RIPလို့ ခေါင်းစဥ်တပ်
နာမည် အသက်
မှန်အောင် ရေးခြစ်ထားတဲ့
ကျောက်တိုင်တခု
အုတ်ဂူရဲ့ ခေါင်းရင်းဘက်မှာ
စိုက်ထူထားတယ်
တချို့ဂူကတော့ ထုံးဖြူဖြူ ရေကျဲ
တချို့ဂူက ကြွေပြားတွေနဲ့ ညီညီညာ
ဂူပေါ်မှာ ကျောက်ပြားကပ်
သေနေ့ မွေးနေ့ စနစ်တကျ ရေးခြစ်ထားပြီး
ဓာတ်ပုံနဲ့ပါ အလှဆင်
ပန်းစည်းလေးနဲ့ တင့်တယ်နေတော့
ဂူထဲက အရိုးခြောက်
သိပ်ဂရုစိုက်ခံရတာပဲလို့
အတွေးဝင်မိတယ်..
အမလေးလေး ... ခေါင်းဖိုးနဲ့ ဂူဖိုးပေါင်း
အိမ်မှာ နှစ်လစာလောက်
ဝယ်ခြမ်းစားသောက်လို့ရတယ်..
သူအတော် ချမ်းသာတာပဲလို့
အားကျမိပြန်ရော..
ဒါတောင် ယပ်တောင် ရေဗူး
ကားခနဲ့ အထွေထွေစရိတ် မပါသေးဘူး..
သေတာတောင် မသိမ်ငယ်စေရဘူး
အောက်မေ့ဘွယ်မှာ ဒံပေါက်
အိမ်အပြန် ပါဆယ်တောင် ပေးလိုက်သေးတာ
လမ်းဘေးက ကလေးငယ်
အနံ့ရလို့ အိမ်ရှေ့ရောက်လာတယ်..
ဘာတဲ့..
စျာပနမှာ ဟောတဲ့တရား
ဘုရားဆီကလာ.. ဘုရားဆီကိုပြန်
မြေကြီးကလာ.. မြေကြီးသို့အပ်နှံ
တမလွန်မှာ ဒီလူကောင်းကင်ရောက်ပြီမို့
ကျန်ရစ်သူတွေသာ ပြင်ဆင်တဲ့..
လူကိုလဲ သေချာမသိ
ဘာကိုယုံလဲ ဂဃနဏ မစုံစမ်း.. မစစ်ဆေးဘဲ
ဒီလူ ကောင်းကင်ရောက်ကြောင်း
ဒီဆရာ ဘယ်လိုသိပါလိမ့်..
ခရစ်တော်၌ အိပ်ပျော်ခြင်းလို့ ခေါင်းစဥ်တပ်
သင်းအုပ်ကိုခေါ်ဖိတ်..
ခရစ်ယာန်လို အသုဘချလိုက်ယုံနဲ့
ဒီလူ ကောင်းကင်ရောက်ရောလား..
သမရိုးကျ လူ့လောကကို
ဆန်းဆန်းပြားပြား ဋီကာချဲ့ပြီး
ကျနော်ပဲ ဇီဇာကြောင်..
အပြစ်မြင်တဲ့စိတ်နဲ့
ကြည့်မိလို့ နေမှာပါလေ
Moses Edge
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 795 133 422 [KBZPay, Wave]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo