နှစ်သစ်နဲ့အတူ၊ မျှော်လင့်ချက်တို့
ရှင်သန်လာစ ဇန်နဝါရီလမှာ၊ အကောင်းတွေ ဖြစ်လာတော့မယ် ထင်ခဲ့တယ်။
သို့ပေ တဆစ်ချိုး၊ တမျိုးပြောင်းခဲ့
ဖေဖော်ဝါရီမှာ၊ အာဏာရူးတို့ လုပ်ရပ်တွေကြောင့် အရာရာမှာ ဥပဒေတွေ မဲ့ခဲ့တယ်။
မတ်ကိုရောက်ပြန်၊ ဤမြန်ခါလည်း
ကြင်နာမှုတွေ ကင်းခဲ့တယ်။
နွေလယ် ဧပြီမှာ၊ မပြေလည်နိုင်တော့တဲ့
ငွေကြေး စီးဆင်းမှုကြောင့်
လူတွေမှာ ဒုက္ခအတိ။
မေမှာ မထူး၊ သည်အရူးက
ထိုးစစ်နဲ့ တဖုံ၊ ရောဂါနဲ့ တမျိုး
သူမရိုးအောင် လူမျိုးကို တုံးစေခဲ့တယ်။
သို့ကြောင့် အိုးအိမ်ပစ်ခွာ
သူသူငါတို့ မြိုင်လယ်တောမှာ
အိုးအိမ်မဲ့ခဲ့ကြတယ်။
မိုးဦးဇွန်မှာ၊ ပျိုးဦးချမယ်ကြံတုန်း
အိုတူးရယ် မလောက်၊ တန်းစီစောင့်လည်း
ဈေးရယ်များ၊ အသက်ရယ် ကယ်မရခဲ့ကြ။
ဇွန် ဇူလိုင်မှာ၊ မိုးဖွဲဖွဲမကပဲ
မိုးပြဲကြီးတွေကြောင့်
လှေပေါ်ရောက်ခဲ့
မွန်တို့ဌာနေ ရာမညမြေနဲ့
သာလီစွတို့ နေထိုင်ရာ
ဒိုးယိမ်းနယ် မကျန်ပါ။
တကယ်ပါ အတိဒုက္ခ
စားအစာရယ် မရှိ
ဘဝတွေ နိဂုံးချုပ်ခဲ့ကြရတယ်။
တောင့်မခံနိုင်လို့၊ နောက်ပြန်လဲ ရမယ်ဆိုရင်
နက်ဖြန်တောင် အသက်ရှင်ချင်မှာ မဟုတ်ဘူး။
တော်သေးတယ်၊ မျှော်လင့်ရာ သခင်က ဘေးမှာ ရှိလို့။.....။
ကိုရဲ(အောင်လံ)
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 401 752 484 [KBZPay, Wave]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo