"ကျေးဇူးတော်ခွက်ဖလား လျှံလျက်ရှိပါ၏.........."
မနက်စောစော ကျွန်တော့်အိမ် မိသားစုဝတ်ပြုကိုးကွယ်ခြင်းတွင် မိသားစုဝင်များ သီချင်းကျူးဧကြခြင်းဖြစ်သည်။
ကျွန်တော်သည်မနက်စောစောထရသည်ကိုမုန်းသည်။ ထို့ကြောင့် မနက်မိသားစုဝတ်ပြုကိုးကွယ်ခြင်းတွင် တကြိမ်တမျှ မပါဝင်ဖြစ်။ အိမ်ကပြောသော်လည်း ကျွန်တော်ကနားမထောင်ပါ။ ကျွန်တော်က မိုက်ကန်းကန်း ပေတေတေလူမျိုး။ ကျွန်တော်ကအသင်းအုပ်ဆရာရဲ့သမီးဆိုပေသိ တခြားသော သင်းအုပ်ဆရာသားသမီးတွေလို လိမ္မာရေးခြားမရှိ။ ဝတ်ပြုကိုးကွယ်ခြင်းတွေမှာလည်း ပါဝင်ခြင်းမရှိ။ အသင်းတော်မှာလည်း တော်ရုံမပါဝင်ဖြစ်ပါ။ ကျွန်တော်က ကျွန်တော့်အချိန်အများစုကို ကျွန်တော့်အခန်းထဲတွင်သာ ကုန်ဆုံးလေ့ရှိသည်။ သို့သော်..........
၂၀၁၀၊ ဖေဖော်ဝါရီလ ၂၃ရက်နေ့၊ တနင်္ဂနွေနေ့
" ဂူဂူးရေ ဘုရားကျောင်းသွားမယ် မြန်မြန်လာ"
ကျွန်တော့်အမေရဲ့ဆော်သြသံကြောင့် စိတ်မပါတပါဖြင့် အိမ်ရှေ့ကိုထွက်လာခဲ့သည်။
"ဟဲ့... ဂူဂူး ဘုရားကျောင်းသွားပါမယ်ဆိုမှ ဘယ်လိုတွေ ပြင်ဆင်လာတာတုန်း သပ်သပ်ရပ်ရပ်လေး ပြန်ဝတ်စမ်း"
"အမေကလည်းဗျာ... T-Shirtနဲ့ ဂျင်းဘောင်းဘီနဲ့ အဆင်ပြေနေတဲ့ဟာကို"
"ဂူဂူး"
ကျွန်တော့်အမေက အသံပြတ်ပြတ် မျက်နှာတည်တည်ဖြင့် ကျွန်တော့်နာမည်ကိုခေါ်လိုက်သည်။
"ဟုတ်ပြီဗျာ သွားလဲလိုက်မယ် ကျေနပ်ပြီလား" ကျွန်တော်ကစိတ်မရှည်စွာ အခန်းထဲပြန်ဝင်လာသည်။ အင်ဒိုပါတိတ်အဖြူခံ ပန်းရောင်ပွင့်ဖတ် ရင်ဖုံးဝမ်းဆက်ကို ကျွန်တော်အချိုးကျကျဝတ်ဆင်လိုက်သည်။ မျက်နှာပေါ်ဝဲကျလာသော ဆံနွယ်များကို စိတ်မရှည်စွာသပ်တင်ရင်း အိမ်ရှေ့ကို တဖန်ပြန်ထွက်လာသည်။
"ဂူဂူးတို့မိသားစုပါလား..."
အသံလာရာ ကျွန်တော်လှည့်ကြည့်မိသည်။ အသားဖြူဖြူ၊ အရပ်အမောင်းကောင်းကောင်း၊ မျက်လုံးမျက်ဆံများက စူးရှတောက်ပနေသည်။ မျက်ခုံးထူထူ၊ နှာတံစင်းစင်းနှင့် ခန္ဓာကိုယ်အနေအထားက အချိုးကျပြေပြစ်၍ မြင်သူတိုင်း သမင်လည်ပြန်အကြည့်ဖြင့် ပြန်ကြည့်ရလောက်သည်အထိ ဆွဲဆောင်မှုရှိသည်။ လည်ကတုံး လက်ရှည်မိုးပြာရောင်နုနုကလေးကို ကရင်ပုဆိုးအပြာနုလေးဖြင့် ဝတ်ဆင်ထားသော လူပျိုတယောက်......။
"ဟုတ်တယ် ဒါဖြင့်ဒီကလူငယ်က....."
"ဒေါ်ဒေါ်က ကျွန်တော့်ကိုမမှတ်မိဘူးပဲ။ ကျွန်တော် စိုးစံလေ ဒေါ်ဒေါ်"
"သြော် ... ကြည်ပြာ့သားလေးပဲ...။ လူပျိုသိုးကြီးတောင်ဖြစ်နေပြီ။ အေးလေ... သားတို့ ဒီကပြောင်းသွားတာလဲ ၁၀နှစ်ကျော် နှစ်၂၀လောက်တောင်ပြည့်တော့မယ်"
"ဟုတ်တယ် ဒေါ်ဒေါ် ... ဂူဂူးတောင်အရွယ်ရောက်လာပြီ"
ကျွန်တော့်နာမည်ကိုခေါ်လိုက်၍ ကျွန်တော့်မျက်လုံးများ သူ့ဆီကိုကျွန်တော့်ခွင့်ပြုချက်မယူဘဲ ရောက်သွားသည်။
"ဟဲ့ ဂူဂူး... ကိုကြီးစံကိုစကားလေးဘာလေး ပြောလေ။ ငယ်ငယ်တုန်းကဖြင့် တိုကြီးစံ တိုကြီးစံနဲ့ ခုကျရှက်နေတယ်"
"အမေကလည်းဗျာ... ကျွန်တော်မရှက်ပါဘူး" ကျွန်တော်မရှက်ပါ။ ကျွန်တော့်ရင်ခုန်သံများကသာ မြန်သည်ထက်မြန်နေသည်။
"တို့ရဲ့ဂူဂူးက Tomboyလုပ်နေတာလား"
"ဟုတ်တယ်သားရေ... ။ အခုဘုရားကျောင်းသွားဖို့တောင် မနည်းပြောဆိုရတယ်။ အရိုးခေါင်းအင်္ကျီတွေဝတ်လာမလို့။ ကိုင်း... လာကြ ။ဘုရားကျောင်းနောက်ကျလိမ့်မယ်... သွားကြရအောင်"
မေမေ့ရဲ့စကားကြောင့် ကျွန်တော်ရောသူပါ ဘုရားကျောင်းဆီ ခြေလှမ်းလှမ်းခဲ့ကြသည်။
"ဂူဂူးလေး အသက်ဘယ်နနှစ်ရှိပြီလဲ"
ရုတ်တရက်မေးခွန်းကြောင့် ကျွန်တော်ကြောင်သွားသည်။
"အမ်...... ဆယ့်ခုနှစ်ကျော်ပြီ "
ကျွန်တော့်ရဲ့အဖြေကို သူကသဘောကျစွာပြုံးသည်။
"ကလေးပဲရှိသေးတာကို ဂူဂူးက"
ကျွန်တော်ဘာမှမပြောဘဲ ငြိမ်နေလိုက်သည်။ ဘုရားကျောင်းရောက်တဲ့အထိ စကားတခွန်းမျှမပြောဖြစ်တော့ပါ။ ဘုရားကျောင်းရောက်တော့ ကျွန်တော်ကသူ့ဘေးမှာထိုင်ရပြန်သည်။ အဖွင့်ဆုတောင်း၊ အလှူငွေဆက်ကပ်၊ ပြည့်စုံဆုတောင်းချိန်များတွင် ကျွန်တော်သူ့ကို မသိမသာခိုးကြည့်မိသည်။ ဝတ်ပြုကိုးကွယ်ခြင်း မည်သို့ပြီးသွားသည်ကိုပင် ကျွန်တော်မသိလိုက်။
"ဂူဂူးလေး"
သူ့ခေါ်သံကြောင့် ကျွန်တော်၏ အတွေးပုံရိပ်များ ပျံ့လွင့်သွားသည်။
"ဗျာ၊ ဗျာ..."
အသံများပင် တုန်ရီနေသည်။
"ဝတ်ပြုကိုးကွယ်ခြင်း အစီအစဥ်ပြီးပြီ ဂူဂူးလေးရဲ့။ ဘာတွေ အတွေးကောင်းနေတာတုန်း။ ကိုကြီးစံကိုပြောပါဦး"
"ဟီး....."
ကျွန်တော်က ရယ်သဖြင့် သူပါလိုက်ရယ်သည်။ ဘုရားကျောင်းအဆင်းတွင် မေမေက သူ့ကိုထမင်းစားဖိတ်သည်။ သူက အိမ်ရှေ့ရောက်ကာမှ မေမေ့ကို အကျိုးအကြောင်းပြောသည်။
"နောက်နေ့မှ လာစားတော့မယ် ဒေါ်ဒေါ် "
သူကမေမေ့ကိုဖြေပြီးသည်နှင့် ကျွန်တော့်ဘက်လှည့်လာသည်။
"ဂူဂူးလေး ညနေလူငယ်ဝတ်ပြုကိုးကွယ်ခြင်း သွားမှာမလား"
ကျွန်တော်က အင်တင်တင်လုပ်နေချိန်မှာ မေမေကပင်ဝင်ဖြေသည်။
"သူက တခါမှမသွားဘူး။ သူများနဲ့လည်းသိပ်မပေါင်းဘူးသားရဲ့...။ သားသွားရင် သူ့ကို ဝင်ခေါ်ပါဦး"
"စိတ်ချ ဒေါ်ဒေါ် ... ညနေဂူဂူးလေးကို ကျွန်တော်ဝင်ခေါ်လိုက်မယ်"
ပြောရင်းဆိုရင်း ကျွန်တော့်ဘက်လှည့်လာသည်။
"ဂူဂူးလေး အဆင်သင့်လုပ်ထားနော် ၃နာရီ ၄၅ကျရင် ကိုကြီးစံလာခေါ်မယ်"
"ဟုတ်"
ကျွန်တော်က မသွားချင်သော်လည်း သူက တကူးတက ဝင်ခေါ်မည်ဖြစ်၍ မငြင်းရက်တော့ပါ။
"ကိုင်း ဒါဖြင့် ဒေါ်ဒေါ် ကျွန်တော်သွားချေဦးမယ်။ ဂူဂူးလေး ကိုကြီးစံသွားပြီနော်"
ကျွန်တော်နှင့်မေမေကိုနှုတ်ဆက်ကာ ထွက်သွားသည့်သူ့ပုံစံမှာ ယောက်ျားကောင်းယောက်ပီသပေသည်။ ထို့နောက် ကျွန်တော်တို့သားအမိနှစ်ယောက်အိမ်ထဲသို့ပြန်ဝင်သည်။ ကျွန်တော်ကတော့ ကျွန်တော့်ပုံစံအတိုင်း မှုန်ကုတ်ကုတ်ဖြင့် အခန်းထဲ ဝင်သွားသည်။ အဝတ်အစားလဲပြီးသည်နှင့် နေ့လယ်စာစားရန် ကျွန်တော်အောက်ထပ်ကို ဆင်းလာသည်။ ထမင်းစားဝိုင်းတွင် ဖေဖေ၊ မေမေ၊ ကိုကိုတို့ထမင်းစားနေကြသည်။
"ဖေ့သဲတုန်းလေး.. လာထမင်းလာစားချေ"
ကျွန်တော်က မည်သို့ပင် ဆိုးပေတေပါစေ ကျွန်တော့်အဖေကို အရမ်းချစ်သည်။ အဖေ့စကားကိုလည်းနားထောင်သည်။ ဖေဖေက ကျွန်တော့်ကို တော်ရုံ အပြစ်မဆိုတတ်ပါ။ ကျွန်တော့်သဘော ကျွန်တော့်အလိုကို အမြဲလိုက်ပေးသည်။
"ဂူးဂူး ညနေကိုစိုးစံနဲ့ CEသွားမယ်ဆို"
ကျွန်တော့်အစ်ကိုက မေမေထံမှသိထားတာဖြစ်မည်။ သူကအမေ့ချစ်သားပဲကိုး.....။
"ဟုတ်တယ်.... ကိုကြီးစံက လာခေါ်မယ်ဆိုလို့..."
ကျွန်တော့်စကားကို ကိုကိုကသဘောကျသည်။
"ကောင်းတာပေါ့။ ဂူဂူး လူငယ်အဖွဲ့အစည်းမှာ ပါဝင်တာ ကိုကိုမြင်ချင်တယ်။ ဖေဖေနဲ့မေမေကလည်း အဲ့လိုပဲ မြင်ချင်နေတာ"
ကိုကိုက အားရဝမ်းသာပြောရှာသည်။ ဖေဖေရောမေမေပါ ဝမ်းသာကြသည်။ ထမင်းစားသောက်ပြီးနောက် ပုံမှန်အတိုင်း ကျွန်တော့်အခန်းထဲ ဝင်ပြန်လေသည်။ အချိန်အားဖြင့် ၃နာရီမျှသာ ရှိသေးသည်။ ကျွန်တော်လည်း စာအုပ်တအုပ် ယူဖတ်လိုက်သည်။ စာရေးဆရာမ မိုးမိုး(အင်းလျား)၏ "ပျောက်သောလမ်းမှာ စမ်းတဝါး" စာအုပ်ဖြစ်သည်။ ကျွန်တော်ကစာဖတ်ခြင်းကို ဝါသနာထုံသည်။ ကျွန်တော့်အချိန်အများစုကို စာကြည့်တိုက်တွင်လည်းကောင်း ကျွန်တော့်ရဲ့ မီးရောင်မှိန်မှိန်အခန်းလေးမှာ စာအုပ်ဖတ်ခြင်းဖြင့်လည်းကောင်း ကုန်ဆုံးတတ်သည်။
"ဂူဂူး ၃နာရီခွဲပြီ။ ရေမိုးချိုးပြင်ဆင်တော့။ နင့်ကိုစိတ်မချလို့ လာကြည့်တာ။ ထင်တဲ့အတိုင်းစာအုပ်တအုပ်နဲ့ ထောင့်ကပ်နေတာပဲ"
မေမေကကျွန်တော့်ကို ကိုကို့လို သွက်သွက်လက်လက် ရှိစေချင်သည်။ ကျွန်တော်ကမူအေးအေးလူလူပင် နေချင်သည်။
"အမယ် ငါ့နှမက တယ်လှနေပါလား"
ကိုကိုက ဘုရားကျောင်းသွားခါနီး ကျွန်တော့်ကို ဧည့်ခန်းတွင် တွေ့၍ လှမ်းစခြင်းဖြစ်သည်။
"ကိုကိုနော်"
ကျွန်တော်က ကိုကို့ကို စူပုတ်ပြလိုက်သည်။
"ဟုတ်ပါပြီ ကိုကိုကစတာပါ။ ဘုရားကျောင်းမှာ စောင့်နေမယ်"
ကိုကိုက နှုတ်ဆက်စကားပြောကာ ရယ်ကျဲကျဲနှင့်ထွက်သွားသည်။ ရှေ့ဆင့်နောက်ဆင့်ပင် သူ(ကိုကြီးစံ) ရောက်လာသည်။
"စောင့်ရတာကြာပြီလား ဂူဂူး"
"မကြာသေးပါဘူး"
"လာ... သွားရအောင်"
"ဟုတ် ဖေဖေ၊ မေမေ ဂူဂူးဘုရားကျောင်းသွားပြီနော်"
"အေး အေး...။ မောင်နှမနှစ်ယောက် ဂရုစိုက်သွားကြ။ သားလေး မင်းနှမကို ဂရုစိုက်ပေးပါဦးကွယ်"
မေမေမပါဘဲ ဘယ်မှမသွားသည့် ကျွန်တော့်ကိုမေမေကစိတ်ပူနေဟန်....။
"စိတ်ချပါ ဒေါ်ဒေါ်။ ဒါဖြင့် ကျွန်တော်တို့သွားချေဦးမယ်"
ဝင်းတံခါးကိုပိတ်နေ၍ ကိုကြီးစံက မတ်တပ်ရပ်စောင့်နေသည်။
"ပြီးပြီ... သွားကြရအောင်လေ"
သူကတချက်ပြုံးပြကာ ဘုရားကျောင်းဆီသို့ ခြေလှမ်းများ ရှေ့ရှုလိုက်သည်။
"ဂူဂူးလေးက ဘာကိုဝါသနာပါလဲ"
"စာဖတ်တာ ဝါသနာပါတယ်"
"ဘယ်လိုစာအုပ်တွေ စိတ်ဝင်စားလဲ ဂူဂူးက"
"အဲ့လိုမျိုးတော့ ဂူဂူးသတ်မှတ်မထားဘူး။ ရှိတဲ့စာအုပ်တွေ ဖတ်တာပဲ"
"ဒါဆို ဂူဂူးက စာကြည့်တိုက်ရောက်ဖြစ်တယ်လား"
"နေ့တိုင်းနီးပါး ရောက်ဖြစ်ပါတယ်"
"wow..... တော်လိုက်တဲ့ ဂူဂူးလေး"
ကျွန်တော့်ခေါင်းကိုပွတ်၍ ပြုံးနေသော သူ့ကိုကြည့်၍ ကျွန်တော့်ရင်ခုန်သံများမှာ ထိန်းချုပ်၍ပင်မရတော့ပေ။ ကျွန်တော် မသိမသာမျက်နှာလွှဲပစ်လိုက်ရသည်။
ဘုရားကျောင်းရောက်တော့ Praise and Worshipဦးဆောင်မည့်ကိုကိုပင် လှုပ်လှုပ်ရွရွ ရှိနေပြီဖြစ်သည်။ အစီအစဥ်တခုပြီးတခု ကျော်လွန်လာခဲ့လေပြီ ။ နောက်ဆုံး လူငယ်Pastor၏ ကြေညာချက်က ကျွန်တော်၏ ရင်ကို "ဒိတ်ခနဲ"ဖြစ်စေသည်။
"အလို ကိုကြီးစံက ငါတို့အသင်းတော်က လူငယ်တွေကို Bible Studyလုပ်ပေးမယ်တဲ့လား..."
ကျွန်တော့်ရင်ထဲမှ တိုးတိုးလေးရေရွတ်နေခြင်းဖြစ်သည်။
"ကိုကြီးစံက ဘာလို့ဂူဂူးကိုကြိုမပြောတာလဲ။ Bible Study သင်ပေးရမယ်ဆိုတာ"
ဘုရားကျောင်းဝင်းထဲက ပြန်ထွက်လာရင်း သူ့ကိုမနေနိုင်၍ မေးမိခြင်းဖြစ်သည်။
"သြော်... ကိုကြီးစံကို လူငယ်Pastorက အကူအညီတောင်းလို့ပါ"
သူ့အဖြေကတော့ ရိုးရှင်းသည်။
"ဂူဂူး ကိုကြီးစံတို့ တခုခုသွားစားကြမလား"
"ဘယ်မှာလဲ"
"ဆိုင်တဆိုင်ဆိုင်မှာပေါ့ ဂူဂူးရ"
"ဟမ် ... တနင်္ဂနွေနေ့ကြီးမှာလား။ တနင်္ဂနွေနေ့ကို တန်ဖိုးထားရမယ်လေ။ တနင်္ဂနွေနေ့မှာ အလုပ်လုပ်တာ စျေးရောင်းစျေးဝယ်တွေ မလုပ်ရဘူးလေ။ ဘုရားသခင်တောင် ဂူဂူးတို့ကိုဖန်ဆင်းပြီး ၇ရက်မြောက်တဲ့နေ့မှာ ငြိမ်ဝပ်စွာနေတယ်လေ။ ပညတ်တော်ဆယ်ပါးမှာလည်း ဥပုသ်နေ့ကို အလေးထားရမယ်ဆိုတာပါတယ်လေ ကိုကြီးစံ"
ကျွန်တော်ပြောသည့်အရာများကို တအံ့တသြကြည့်နေသောကြောင့် ကျွန်တော်ရှက်၍ ကြက်သီးများပင်ဖြန်းခနဲထသွားသည်။
"ဂူဂူးက အရမ်းတော်တာပဲ။ ဒီပညတ်တော်ကို စောင့်ထိန်းနိုင်တယ်။ ကိုကြီးစံက မြို့မှာနေတော့ အဲဒီအချက်ကို သိပ်မစောင့်ထိန်းနိုင်ဘူး"
သူကအဲဲဲဒီလိုပြောလာတော့ ကျွန်တော့်မှာ သနားသွားရသည်။
"ဂူဂူးတို့က မစောင့်ထိန်းရင် မေမေကလုပ်မှာလေ" ကျွန်တော်က ဖြေတော့ သူကရယ်သည်။
"ဒေါ်ဒေါ်က အဲ့လိုသွန်သင်ပေးလို့ ဒီလိုလိမ္မာရေးခြားရှိတဲ့ ကောင်မလေးဖြစ်လာတာပေါ့ ဂူဂူးရဲ့"
"ဂူဂူးက မလိမ္မာပါဘူး။ ဂူဂူးက မေမေ့စကားဆို တော်ရုံ နားမထောင်ဘူး။ ဟီး..."
ကျွန်တော်က ပြောင်စပ်စပ်လုပ်၍ သူကသဘောကျနေသည်။
"ဂူဂူးက လိမ္မာပါတယ်။ မနက်ဖြန်ညနေ Bible Study လာမယ်မလား"
သူ့မေးခွန်းကို ကျွန်တော်က အင်တင်တင်လုပ်နေမိသည်။
"ကိုကြီးစံ ဝင်ခေါ်မယ်လေ။ ဂူဂူးကို သူငယ်ချင်းလေးတွေ ရစေချင်တယ်"
သူကဆက်ပြောသည်။
"ဂူဂူးက သူငယ်ချင်းမှ မလိုချင်တာ"
ကျွန်တော်က စူပုတ်ပုတ်လုပ်ကာ ပြန်ဖြေလိုက်သည်။
"ဘာလို့တုန်း ဂူဂူးရ...။ သူငယ်ချင်းတွေရှိရင် အရမ်းပျော်ဖို့ကောင်းတာ"
သူကအားတက်သရော ပြန်ပြောလာသည်။
"ဂူဂူးသူငယ်ချင်းရှိတာ မကြိုက်ဘူး။ ဂူဂူးအခန်းလေးနဲ့ ရပ်ကွက်စာကြည့်တိုက်က ဂူဂူးရဲ့သူငယ်ချင်းကောင်းတွေပဲ"
ကျွန်တော့်အဖြေကြောင့် သူက တွေတွေလေးငြိမ်ကာစဥ်းစားနေသည်။
"ဒါဖြင့် ဂူဂူးက ကိုကြီးစံကို မခင်ဘူးပေါ့"
"အို... အဲ့လိုတော့ဘယ်ဟုတ်ပါ့မလဲ။ ကိုကြီးစံကိုတော့ ခင်... ခင်ပါတယ်"
"ကိုကြီးစံကိုခင်ရင် မနက်ကိုကြီးစံလာခေါ်ရင် လိုက်ခဲ့ရမယ်။ ဒါပဲ..."
သူ၏ကလေးဆန်ဆန် ရစ်တစ်တစ်ပုံစံကြောင့် ကျွန်တော့်မှာ ရီချင်စိတ်များဖြစ်လာသည်။
"ခစ်ခစ်"
ကျွန်တော်ရယ်၍ သူပါ သူ့ကိုယ်သူသတိထားမိသွားကာ လိုက်ရယ်သည်။
သူနဲ့ဆိုအချိန်တွေက သိပ်မြန်ပါလား......
"ဂူဂူး သွားပြီနော်"
ခြံရှေ့ရောက်၍ နှုတ်ဆက်ခွဲခွာရသည်။ ကျွန်တော်နှုတ်ဆက်ခွဲခွာခြင်းကို အလျင်းသဘောမကျ။
"တာ့တာ" သူကလက်ပြနှုတ်ဆက်ကာ ခြံရှေ့မှထွက်သွားလေသည်။
"မေမေ၊ ဖေဖေ ဂူဂူးပြန်ရောက်ပြီ"
ကျွန်တော်ပြောပြီးသည်နှင့် ကျွန်တော့်အခန်းထဲ ပြန်ဝင်သွားသည်။ အချိန်အားဖြင့် ည၆နာရီပင် ရှိလေပြီ။ ကျွန်တော့်အခန်း၏ ဝါကြင့်ကြင့်မီးလုံးလေးကို အဓိပ္ပာယ်မဲ့စွာ ထိုင်ငေးနေမိသည်။
"ကိုကြီးစံကို ဂူဂူးချစ်တယ်..."
မျက်နှာလေးအောက်ငုံ့ကာ ကျွန်တော့်နှုတ်ဖြင့် မဖော်ပြနိုင်သော နှလုံးသားစကားလုံးလေးများကို စာစီကာ သူ့ထံပေးလိုက်သည်။ ကျွန်တော့်လက်ထဲက ပန်းနုရောင်စာရွက်လေးကို လှမ်းယူကာ အောက်ငုံ့နေသော ကျွန်တော့်မျက်နှာလေးကို မေးစေ့မှ ပင့်တင်၍ မျက်ရည်များဝိုင်းနေသော ကျွန်တော့်မျက်ဝန်းအစုံကို ကြည့်နေသည်။
"ကလေးကို ကိုကြီးသိပ်ချစ်တယ်"
နှစ်ကိုယ်သာ ကြားနိုင်လောက်တဲ့ လေသံလေးဖြင့် ပြောလာသောသူ့ကို ကျွန်တော်ငို၍ ပြေးဖက်မိသည်။
"ဂူဂူးရေ ထတော့... ဖေဖေတို့စောင့်နေပြီ။ Family Devotionစတော့မယ်"
ကျွန်တော့်ကိုလာနှိုးသော ကိုကို့ကို ကျွန်တော်ငိုင်ငိုင်လေးကြည့်နေမိသည်။
"အိပ်မက်လေးပါပဲလား..."
စိတ်ထဲမှာ ရေရွတ်မိလိုက်သည်။
"၈နာရီထိုးတော့မယ် Bellခေါက်တာ ဂူဂူးက ဆင်းမလာလို့ ကိုကိုလာကြည့်တာ။ ဂူဂူးက အိပ်နေတာကိုး"
ကိုကိုက အကြောင်းစုံရှင်းပြသော်လည်း ကျွန်တော်ကြားတချက် မကြားတချက်ပင်။
"လှလိုက်တဲ့ကောင်းကင်ကြီးပါလား။ ကြယ်လေးတွေက အရမ်းလှတာပဲ"
နွေရာသီဖြစ်၍ စောစောအိပ်မပျော်နိုင်။
"နွေဦးရဲ့ညဥ့်နက်အလှက သိပ်လှပါလား"
ညဥ့်နက်ပိုင်းရပ်ကွက် အိမ်ခြေတိတ်နေချိန် ကျွန်တော်တယောက်တည်း အတွေးနယ်ချဲ့နေမိသည်။ ကျွန်တော်၏ လက်ပတ်နာရီမှ ၁ချက်ထိုးသံ တီး...တီး"သံကြားရမှ အိပ်ရာတွင် ပြန်လှဲနေလိုက်မိတော့သည်။
ဆက်ရန်
Tay
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 766 351 358 [KBZPay, Wave]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo