ကယ်တင်ခြင်းစိတ်ချမှု

(တမန်တော်ဝတ္ထု -၂:၄၇)

ဘုရားသခင်ကိုလည်းချီးမွမ်း၍ လူအပေါင်းတို့ရှေ့မှာ မျက်နှာပွင့်လန်းခြင်း အခွင့်ကိုရကြ၏။ ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။


ကယ်တင်ခြင်းနဲ့ပတ်သက်ပြီး ရှင်းရမယ်ဆိုရင် အတော်လေး ရှင်းရမှာပါ။ အခုကာလထဲ ခရစ်ယာန်မဟုတ်တဲ့ သူတွေဟာ တိုင်းပြည်အကျိုးလုပ်ဆောင်ရင်း သေကြတဲ့အခါ ခရစ်ယာန်တချို့အတွက် တွေးစရာလေးတွေ ဖြစ်လာပါတယ်။ ဒီလူတွေကယ်တင်ခြင်းရပါ့မလားပေါ့။ ကောင်းကင်နိုင်ငံ ဝင်ရပါ့မလားပေါ့။ တချို့ခရစ်ယာန်တွေကလည်း ငါတို့က ကယ်တင်ခြင်းစိတ်ချမှုရှိတယ်။ အခုချိန်သေလည်း အဆင်​ပြေတယ်။ ဘုရားသခင်ကိုမသိတဲ့ သူတွေကို စိတ်ပူလိုက်တာ ဆိုတာမျိုးတွေ တွေ့လာရပါတယ်။ 


ကျနော်တို့ တော်တော်များများ သွန်သင်ခံခဲ့ရတာက ဘုရားသခင်ကို ယုံကြည်တယ်။ ဒုတိယမွေးခြင်း ခံယူပြီးလို့ သေဆုံးရင် ငရဲမကျတော့ဘူး။ ဘုရားသခင်ကို ယုံကြည်ထားတယ်။ စသည်ဖြင့် ကယ်တင်ခြင်းကို ခရစ်ယာန်အများစုက လက်ခံထားကြပါတယ်။  မှန်သင့်သလောက်မှန်ပေမဲ့လည်း အပြည့်အဝမမှန်သေးပါ။ ရှင်းဆိုရရင် ကနဦးအသင်းတော်တွေမှာ ခရစ်တော်ကို ယုံကြည်သူတွေရဲ့အသက်တာဟာ လုံးဝဥဿုံပြောင်းလဲတဲ့ အသက်တာဖြစ်ပါတယ်။ တနည်းအရ လူဟောင်းရဲ့ အကျင့်အားလုံး ပယ်ပြီး လူသစ်တဦးရဲ့ ပုံစံမျိုးနဲ့ အသက်ရှင် လျှောက်လှမ်းခြင်းပဲ ဖြစ်ပါတယ်။ ကယ်တင်ခြင်းရပြီးတဲ့ အသက်တာက ကယ်တင်ခြင်း မရသေးခင် အသက်တာနဲ့ ခြားနားနေရမှာ ဖြစ်ပါတယ်။ သို့ပေတဲ့ ကယ်တင်ခြင်းရပြီးဖြစ်တဲ့ ယနေ့ခေတ် ခရစ်ယာန်တွေရဲ့ အသက်တာကို ဆင်ခြင်ကြည့်တဲ့အခါ ထူးထူးခြားခြား ပြောင်းလဲမှုပုံရိပ် မရှိတဲ့အကြောင်းကို တွေ့ရပါတယ်။ တချို့ခရစ်ယာန်တွေဟာ ခရစ်ယာန်မဟုတ်သူတွေထက် ပိုဆိုးဝါးတဲ့ အသက်တာနဲ့ အသက်ရှင်နေကြပါတယ်။ လောကရဲ့ သွေးဆောင်မှုတွေနဲ့သာ အသက်ရှင်ပြီး ဘုရားသခင်ကို မသိသလို အသက်ရှင်နေကြပါတယ်။ ဒါ့ကြောင့်လည်း "ယုံကြည်ရင် ကယ်တင်ခြင်းရပြီ"ဆိုတဲ့ သွန်သင်ချက်ကို နှစ်ခြိုက်နေကြရခြင်းလည်းဖြစ်တယ်။ 


ခရစ်ယာန်ယုံကြည်သူတဦးရဲ့ အသက်တာပိုင်းဟာ ခရစ်တော်အသက်ရှင်နေထိုင်သလိုမျိုး အသက်ရှင်ရမှာ ဖြစ်တယ်။  ခရစ်တော်လောကမှာ နေထိုင်စဥ်ကာလမှာ အကူအညီလိုအပ်သူတွေကို အကူညီပေးခြင်း၊ နာမကျန်းသူတွေကို ပျောက်ကင်းသက်သာခွင့်ပေးခြင်း၊ ဟောပြောခြင်း၊ သွန်သင်ခြင်း စတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ယနေ့ခရစ်ယာန်တွေလည်း ခရစ်တော်ယေရှုလုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းစဥ်တွေအတိုင်း ကြိုးစားလုပ်ဆောင်ပြီး အသက်ရှင်ရမှာဖြစ်ပါတယ်။ 


တော်လှန်ရေးကာလမှာ သေဆုံးသူတွေဟာ ယနေ့ခရစ်ယာန်တွေ ပြောသလို ဘုရားသခင်ကို မသိပေမဲ့လည်း သူတို့ရဲ့ အသက်ရှင်မှုက အခြားသူတွေအတွက် စွန့်လွှတ်အနစ်နာခံတဲ့ အသက်ရှင်မှု ဖြစ်ခဲ့ပါတယ်။ ​​သူတို့ဟာ လောကမှာ အသက်ရှင်နေထိုင်စဥ်မှာ လူသားတယောက်ပီသစွာနဲ့ အသက်ရှင်ခဲ့​ကြသူတွေ ဖြစ်ပါတယ်။ လူသားတယောက် တာဝန်ကျေပွန်ခဲ့ကြပါတယ်။ ဒါ့ကြောင့် သူတို့တွေ သေဆုံးသွားတဲ့အခါမှာ ငရဲကျမယ်၊ ကောင်းကင်ရောက်မယ်ဆိုတာကိုတွေးပြီး စိတ်ပူနေဖို့မလိုပါဘူး။ ကျနော်တို့ကိုးကွယ်တဲ့ ဘုရားသခင်ဟာ လူသားအားလုံးရဲ့ မိဘဖြစ်သလို ချစ်ခြင်းမေတ္တာရှင်လည်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ မိဘဖြစ်တဲ့ ဘုရားသခင်က သူ့ရဲ့ သားသမီးတွေကို အကောင်းဆုံး ပြင်ဆင်ပေးနေမှာ ဖြစ်ပါတယ်။ ဘယ်နေရာကို သွားရမယ်ဆိုတာကို ဘုရားရှင်သာ ပြင်ဆင်ပေးမှာဖြစ်တယ်။ 


နောက်ဆုံးအနေနဲ့ ဖော်ပြလိုတာက ကယ်တင်ခြင်းဟာ ဘုရားသခင် (ယေရှု)တပါးတည်းသာ ပေးနိုင်တဲ့အရာ ဖြစ်ပါတယ်။ အဲဒီဘုရားသခင် (ယေရှု)ကို ယုံကြည်ထားမယ်ဆိုရင် ဘယ်နေရာသွားရမယ်ဆိုတာကို စိတ်ပူစရာ မလိုတော့သလို တခြားသူတွေ ဘယ်နေရာသွားရမယ် ဆိုတာကိုလည်း စိုးရိမ်စရာ မလို​တော့ပါဘူး။ သတိချပ်ဖို့ရန်ဖြစ်ပါတယ်။ "ဧဝံဂေလိလုပ်ဖို့ မလိုအပ်ဘူး"လို့ ​ဆိုလိုခြင်း မဟုတ်ပါ။ ဧဝံဂလိလုပ်ဖို့ လိုအပ်ပါတယ်။ ဘုရားသခင်ကို ယုံကြ​ည်ပြီး အသက်တာပိုင်းမှာ အမှန်တကယ်ပြောင်းလဲသူတွေဖြစ်အောင် ဧဝံဂလိလုပ်ရမှာ ဖြစ်ပါတယ်။

   

မိမိကိုယ်တိုင် လောကကြီးထဲမှာ အလင်းဖြစ်ဖို့၊ ဆားဖြစ်ဖို့ ကြိုးစားအသက်ရှင်ပြီး လူသားတယောက်ရဲ့ တာဝန်ကျေပွန်ဖို့ လိုအပ်ကြောင်း တိုက်တွန်း ခွန်အားပေးလိုက်ပါတယ်။


ဆရာကြီး

ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 264 796 091 [KBZPay, Wave]


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo