်သွား၍ ခေါက်ဆွဲပြုတ်လေးပင် အနည်းငယ်ပွသွားသည်။
"သြော် အချစ် အချစ်... တော်တော်ဒုက္ခပေးတဲ့အချစ်"
မီးဖိုခန်းထဲ တယောက်တည်း ရေရွတ်နေလိုက်သည်။ စားသောက်ပြီး၍ ကျွန်တော့်အခန်းထဲ ပြန်တက်သည်။ မျက်လုံးများကြောင်နေ၍ စာအုပ်တအုပ်ဖတ်နေလိုက်သည်။
"ကလင် ကလင်"
မနက်ပိုင်း Family Devotion Bellတောင် မြည်လေပြီ။ စာဖတ်ကောင်းသည်နှင့် အချိန်နာရီများကိုပင်သတိမထားမိ။
"Good Morning ဂူဂူး"
ခါတိုင်းမနက်တိုင်း နှုတ်ဆက်တတ်သည့်သူမရှိတော့ပါလား။ ရင်ထဲမှာဟာတာတာကြီးရယ်...။ Family Devotionပြီးတော့ မနက်စာစားကြသည်။
"ဂူဂူး ဒီနေ့စာကြည့်တိုက်သွားမှာလား"
ကိုကိုက ထူးထူးဆန်းဆန်းမေးနေ၍ ကျွန်တော်ပင်အံ့သြသွားသည်။
"သွားမယ်လေ ဘာဖြစ်လို့လဲကိုကို"
"ဆရာချစ်ဆီ ဒီစာလေးပို့ခဲ့ပေးပါလား"
"ဆရာချစ်အိမ်နဲ့ စာကြည့်တိုက်က လမ်းမှမကြုံတာ"
"ဂူဂူးကစက်ဘီးနဲ့သွားတာပဲ။ မြန်ပါတယ်... ကိုကိုကမအားလို့"
"အင်းပါ အင်းပါ သွားပို့လိုက်မယ်"
ကျွန်တော်စားသောက်ပြီးသည်နှင့် ကိုကိုပေးသည့်စာအိတ်လေးယူကာ အိမ်ကနေထွက်လာခဲ့သည်။ ကျွန်တော်က ဆရာချစ်အိမ်အရင်သွားပြီးမှ စာကြည့်တိုက်သွားရန် ဆုံးဖြတ်လိုက်သည်။ စက်ဘီးစီးနေရင်း သီချင်းကို တိုးတိုးလေး ညည်းဆိုနေမိသည်။
"ဆရာချစ် ရှိလားဗျ...။ အဲ... ဆရာချစ်ရှိလားရှင့်..."
သူက မိန်းကလေးဆိုတာ သိမ်သိမ်မွေ့မွေ့ရှိရမယ်။ ယောကျာ်းလေးလို မနေရဘူးဟုဆိုထား၍ အတတ်နိုင်ဆုံး သူ့စကားကိုနားထောင်သည် (ချစ်တာကိုး)။
"ဟော့... ဂူးစိန်ပါလား။ မျက်စိလည်လမ်းမှားလာတာလား"
ဂူဂူးက သူများအိမ်ကို ကိစ္စမရှိရင် မသွားတတ်သောကြောင့်ဖြစ်သည်။
"မဟုတ်ပါဘူးဆရာချစ်ရယ်...။ ကိုကိုက စာလာပေးခိုင်းလို့ စာကြည့်တိုက်လာရင်း ဝင်ပေးတာ"
"သြော်အေးအေး...။ အိမ်ထဲဝင်ပြီးရေနွေးကြမ်း သောက်သွားပါဦးလား"
"မသောက်တော့ဘူး အိမ်ပြန်ရင် နေမြင့်သွားမှာ စိုးလို့"
ဂူဂူးကပြောနေရင်း ဆရာချစ်ကို စာအိတ်လေးပေးကာလှည့်ထွက်လာသည်။ ထို့နောက် စာကြည့်တိုက်ဘက်သို့ စက်ဘီးလေးနင်းလာသည်။ စာကြည့်တိုက်မရောက်ခင် ကုက္ကိုပင်နားရောက်ချိန်တွင်မူ ဂူဂူးနှလုံးခုန်သံများ ရပ်တန့်သွားသလိုခံစားလိုက်ရသည်။
"ချစ်တယ် အရမ်းချစ်တယ်"
သူက ကောင်မလေးတယောက်ကို ပြောနေသည်။ ထို့နောက်ကောင်မလေးက သူ့ကိုပြေးဖက်လိုက်သည်။ ဂူဂူးကို သူတွေ့သွားမှာစိုး၍ စက်ဘီးကိုအသားကုန်နင်းလိုက်သည်။ ဂူဂူးလမ်းတွေကိုလည်း မမြင်ရတော့ပါ။ အရာရာဟာ မည်းမှောင်နေသည်။ စာကြည့်တိုက် မသွားဖြစ်တော့ဘဲ အိမ်ကို မည်သို့ပြန်ရောက်ခဲ့သည်ကိုပင် မသိတော့ပါ။ ဂူဂူး အခန်းတံခါးကိုLockချပြီး ခေါင်းအုံးနှင့်မျက်နှာအပ်ကာ ငိုနေမိတော့သည်။ သူအရမ်းရက်စက်သည်။ သူတို့နှစ်ယောက်စလုံး ရက်စက်သည်။ တယောက်က ဂူဂူးအရင်းနှီးဆုံးသူငယ်ချင်း မမယ်ရီ၊ တယောက်က ဂူဂူးအချစ်ဆုံးသူ ကိုစိုးစံထွဋ်။ သူက ဂူဂူးကို သူငယ်ချင်းရစေချင်သည်ဆို၍ သူငယ်ချင်းရအောင်လုပ်ပေးခဲ့သည်။ ဂူဂူးယုံကြည်၍ သူနဲ့ပတ်သက်သော ဂူဂူးခံစားချက်တွေကို မမယ်ရီကို ရင်ဖွင့်ခဲ့ဖူးသည်။ မယ်ရီက ဂူဂူးနောက်ကျောကို ဓားနဲ့ထိုးခဲ့သည်။ နောက်ကျောကို ဓားနဲ့ထိုးသူက လှည့်ကြည့်တဲ့အခါ အခင်ရဆုံး၊အချစ်ရဆုံးသူဖြစ်နေတဲ့အခါ ပိုနာကျင်ရသည်။ ဂူဂူးအသက်မရှင်ချင်တော့ပါ။ ဆယ်ကျော်သက် တယောက်ရဲ့ အချစ်အပေါ်ရူးသွပ်မှုကို ဂူဂူးစတင်ခံစားရသည်။ သူ့ကိုမှမရရင် ဂူဂူးသေမည်။ ဂူဂူးရူးမည်။ သူမရှိရင် ဂူဂူးအသက်ရှင်ရသည်မှာ အဓိပ္ပါယ်ရှိမည်မဟုတ်ပါ။ အတွေးများက ဂူဂူးကိုသတ်နေသည်။ ဂူဂူး ဘာမှစဥ်းစား၍ မရတော့ပါ။ အခန်းမှထွက်ပြီး အောက်ထပ်ကို ဆင်းလာကာ ဆေးဗူးထဲက အိပ်ဆေးဗူးကို လှမ်းယူစဥ်မှာ "ကျွန်တော်၊ ကျွန်မတို့တတွေရဲ့ ခန္ဓာကိုယ်က ဘုရားရဲ့ ဗိမ္မာန်တော်ဖြစ်တယ်။ ဘုရားရဲ့ဗိမ္မာန်တော်ကို ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ စိတ်အလိုစိတ်သဘောအရ မဖျက်ဆီးရဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ပုံစံနဲ့အညီ ဘုရားသခင်ကဖန်ဆင်းထားလို့ပဲ"
ဒီစကားတွေက သူ့စကားတွေပါ။ သူBible Study သင်ပေးတုန်းက လူငယ်တွေ ဆေးမင်ကြောင်ထိုးတာ ကိုယ့်ကိုယ်ကို သတ်သေတာတွေ ဘုရားမကြိုက်ကြောင်း ပြောပြခဲ့တဲ့စကားတွေပါ။ ဂူဂူးလည်းအိပ်ဆေးဗူးကို ပြန်ချပြီး စိတ်သက်သာရာ သက်သာရလိုရငြား ကိုကို့အခန်းဘက် ကူးလိုက်သည်။ ကိုကို့အခန်းထဲ ဝင်လိုက်တိုင်း ဂူဂူးဘဝဟာ နွေးထွေးသွားသလို ခံစားရသည်။ ဒီတခါလည်း ထိုနည်းလည်းကောင်းပင်။
"အချစ် ...
လူတွေပြောပြောနေတဲ့အချစ်...
ဘယ်သူမဆို မကင်းလွတ်နိုင်တဲ့အဖြစ် ...
အမှားအမှန် မမြင်နိုင်တဲ့အချစ်...
ခဏ ...
လူတွေအချစ်က ခဏလေးအတွင်းမှာ ...
အရောင်တွေ ပြောင်းလဲနိုင်တဲ့အချစ်ပါ ...
မပြောင်းနိုင်သော အချစ်များနဲ့ ...
ပြန်ဆုံချင်သေးလို့ ...
ရှာနေလည်း အဝေးဆုံးပြေး ...
ဘယ်မှာ အချစ်စစ်တွေ့နိုင်မလဲ ...
ငါရရှိဖူးခဲ့တာလည်း ...
အကုန်လုံး အတုများပါပဲကွယ် ...
မျှော်နေဆဲ တို့ဘဝအတွက် ...
ကန္တာရအတွက် စမ်းရေလေး ...
ဘဝမောပန်းတဲ့ ခရီးရှည်ထဲ ...
ဆုံတွေ့နိုင်ခွင့် မျှော်လင့်တယ် ...
အချစ်စစ်တွေနဲ့ ..."
ကိုကို့၏ သီချင်းစာသားများက ဂူဂူး၏ မျက်ရည်ဥလေးများကို ဖြစ်ပေါ်စေသည်။
"ဂူဂူး လာလေ..."
ကိုကိုကလှမ်းခေါ်မှ မျက်ရည်များမကျအောင် မျက်တောင်အမြန်ခတ်လိုက်ရသည်။
"ကိုကို အဲ့သီချင်းက ဘယ်သူဆိုတာလဲဟင် "
"အဲ့သီချင်းက ဆရာစံပီးရဲ့အချစ်စစ်သီချင်းလေ။ ကိုကို တခုခုခံစားရတိုင်း ဒီသီချင်းပဲ နားထောင်တယ်၊ ဆိုတယ်။ ဂူဂူးက ကြိုက်လို့လား"
"လတ်တလောခံစားချက်နဲ့ တိုက်ဆိုင်နေတော့ ကြိုက်တယ်ပဲပြောရမှာပေါ့။ ကိုကိုဆက်ဆိုပါဦး ဂူဂူးနားထောင်ချင်လို့"
ကိုကိုကသဘောပေါက်ဟန် ပုံစံဖြင့်ခေါင်းတဆက်ဆက်ညိမ့်ကာ ဂီတာကိုကိုင်လိုက်သည်။ (ကိုကိုက မမယ်ရီကို ကြိုက်တာလေ)
"အပြစ် ...
တခါတရံအချစ်က အပြစ်များဖြစ်ကာ ...
လူတွေအမုန်းနဲ့ဇာတ်သိမ်းကြတာ ...
အနားမှာမြင်နေရင်းနဲ့ ...
အခု ...
ငါရှာတွေ့တဲ့ချစ်ခြင်းပဲ ...
ယုံကြည်ကိုးစားနေခဲ့မိပြီ ...
သခင့်ချစ်ခြင်းတွေကတော့ ...
ဘယ်အခါမပြောင်းလဲ...
ရှာနေလည်း အဝေးဆုံးပြေး ...
ဘယ်မှာ အချစ်စစ်တွေ့နိုင်မလဲ .........
လောကကြီးရဲ့ ဘယ်မှာများ ...
အချစ်စစ်တွေ့နိုင်မလဲ ...
သောကများနဲ့ ရှာနေတုန်းတွေ့ခဲ့ ...
အသက်ပေးတဲ့အချစ်ရယ်...
ရှာနေလည်း အဝေးဆုံးပြေး ...
ဘယ်မှာ အချစ်စစ်တွေ့နိုင်မလဲ............. "
သီချင်းဆုံးချိန်မှာ ကိုကိုရောဂူဂူးပါ မျက်ရည်တွေရွှဲနေသည်။ မောင်နှမနှစ်ယောက် မျက်ရည်နဲ့တယောက်ကိုတယောက်ကြည့်ကာ ရယ်မိသည်။ အဲဒီနောက်တော့ တယောက်နဲ့တယောက်အကြောင်း ရင်ဖွင့်ရင်း အနာဂတ်အတွက် ဆုံးဖြတ်ချက်တခုကိုချမှတ်လိုက်တော့သည်။
ထိုနေ့မှစ၍ ယနေ့၊ အခုချိန်အထိ ဘုရားအမှုတော်မြတ်မှာ အုတ်တချပ်၊ သဲတပွင့်အဖြစ် ပါဝင်ဆက်ကပ်လိုက်တော့သည်။ ကျွန်မစကားအဆုံးတွင် လူငယ်များက လက်ခုပ်သြဘာပေးကြသည်။
"လူငယ်တွေအတွက် သက်သေခံပေးသွားသော ဆရာမရွှေတန်ခူးကို အထူးကျေးဇူးတင်ပါသည်"
သဘာပတိကြီး၏ စကားကြောင့် ကျွန်မအနည်းငယ်ပြုံးမိပါသည်။ သည်အချိန်၊ သည်လိုနေရာမှာ သည်လိုပြုံးနိုင်ဖို့ တချိန်က ခေါင်းအုံးနှင့်မျက်နှာအပ်ကာ ငိုခဲ့ရသည့်ညများစွာကိုတော့ မည်သူမျှသိမည်မဟုတ်။
အစီအစဥ်ပြီးသည့်အခါ ကျွန်မအဆောက်အဦးအပြင်သို့ထွက်ခဲ့သည်။
"ဆရာမလေး ရွှေတန်ခူး"
တစုံတယောက်ခေါ်သံကြောင့် ကျွန်မလှည့်ကြည့်မိသည်။ တခဏတာအတွင်း ကျွန်မအတိတ်နေ့ရက်များသို့ ပြန်ရောက်သလိုခံစားလိုက်ရသည်။ "အချစ်နဲ့ပတ်သက်ရင် လူတွေကမရင့်ကျက်နိုင်ဘူး" ဆိုတဲ့စကားကမှန်နေပါကောလား။ ကျွန်မစိတ်ကို အတတ်နိုင်ဆုံးငြိမ်အောင်ထိန်းလိုက်သည်။
"ဟုတ်ကဲ့ မတွေ့တာကြပြီနော် ဆရာစိုးစံထွဋ်"
ကျွန်မစကားကြောင့်သူက အနည်းငယ်ပြုံးသွားသည်။
"ဆရာမလေး ရွှေတန်ခူးအချိန်ရရင် ကော်ဖီတူတူသောက်ပြီး စကားပြောလို့ရမလားဗျ။ ဒီနေ့က Sundayမဟုတ်တော့ ဆရာမလေးမငြင်းဘူးလို့ မျှော်လင့်ပါတယ်"
သူ့စကားကြောင့် ကျွန်မပြုံးမိသွားသည်။
"ဟုတ်ကဲ့ ဒါဖြင့်သွားကြရအောင်လေ"
တိတ်ဆိတ်နေသော ကော်ဖီဆိုင်လေးရဲ့ထောင့်ဆုံးဝိုင်းမှာ ဆရာနဲ့ဆရာမနှစ်ယောက် ငယ်မူပြန်နေသည်ကို ကလေးများတွေ့ရင် ရယ်နေမလားဆိုတဲ့စိတ်ကလေးက ကျွန်မကိုအနည်းငယ်စိုးရိမ်မှုဖြစ်စေသည်။ သို့သော် အချစ်က လူကိုအုပ်စိုးလိုက်တဲ့အခါ ကောင်းကင်ဘုံကို ရောက်သွားသလိုပင်။
"ဂူဂူးကို လိုက်ရှာရတာ ၁၀နှစ်တောင်ကြာသွားတယ်။ Facebookမှာကော၊ အပြင်မှာပါ၊ လိုက်ရှာလိုက်ရတာ။ ခုမှပဲ မရွှေချောကို မိတော့တယ် "
"ကိုကြီးစံက ဘာလို့ဂူဂူးကိုလိုက်ရှာတာလဲ"
"ဂူဂူးမြင်ခဲ့တဲ့အရာက ဂူဂူးကိုအထင်လွဲသွားစေလို့ ဂူဂူးကို ရှင်းပြဖို့ ကိုကြီးစံက ဂူဂူးကိုလိုက်ရှာရတာပေါ့ "
"အဲ့နေ့က ကိုကြီးစံ, ဂူဂူးကိုတွေ့လိုက်လို့လား"
"တွေ့လိုက်တာပေါ့ ဂူဂူးစက်ဘီးကို ဒယိမ်းဒယိုင်နင်းသွားတာ။ ကိုကြီးစံဖြင့် လမ်းမှာတခုခုဖြစ်မှာ စိုးရိမ်နေတာ။ ဒါမဲ့... "
သူမျက်နှာအနည်းငယ်ညိုးသွားသည်။
"ဂူဂူး ကိုကြီးစံကိုကြိုက်ကြောင်း မယ်ရီကို ရင်ဖွင့်ခဲ့တယ်မလား "
ဒီတခါတော့ မျက်နှာညိုးသွားသူမှာ ကျွန်မပင်။
"ဟုတ်တယ်"
ကျွန်မပြတ်ပြတ်သားသားပင် ဖြေလိုက်သည်။
"အဲ့နေ့က မယ်ရီလာပြောပြလို့ ကိုကြီးစံလည်း ဂူဂူးကိုချစ်ကြောင်း ပြန်ပြောလိုက်တာ မယ်ရီက ရုတ်တရက်မူးလဲသွားတာ။ ကိုကြီးစံက လှမ်းထိန်းပေးတော့ ဖက်ထားသလိုဖြစ်သွားတာ။ မယ်ရီကို ဆေးရုံလိုက်ပို့ရတော့ ဂူဂူးကိုလှမ်းမခေါ်ဖြစ်တော့တာ။ ညနေသွားမယ်လုပ်တော့ ဂူဂူးခံစားနေရမယ်ဆိုတာ ကိုကြီးစံသိတယ်။ ကိုကြီးစံကိုလည်း တွေ့ချင်အုံးမှာ မဟုတ်ဘူးဆိုပြီး မသွားတော့တာ။ မနက်ကျတော့လည်း ကိုကြီးစံ ရှမ်းပြည်ကိုပြန်သွားရတယ်လေ..........။ ဒေါ်ဒေါ်နဲ့ဆရာတော်ဆီကိုလည်း မကြာခဏရောက်သေးတယ်။ ဆရာတော်ကတောင် အသက်လေးရနေပြီ။ ဆရာလင်းတောင် သူ့အဖေနေရာ ဝင်လုပ်ပေးနေရပြီလေ။ ဂူဂူးရောလို့ ဒေါ်ဒေါ့်ကိုမေးတော့ ဆရာတော်က မျက်နှာလေးညိုးနေတယ်။ ဒေါ်ဒေါ်က ဂူဂူးက စေလိုရာစေဆိုပြီး အမှုတော်ဆောင်နေတယ်တဲ့။ သူကတနေရာပြီးတနေရာသွားရတော့ ဘယ်မှာလဲဆိုတာ အတိအကျပြောလို့မရဘူးတဲ့။ ဒီတခါမှ ဆရာလင်းက သူအဲ့နေ့ အဲ့နေရာမှာရှိမယ်ဆိုလို့ ကိုကြီးစံလိုက်လာတာ။ ကျေးဇူးတော်ပဲ။ ၁၀နှစ်လောက်ရှာခဲ့ရတဲ့ ကောင်မလေး ခုမှပြန်တွေ့တော့တယ် "
သူကစကားဆုံးတော့ အနည်းငယ်မောသွားဟန်။
"တီ....တီ..."
ကိုကိုဆိုတဲ့ နာမည်နဲ့ဖုန်းဝင်လာသည်။
"ခဏနော် ဂူဂူးဖုန်းပြောလိုက်ဦးမယ်"
"ရတယ် အေးဆေးပြော။ ဆရာလင်းဆီက မင်္ဂလာသတင်းကြားရတော့မယ်ထင်တယ်..."
သူကပြောတော့ ကျွန်မပင် ကြောင်သွားသည်။
"ဟယ်လို ကိုကို"
"ဟယ်လို ဂူဂူး...။ ကိုကို ဂူဂူးကိုပြောစရာရှိလို့"
"ပြောလေ ကိုကို"
"ကိုကို မင်္ဂလာဆောင်တော့မယ် မယ်ရီနဲ့ "
ကိုကို့စကားကြောင့် ကျွန်မမှာ အံ့သြသွားရသည်။
"ဂူဂူးလည်း ကိုစိုးစံနဲ့အဆင်ပြေပါစေနော် ...။ အားလုံးသိပြီးပြီမလား "
"ဟုတ်ကဲ့"
"ကိုကိုဖုန်းချပြီနော်။ မင်္ဂလာကိစ္စစီစဥ်ရတော့မှာမို့ ငါ့နှမလေးကို ပြန်လာစေချင်တယ် "
"ဟုတ်ကဲ့ ပြန်လာခဲ့ပါ့မယ်"
"သတို့သားအရံပါ တခါတည်းခေါ်ခဲ့နော်"
ကိုကို့စကားကြောင့် ကျွန်မမျက်နှာရဲသွားသည်။
"ဟာ ကိုကိုနော်..."
ကိုကိုကရယ်ရင်း ဖုန်းချလိုက်သည်။ ကျွန်မလွန်ခဲ့တဲ့ ၁၀နှစ်တုန်းက ဆရာစိုးစံထွဋ်ရဲ့ Bible Study သွားတက်တုန်းက သူ့စကားလေးကို သတိရသွားတယ်။
"ဘုရားသခင်က သူ့အချိန်နဲ့သူအလုပ်လုပ်တယ်။ ဘုရားက သူဖန်ဆင်းထားတဲ့ လူယောကျ်ားတယောက်မှာ နံရိုးပိုင်ရှင်ဆိုတာရှိပြီးသားပဲ။ ဘုရားကိုဘယ်တော့မှ စောဒကမတက်ပါနဲ့။ ဘုရားရဲ့အချိန်ကိုစောင့်ပါ။ ဘုရားက သူ့အချိန်နဲ့သူ အလုပ်လုပ်ပါတယ်"
မေတ္တာများစွာဖြင့်
Tay
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 766 351 358 [KBZPay, Wave]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo