ဤဆောင်းပါးအား ရေးသားခွင့်ရတဲ့အတွက် အဖဘုရားသခင်ကို ရှေးဦးစွာ ကျေးဇူးတော်ချီးမွမ်းမိပါတယ်။ စိတ်ထဲမှာတော့ အရင်ကတည်း အသိပညာဝေမျှပေးချင်ခဲ့တာအမှန်ပါ။ အခုမှပဲ ဘုရားသခင်အခွင့်ပေးတဲ့အတွက် ဝေမျှရခြင်းဖြစ်ပါတယ်။ စာရှုသူအနေနဲ့ သင်ယူစရာ၊ မှတ်ယူစရာ တခုခုရရှိမယ်လို့ ယုံကြည် ယူဆမိပါတယ်။ ကြောက်မက်ဖွယ် ဘေးအန္တရာယ်ကို ဘယ်လိုအနိုင်ယူနိုင်မလဲဆိုတာကို လက်တွေ့ သိရှိသွားနိုင်မယ်လို့ မျှော်လင့်ပြီး အသင်းတော်အတွင်းမှာလည်း "ဘေးအန္တရာယ်တွေကို ဘယ်လိုတုန့်ပြန်ဆောင်ရွက်နိုင်သည်"ဆိုတဲ့ အတွေးအမြင်ရရှိသွားစေဖို့ ရည်ရွယ်ပါတယ်။ ဆောင်းပါးမှာ ပါဝင်တဲ့အကြောင်းအရာတွေဟာ Samaritan's Purse International Relief က သင်ယူရရှိခဲ့တဲ့အရာနဲ့ တခြားသော အရင်းအမြစ်တွေကို ပေါင်းစပ်ရေးသားထားခြင်းဖြစ်ကြောင်း အသိပေးလိုပါတယ်။
ဘေးအန္တရာယ် ဆိုတာဘာလဲ
ဘေးအန္တရာယ်ဆိုတာ ယုံကြည်သူ သားသမီးများ၊ အသင်းတော်များနဲ့ ကင်းကွာနေတဲ့အရာ၊ မသက်ဆိုင်တဲ့အရာ ဖြစ်သလားဆိုတာ ဦးစွာ စဉ်းစားကြည့်စေချင်ပါတယ်။ စာရှုသူရဲ့အဖြေက "ကင်းကွာနေသည့်အရာ မဟုတ်ပါ"လို့ ဖြေဆိုရင်တော့ ဆောင်းပါးကို ဆက်ဖတ်ဖို့ အကြံပြုလိုပါတယ်။
ဘေးအန္တရာယ်လို့ပြောလိုက်တာနဲ့ စာရှုသူတို့ရဲ့ စိတ်ထဲမှာ ပေါ်လာတဲ့အရာက ဘာဖြစ်မယ်ဆိုတာတော့ စာရေးသူ မသိရှိပါဘူး။ သေချာတာက အဲဒီအရာတွေဟာ စာရှုသူနဲ့ တခြားသူတွေအတွက် ဆုံးရှုံးမှု အနည်းငယ်နဲ့ ကြီးမားတဲ့ဆုံးရှုံးမှုကို ဖြစ်စေတဲ့ ဘေးတွေ့ဖြစ်စေတဲ့ အရာတွေပဲလို့ အဓိပ္ပါယ်သက်ရောက်နေမှာ ဖြစ်ပါတယ်။
ဘေးအန္တရာယ်တွေကို အမည်နာမအားဖြင့် မြေငလျင်၊ ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှု၊ မုန်တိုင်းကျမှု၊ မီးလောင်မှု၊ စစ်ပွဲ၊ နှင်းမုန်တိုင်းကျခြင်း၊ တောင်ပြိုခြင်းဆိုပြီး ကာလဒေသ အခြေနေပေါ်မူတည်ပြီး ခေါ်ဝေါ်မှည့်ဆိုရပါတယ်။ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ဘေးအန္တရာယ်တွေကတော့ မြေငလျင်လှုပ်ခြင်း၊ မုန်တိုင်းတိုက်ခြင်းး၊ စစ်ပွဲ၊ ရေကြီးရေလျှံမှုဖြစ်ခြင်း၊ မီးလောင်ခြင်းတို့ပဲ ဖြစ်ပါတယ်။
လူသားတွေရဲ့ အသက်ရှင်ရပ်တည်မှုဟာ ဘေးအန္တရာယ်တွေကြား အမြဲတမ်းတည်ရှိနေပါတယ်။ ဥပမာပြောရရင် ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသမှာ နေထိုင်ကြတဲ့ လူတွေဟာ ပင်လယ်ပြင်မှာ ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်နေကြတယ်ဆိုကြပါစို့။ ငါး၊ ပုစွန်လုပ်ငန်းနဲ့ စီးပွားရေး အဆင်ပြေနေကြတယ်ပေါ့။ ပြဿနာက မြစ်ဝကျွန်းပေါ်ဒေသလည်းဖြစ် ပင်လယ်ပြင်နဲ့ နီးကပ်နေခြင်းက ဘေးအန္တရာယ်နဲ့ နီးကပ်နေခြင်းပဲ ဖြစ်ပါတယ်။ ပင်လယ်ပြင်မှာ အချိန်ခါမရွေး ဖြစ်ပေါ်တတ်တဲ့ မိုးသက်မုန်တိုင်း၊ ရေကြီးရေလျှံမှု၊ ဆူနာမီ စတာတွေက မြစ်ဝကျွန်းပေါ်ဒေသမှာ နေထိုင်တဲ့သူတွေအတွက် ဘေးအန္တရာယ်အကြီးစားပါပဲ။
တခါတရံမှာ စာရှုသူအနေနဲ့ "ဘေးအန္တရာယ်ဆိုတာ ဘုရားသခင်က လူသားတွေကို အပြစ်ပေးတာလား၊ လူသားတွေရဲ့ အပြစ်ကြောင့်လား"ဆိုပြီး စဉ်းစားမိတတ်တဲ့ အရာတခု ရှိနေမိတတ်ကြမှာမလား။
စာရှုသူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဘေးအန္တရာယ်တွေကို အောက်ပါကွက်လပ်မှာ ရေးချကြည့်နိုင်ပါတယ်။ (.......................................................................................................................................................................)
ဘေးအန္တရာယ် ဘယ်နှစ်မျိုးရှိသလဲ
သဘာဝကြောင့်ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်နဲ့ လူကြောင့်ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်ဆိုပြီး အဓိကဘေးအန္တရာယ် နှစ်မျိုးရှိပါတယ်။ ထိုနှစ်မျိုးအောက်မှာ (၁) တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်၊ (၂) ရုတ်တရက် အလျင်အမြန်ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်၊ (၃) လူလုပ် ဘေးအန္တရာယ်၊ (၄) နည်းပညာဆိုင်ရာ ဘေးအန္တရာယ်ဆိုပြီး မျိုးကွဲလေးခု ရှိနေပါသေးတယ်။
(၁) တဖြည်းဖြည်းဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်
တဖြည်းဖြည်းဆိုတဲ့အတိုင်း အချိန်ကြာမြင့်စွာ အားယူပြီး ဖြစ်ပေါ်တည်ရှိနေတဲ့ ဘေးအန္တရာယ်အမျိုးအစား ဖြစ်ပါတယ်။ ဟုတ်ပြီ... စာရှုသူတို့ရဲ့ ပတ်ဝန်းကျင်မှာ မြင်တွေ့၊ ကြားသိနေရတဲ့ တဖြည်းဖြည်းချင်းဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်ထဲ ဘာတွေရှိလဲ စဉ်းစားကြည့်ရအောင်။ စာရှုသူတို့ရဲ့ အတွေးထဲမှာ တခုခုတော့ ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။ တဖြည်းဖြည်းချင်းဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်ဆိုတာတွေကတော့ မိုးခေါင်ရေရှားမှု၊ အချိန်ကြာမြင့်စွာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲ၊ မြစ်/ချောင်းတိမ်ကောမှုတွေပဲ ဖြစ်ပါတယ်။
စာရှုသူသိထားတဲ့ တဖြည်းဖြည်းဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်တွေကို အောက်ပါကွက်လပ်မှာ ရေးချမှတ်သားကြည့်ပါ။ (.......................................................................................................................................................................)
(၂) ရုတ်တရက် အလျင်အမြန်ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်
ထင်မှတ်မထားတဲ့အချိန်မှာ ကြိုတင်ပြင်ဆင်မှု မလုပ်နိုင်တဲ့အချိန်မှာ စာရှုသူတို့ရဲ့အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိခိုက်မှု၊ ပျက်စီးမှု ဖြစ်ပွားစေတဲ့ ဘေးအန္တရာယ်ကို ဆိုလိုတာဖြစ်ပါတယ်။ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်မှာ ဘာတွေပါသလဲဆိုရင် မိုးသက်မုန်တိုင်းတိုက်ခြင်း၊ ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ လေဆင်နှာမောင်းတိုက်ခြင်း၊ မီးလောင်ခြင်းတို့ ပါဝင်ပါတယ်။ ယနေ့ခေတ်မှာတော့ မုန်တိုင်း၊ ငလျင်တို့လို ဖြစ်ရပ်တွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်မှုအပိုင်းကို အစိုးရကနေပြီး ဦးဆောင်လေ့ရှိပါတယ်။ ပြည်သူ၊လူထုက အစိုးရရဲ့ ဦးဆောင်မှု၊ ညွှန်ကြားမှုကို လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ထိခိုက် ဒဏ်ရာရရှိမှုလျော့နည်းအောင် လျှော့ချနိုင်ပါတယ်။
စာရှုသူသိထားတဲ့ ရုတ်တရက် အလျင်အမြန်ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်တွေကို အောက်ပါကွက်လပ်မှာ ရေးချ မှတ်သားကြည့်ပါ။ (.......................................................................................................................................................................)
(၃) လူလုပ်ဘေးအန္တရာယ်
လူသားတွေရဲ့ လောဘစိတ်ကြီးမားခြင်းနဲ့ မိမိတို့ရဲ့ ပတ်ဝန်းကျင်အပေါ် တာဝန်မဲ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်ကို လူလုပ်ဘေးအန္တရာယ်လို့ ခေါ်တွင်ပါတယ်။ ဥပမာအနေနဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ စစ်ပွဲ၊ သစ်တောပြုန်းတီးမှု၊ တောမီးရှို့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရာသီဥတု ပြောင်းလဲမှု၊ ရေကာတာ ကျိုးပေါက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုတွေပဲဖြစ်ပါတယ်။ လူလုပ်ဘေးအန္တရာယ်ကို ဆုံးရှုံးနိုင်ခြေနည်းနိုင်သမျှနည်းအောင် လုပ်ဖို့နည်းလမ်းကတော့ တရားမျှတမှုရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အဆောက်အဦး ဆောက်လုပ်ရာမှာ ဆောက်လုပ်ရေးဆိုင်ရာကုဒ်များ ထည့်သွင်းတည်ဆောက်ခြင်း၊ အတတ်နိုင်ဆုံး သဘာဝတရားနှင့် လိုက်လျောညီထွေမှုရှိအောင် နေထိုင်ပြုမူခြင်းတို့ပဲဖြစ်ပါတယ်။
စာရှုသူသိထားတဲ့ လူလုပ် ဘေးအန္တရာယ်တွေကို အောက်ပါကွက်လပ်မှာ ရေးချ မှတ်သားကြည့်ပါ။ (.......................................................................................................................................................................)
(၄) နည်းပညာဆိုင်ရာ ဘေးအန္တရာယ်
နည်းပညာဆိုင်ရာ တိုးတက်မှုနှုန်းထားဟာ ကမ္ဘာပေါ်မှာ မကြုံခဲ့ဖူးတဲ့ အလွန်လျင်မြန်တဲ့ နှုန်းထားနဲ့ ရှေ့ဆက်နေပြီဖြစ်ပါတယ်။ နည်းပညာ အားနည်းချက်ကြောင့်ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်ကို နည်းပညာဆိုင်ရာ ဘေးအန္တရာယ်လို့ ခေါ်ဆိုပါတယ်။ ဥပမာအနေနဲ့ နျူကလီးယားပေါက်ကွဲမှု၊ စက်ရုံ အလုပ်ရုံကထွက်လာတဲ့ ပမာဏကြီးတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေဟာ နည်းပညာကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်တွေပဲ ဖြစ်ပါတယ်။ နောင်အနာဂတ်ကာလမှာလည်း နည်းပညာဆိုင်ရာ အတတ်ပညာတွေ ဆက်လက်တည်ရှိနေဦးမှာဖြစ်တဲ့အတွက် လူသားဖြစ်တည်မှုနဲ့ ကင်းကွာလို့ မရနိုင်တဲ့ ထူးခြားတဲ့ဘေးအန္တရာယ်ဖြစ်နေရတာကလည်း တခြား ဘေးအန္တာရာယ်တွေထက် ပိုပြီးပြင်းထန်နိုင်တဲ့အတွက်ကြောင့် စာရှုသူနဲ့ စာရှုသူရဲ့ လူမျိုး၊ တိုင်းပြည်အပေါ်ကို မကျရောက်နိုင်အောင် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
စာရှုသူသိထားတဲ့ နည်းပညာဆိုင်ရာ ဘေးအန္တရာယ်တွေကို အောက်ပါကွက်လပ်မှာ ရေးချ မှတ်သားကြည့်ပါ။ (.......................................................................................................................................................................)
ဆက်ရန်
ကောင်းကောင်း (KSL)
ဆောင်းပါးရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 454 822 043 [KBZPay]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo