အစာရှောင်ဆုတောင်းဖို့ပြောတော့
မလိုဘူးလို့ပြောပြီး သူကရယ်တယ်
ဘုရားပေးတဲ့ကောင်းချီးတွေကို (ဒီစားစရာတွေကို)
လက်မခံဘဲ(မစား) ဘုရားကိုပဲ စကားပြောနေတာ
မကောင်းပါဘူးတဲ့
ညနေခင်းတိုင်း ချီးမွမ်းခြင်းနဲ့အစချီပြီး ကျမ်းစာဖတ်ရင်
လုံလောက်ပြီတဲ့
တနင်္ဂနွေနေ့တိုင်း တွက်ချက်ပြီး
ပွဲတော်မင်္ဂလာရှိတဲ့အချိန်ကိုရွေးတဲ့ သူက
အဲဒီအပတ်ဆို သီချင်းတွေ အကျယ်ကြီးဆိုပြီး
ဆုလည်း အရှည်ကြီးတောင်းတဲ့နေ့
အဲဒီနေ့ဆို တခါတလေ ဆုတောင်းရင်း မျက်ရည်တွေကြွေလို့
တနင်္ဂနွေ အပတ်တိုင်းဘုရားကျောင်းတတ်တဲ့ ကျနော်က
ပွဲတော်မင်္ဂလာနေ့ဆိုတာ မထူးဆန်းသလို
တကူးတကလည်း မမှတ်ထားမိဘူး
ဆုတွေလည်း အရှည်ကြီးမတောင်းမိ
ဘုရားကို ငိုယိုပြီးလည်း ဆုမတောင်းခဲ့
အသက်တာထဲ ကောင်းချီးမိုးတွေမိအပြီး
ရေတွက်လို့မရတဲ့ ကျေးဇူးတော်များနှင့်
လုံလောက်နေတဲ့ ဘုရားရဲ့ ချစ်ခြင်းမေတ္တာများဟာ
နှလုံးပြတင်းပေါက်တွေကနေ လျှံအထွက်
ရွေးနှုတ်ခြင်း ကျေးဇူးတော်ကို ခံစားမိချိန်
ကျွန်ုပ်လိုအပြစ်သားဟာ
သန့်ရှင်းဖြောင့်မတ်သူ ဖြစ်ခွင့်ရပြီဆိုရင်
မထိုက်တန်တဲ့ သူက ဘယ်သူများရှိဦးမှာလဲ
ဒါဆို ငါတို့ယုံကြည်သူတွေ ခံစားရတာတွေက
မယုံကြည်သူတွေနဲ့ အတူတူဖြစ်မနေဘူးလား
ဒီလိုအချိန် ငါကသတင်းကောင်းပြောလိုက်လို့
မယုံကြည်သူတွေ လက်ခံလာခဲ့ရင်
ငါတို့လိုပဲ ကောင်းချီးတွေ ခံစားရမှာပေါ့
ဒါဆို သူတို့အတွက်
ငါတို့က ဘုရားရဲ့ ကောင်းချီးများလား
အသက်တာကို ပြောင်းလဲဖို့စိတ်ပါခဲ့ရင်
မင်းလည်း ငါ့အတွက် ဘုရားကပေးတဲ့ကောင်းချီးလည်း ဖြစ်နိုင်တယ်
နေအောက်မှာ မဖြစ်ဘူးသောအရာမရှိ
ဖြစ်ဘူးသောအရာသည် ဖြစ်လတ္တံ့သော အရာနှင့်တူ၏
ယခုပြုသောအမှုသည် ပြုလတ္တံ့သောအမှုအရာမရှိ
ခံစားရသော ကျေးဇူးတော်များ၊ ကောင်းချီးများ၊ ကိုယ်တော်ရဲ့ ချစ်ခြင်းများ
အသက်တာထဲမှာ ခံစားခဲ့ရပြီး၊ ခံစားနေရဆဲ၊ ခံစားရဦးမည်ဖြစ်သောအရာများ
လောကရဲ့လမ်းပေါ်က ဘုရားချစ်တဲ့လူတွေအပေါ်
သတင်းကောင်းတွေ မျှဝေဖို့နဲ့ ကောင်းချီးတွေမျှဝေဖို့
ငါတို့ ဆုံးဖြတ်ချက်တွေချအပြီး
စိတ်မပူပါနဲ့ မင်းလည်းပါဝင်ပြီး အမှုတော်ထမ်းရွက်တဲ့အခါ
ဘုရားပေးတဲ့ ကောင်းချီးမင်္ဂလာတွေခံစားရပြီး
သူတပါးအတွက် ကောင်းချီးမင်္ဂလာဖြစ်စေမှာပါ... ။
L. R.ထား
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 765 770 805 [Phone No.]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo