ကိုယ်လုံးတီးကိုယ်ကျင့်တရားတွေနဲ့
ကာကွယ်မယ်ဆိုတဲ့ကတိကို အရှက်မရှိတဖွဖွပြောနေတာ
ကာလနာ မြွေပွေးတောင် ကိုက်ရမှာရွံ့လို့
ကိုဗစ်နဲ့အတူ ကာလယန္တရားကြီးကခေတ်ပျက်ကြီးဖန်တီးလို့
ကူရာမဲ့လူတွေက ဖေ့ဘုတ်မှာဆဲသူဆဲ ငိုသူငို
ကပ်ပါးကောင်တွေကတော့ အိုတူးတွေအလျှံပယ်ဆိုပဲ
ကြပ်တည်းပါတယ်ဆိုမှ ဥအတွက်တန်းစီ လေအတွက်တန်းစီ
ကြမ်းတမ်းတဲ့နေ့ရက်တွေက ပုံသွင်းဖန်များလာတော့
ကြားနေကျဖြစ်လာတဲ့ငိုသံတွေက သံစဥ်လိုလို ဘာလိုလို
ကားတွေက ရေဝေးမှာစည်ကားလို့ ငိုသံအစားအံကြိတ်သံတွေက ဂီယာညှပ်သလို ဂျစ်ဂျစ်နဲ့
ကောင်းရာသုကတိမလားခင် ခေါင်းတိုင်ထဲမြန်မြန်ရောက်ဖို့ကြိုးစားနေရသူတွေက တုံးလုံးပက်လက်
ကြိုက်စျေးခေါ်လို့ရတဲ့အထဲ အသက်တွေမပါဘဲ
ကစားလို့ကောင်းတဲ့အသက်စျေးကွက်က အတက်သာရှိပြီးအဆင်းမရှိတဲ့လေယာဥ်တွေလို ပျက်ကျမှပြန်ဆင်းမဲ့ပုံပဲ
ကန့်ငရဲခန်းကို အိပ်ယာဝင်ပုံပြင်ထင်နေတဲ့လူတချို့က
ကြွကြွရွရွလေးနဲ့ အောက်စီဂျင်အလုံအလောက်ရှိပါတယ်ဆိုပဲ
ကြွေသင့်သူမကြွေ ဝေသင့်သူကိုခြွေနေတဲ့နာရီလက်တံကို ဘယ်သူရပ်တန့်ပေးမှာလဲ
ကြမ်းကြဲကြဲကြား မေတ္တာကျွံမိတဲ့ဘဝတွေက နှုတ်မရ
ကာကွယ်စရာဆိုလို့ ကွန်ဒုံးတောင်စိတ်မချရတော့တဲ့အတ္တရောဂါက
ကျားသူတော်ကြီးကို ဥပုသ်စောင့်ခိုင်းဖို့ဆုတောင်းနေသလိုပဲ
ကဲ..... ကြားကြပါလော့... နောင်တရကြပါလော့
ကနေ့သည် စီရင်ရာနေ့ဖြစ်သည်ဆိုတဲ့ စကားမဟားကြလေနဲ့
ကနေ့သည် မျှော်လင့်ရာနေ့ဖြစ်တယ်ဆိုတာ မမေ့ကြလေနဲ့
ကိုယ့်လိပ်ပြာလေးလုံဖို့ အဝတ်မပါရင်နေ
ကျေးဇူးတော်ခြုံထည်ကို မြဲမြဲခြုံကြ လုံအောင်ရုံကြ
ကရုဏာခွက်ဖလားကို သွန်မပစ်ကြနဲ့ဟေ့
မရဏာသာ
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 799 829 868 [Phone No.]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo