အသင်းတော်နှင့် လူသားချင်းစာနာထောက်ထားမှု

မိတ်ဆက်
ဤဆောင်းပါးအား ဆက်လက်ရေးဖြစ်ခဲ့ခြင်းမှာ ဘုရားသခင်၏ ကျေးဇူးတော်သက်သက်သာ ဖြစ်ပါကြောင်း ဝန်ခံလျက်၊ စာရှုသူအယောက်စီတိုင်းအပေါ် ဘုရားသခင် ဉာဏ်ပညာအလင်း ဆုကျေးဇူးပေးသနားပါစေ။ ဆောင်းပါးခေါင်းစဉ်အတိုင်းပဲ အသင်းတော်နှင့် လူသားချင်းစာနာထောက်ထားမှု ဘယ်လိုဆက်စပ်နေလဲဆိုတာ လေ့လာကြည့်ရအောင်။

လူသားချင်းစာနာထောက်ထားမှု
လူသားချင်းစာနာထောက်ထားမှုဆိုတာ လူ့သမိုင်းတလျှောက် တည်ရှိလာခဲ့တဲ့ လူမှုရေး လုပ်ငန်းတမျိုးဖြစ်ပါတယ်။ စာရှုသူအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုတာဘာလဲဆိုတာ စဉ်းစားမိလောက်မယ် ထင်ပါတယ်။ အကျဉ်းချုံးအနေနဲ့ ပြောရမယ်ဆိုရင် “ရှင်လုကာခရစ်ဝင် (၃: ၁၁)မှာ အင်္ကျီနှစ်ထည်ရှိသောသူသည် အင်္ကျီမရှိသောသူအား မျှစေ။ စားစရာရှိသောသူသည်လည်း ထိုနည်းတူပြုစေ”ဆိုတဲ့ ကျမ်းချက်သာ ဖြစ်ပါကြောင်း။

လောကရှုထောင့်မှ လူသားချင်းစာနာထောက်ထားမှုအကြောင်း ဆက်လက်လေ့လာကြည့်ရအောင်။ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေကို ဘယ်အချိန်မှာ လုပ်ဆောင်ကြသလဲ ဆိုတာကနေ စလိုက်ကြရအောင်။ ဘေးအန္တရာယ်တခုဖြစ်ပြီးပြီးချင်း (သို့တည်းမဟုတ်) ဖြစ်နေချိန်မှာ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေကို စတင်လုပ်ဆောင်ကြရပါတယ်။ ဥပမာ - ငလျင်လှုပ်ပြီးပြီးချင်းမှာ အဆောက်အဦးတွေ ပြိုကျပျက်စီးကုန်တယ်။ လူတွေသေကြေပျက်စီး၊ ပျောက်ဆုံးကုန်ပါတယ်။ ငလျင်လှုပ်ပြီးတာနဲ့ ပျောက်ဆုံးနေတဲ့သူတွေ ပျောက်ဆုံးနေတဲ့ အရာတွေကို ရှာဖွေရပါတယ်။ ဒဏ်ရာရတဲ့လူတွေကို ဆေးရုံ၊ ဆေးခန်း မြန်နိုင်သမျှ မြန်မြန်ပို့ပေးရတယ်။ ကုသမှုတွေလုပ်ဆောင်ပေးရတယ်။ အစားအစာ၊ ဆေးဝါးတွေထောက်ပံ့ပေးရတယ်။ နေရာထိုင်ခင်းတွေ စီစဉ်ပေးရတယ်။ စိတ်ကျန်းမာရေးအတွက် နှစ်သိမ့်ဆွေးနွေးမှုတွေ လုပ်ဆောင်ပေးရတယ်။ ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေ ပြန်လည်ဆုံတွေ့နိုင်အောင် လုပ်ဆောင်ပေးရတယ်။ ဒါတွေဟာ လူသားချင်းစာနာထောက်ထားမှုရဲ့ အစိတ်အပိုင်းတချို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတခု၊ ပြည်နယ်တခုမှာ စစ်ဖြစ်ပြီဆိုတာနဲ့ လူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတယ်။ အဲဒီလို ဖြစ်နေချိန်မှာ ဘာတွေလိုအပ်သလဲဆိုတော့ စားဖို့၊ သောက်ဖို့၊ နေဖို့၊ ဝတ်ဖို့၊ လုံခြုံမှုရှိဖို့ စတာတွေ လိုအပ်လာပါတော့တယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ၁၉ ရာစုက စတင်ခဲ့ပြီး၊ အစိုးရ၊ ဘာသာရေး၊ စီးပွားရေးနှင့် ပရဟိတလုပ်ငန်း လုပ်ကိုင်သူတွေပါဝင်ကြပြီး အစာခေါင်းပါးခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများတွေမှာ လုပ်ဆောင်ခဲ့ကြပါတယ်။ သို့ပေမဲ့လည်း လူတွေရဲ့အာရုံစိုက်မှု၊ သိပ်မရှိခဲ့ပါဘူး။ ဒုတိယအကြိမ် အီတလီ လွတ်လပ်ရေးစစ်ပွဲအတွင်း ဒဏ်ရာရစစ်သားများအပေါ် လျစ်လျူရှုခံရခြင်းက Henri Dunantကို အလွန်အံ့အားသင့်စေခဲ့ပြီး တော့ ၁၈၆၃ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ကို တည်ထောင်ပါတော့တယ်။ အဲဒီအချိန်ကစပြီး လူသားချင်းစာနာထောက်ထားမှုဆိုတာ တဖန် လူသိများလာခဲ့ခြင်းဖြစ်ပါတယ်။ တချို့သောလူတွေက Dunantကို  လူသားချင်းစာနာထောက်ထားမှုရဲ့ ဖခင်အဖြစ် တင်စားခေါ်ဝေါ်ကြပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC)ရဲ့ အဓိက ရည်ရွယ်ချက်ကလည်း လူသားဂုဏ်သိက္ခာနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အဓိက အာရုံစိုက်လာစေခြင်းပဲ ဖြစ်ပါတယ်။ Dunantဟာ စစ်ပွဲအကျဉ်းသားများ၊ ဖျားနာသူများ၊ ဒဏ်ရာရသူများနှင့် ပဋိပက္ခဖြစ်ပွားသည့် နေရာဒေသများရှိ ပြည်တွေအတွက် ပေးဆပ်လုပ်ဆောင်ခဲ့တဲ့သူတယောက် ဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ ဘေးဒဏ်သင့် ပြည်နယ်များမှာ ပြင်ပ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ပြည်တွင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များစွာဖြင့် လုပ်ဆောင်လျက်ရှိပါတယ်။ လူသားမှ လူသားသို့၊ လူသားချင်းစာနာထောက်ထားမှု လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ဤအရာဟာ အမှားမဟုတ်ပါ။ လောက အမှန်တရားဖြစ်ပါတယ်။ ယုံကြည်သူများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုများ လုပ်ဆောင်တဲ့အခါ ဘုရားသခင်ရဲ့ အလိုတော်ဟာ သင်တို့နဲ့အတူ ပါရှိရန် လိုအပ်ပါတယ်။ လူသားတို့ရဲ့ စနစ်၊ ယန္တရားတွေဟာ ဘုရားမပါရှိရင် အရေအတွက်သာသာဖြစ်ပြီး၊ အရည်အသွေးဆိုတာ မရှိတဲ့ အချိန်ကုန်လူပန်းတဲ့ အလုပ်တွေသာ ဖြစ်တယ်ဆိုတာ ဝေမျှလိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာဖြစ်တဲ့ အဆောက်အဦးတွေ၊ လမ်းတံတားတွေ၊ ကျောင်းတွေသာ ဖွံ့ဖြိုးလာပြီး၊ လူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေကတော့ အင်မတန် အားနည်းနေပါသေးတယ်။ လူသားချင်းစာနာထောက်ထားမှုလုပ်တဲ့အခါ အစားအစာ၊ ခြုံစရာစောင်၊ အဝတ်အစား၊ နေထိုင်ရန်ယာယီအိမ်များ ဆောက်လုပ်ပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးပေးခြင်းများနှင့်လည်း မလုံလောက်နိုင်ပါ။ ချစ်ခြင်းမေတ္တာပြသခြင်း၊ အတူတကွခံစားခြင်း၊ အတူတကွဆုတောင်းပေးခြင်း၊ ကတိတော်နှင့်ယှဉ်သော နှုတ်ကပတ်တရားစကားများ ဝေမျှပေးနိုင်မှသာ ဒုက္ခခံစားရသူ၏ စိတ်နှလုံးကို ပူလောင်ခြင်းမှ ငြိမ်သက်ခြင်းကို ဆောင်ကြဥ်းပေးနိုင်မှာ ဖြစ်ပါတယ်။

သမ္မာကျမ်းစာထဲက လူသားချင်းစာနာထောက်ထားမှုအကြောင်းအရာများကို လေ့လာကြည့်ရအောင်။ ရှင်လုကာခရစ်ဝင် (၁၆:၁၉ - ၃၁) ကျွန်တော်တို့အားလုံးရင်းနှီးကြတဲ့ လာဇရုနဲ့ သူဌေးကြီးအကြောင်းကို စဉ်းစားကြည့်ရအောင်။ ကြွယ်ဝစွာစားသောက်နေရတဲ့ သူဌေးကြီးဟာ အလွန်ဆင်းရဲမွဲတေလွန်းတဲ့ ဆင်းရဲသားလေး လာဇရုကို စားကြွင်းစားကျန် တခုမျှပင် မကျွေးမွေးချင်၊ လာဇရုရဲ့ တောင်းခံတဲ့အသံကို ကြားနေပါလျက် လှည့်ပင်မကြည့်ခဲ့။ နှစ်ဦးစလုံး သေလွန်သွားတဲ့အခါ လာဇရုက အာဗြဟံရဲ့ ရင်ခွင်ထဲကို ရောက်သွားပြီး သူဌေးကြီးကတော့ ပူလောင်နေတဲ့ မီးအိုင်ထဲမှာ ရောက်ရှိနေခဲ့ရတာပေါ့။ ဒီ သမ္မာကျမ်းစာပါ ပုံပြင်ကနေပြီး ကျွန်တော်တို့ဘာတွေ သင်ယူရရှိခဲ့သလဲ။ ဝတ်စရာများစွာ ရှိပေသော်ငြားလည်း တထည်လောက်မျှ ဝေမျှခြင်းမရှိ၊ စားစရာ အမြောက်အများ ရှိသော်ငြားလည်း အနည်းငယ်မျှ စွန့်ကြဲခြင်းမရှိတာကို ဖေါ်ပြနေတာဖြစ်ပါတယ်။ သူဌေးကြီးက လာဇရုအပေါ် လူသားချင်းစာနာပြီး ကျွေးမွေးစောင့်ရှောက်မစခဲ့မယ်ဆိုရင် သူဌေးကြီးရဲ့တမလွန်ဘဝက အပြောင်းအလဲဖြစ်သွားနိုင်ပါတယ်။ နှစ်ဦးစလုံး အာဗြဟံရဲ့ ရင်ခွင်ထဲကို ရောက်သွားနိုင်ပါတယ်။ ဒါက ပုံ ဥမာတခုသာဖြစ်ပါတယ်။ နောက်ထပ်လေ့လာစရာကျမ်းချက်တွေများစွာရှိပါသေးတယ်။ တမန်တော်ဝထ္ထု ( ၁၀: ၁ - ၅ )မှာလည်း တပ်မှူး ကောနေလိရဲ့ “ဆုတောင်းပဌနာနှင့် စွန့်ကြဲပေးကမ်းခြင်းတို့သည် ဘုရားသခင့်ရှေ့တော်၌ အောက်မေ့စရာဘို့တက်ကြပြီ။” ဆိုတဲ့ကျမ်းချက်ကလည်း လေ့လာစရာဖြစ်ပါတယ်။ အလားတူပဲ ယုံကြည်သူများအနေဖြင့်လည်း ဤအတိုင်းပဲ ကျွေးမွေးစောင့်ရှောက် မစသင့်တဲ့သူတွေကို မစရမှာ ယုံကြည်သူတဦးစီတိုင်းရဲ့ အသက်ရှင်စဉ်မှာ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တခုဖြစ်ပါတယ်။ ဘုရားသခင်ရှေ့ရောက်သွားတဲ့အခါ သင်ဘာလုပ်ခဲ့သလဲလို့ မေးခဲ့ရင် ကျွန်တော်ကတော့ ကုမ္ပဏီတခုမှာ ဘာရာထူး၊ ညာရာထူး၊ သိန်းပေါင်းဘယ်လောက်တောင်ရှာဖွေပေးခဲ့တာ။ ကျွန်တော်က အသင်းတော် ဂေါပက၊ သင်းအုပ်၊ အမှုတော်ဆောင်။ အဲဒါတွေက အဖြေမဟုတ်ဘူးနော်မိတ်ဆွေ။ အဖြေက စိတ်နှလုံးပါလျက် အငယ်ဆုံးသော သူတွေအတွက် သင်ဘာတွေပေးကမ်းခဲ့ပြီးပြီလဲ၊ စိတ်နှလုံးပါလျက် ဘယ်သူတွေအတွက် ဆုတောင်းပေးခဲ့ပြီးပြီလဲ။ အဲဒါတွေကသာ အဆုံးအဖြတ်ပေးမယ့် အမှတ်တွေဖြစ်တယ်ဆိုတာ သတိရပါမိတ်ဆွေ။

အသင်းတော်နှင့် လူသားချင်းစာနာထောက်ထားမှု
ရှင်လုကာခရစ်ဝင် (၅:၁၂ - ၂၀)မှာလည်း သခင်ခရစ်တော်ကိုယ်တိုင် နူနာစွဲသောသူကို လွတ်မြောက်စေခြင်း၊ နာမကျန်းသောသူကို ပြန်လည်ကျန်းမာလာစေခြင်းအမှုကို ခံစားနေရတဲ့ လူတွေအဖို့အလို့ငှာ လုပ်ဆောင်ပေးခဲ့တယ်။ နတ်ဆိုးစွဲခြင်း၊ အစားအစာလိုအပ်နေတဲ့ လူအုပ်ကြီးကို ကျွေးမွေးခြင်းဟာ လူသားများအတွက်တော့ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းပင်ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ရှုထောင့်က ကြည့်လျှင်မူ ဘုရားရဲ့ ဘုန်းတော်ထင်ရှားစေရန်အတွက်သာ ဖြစ်ပါတယ်။ ပေးသည့်လူဘက်မှ အမြင်နှင့် လက်ခံရရှိသူဘက်မှ မြင်သည့် အမြင် မတူညီခြင်းဖြစ်တယ်။ အထူးသဖြင့် မယုံကြည်သူ သားသမီးများအား ပေးကမ်းခြင်းသည် လူသားချင်းစာနာထောက်ထားမှုအဖြစ် မှတ်ယူတက်ကြသည်။ “ကျေးဇူးအများကြီးတင်ပါတယ်” လို့ ပြောလေ့ရှိကြပါတယ်။ ပေးကမ်းသူ အသင်းတော်ဘက်မှကြည့်လျှင် ဘုရား၏ဘုန်းတော်ထင်ရှားစေရန်ဖြစ်တယ်။ “သခင့်သိုးတွေကို ကျွေးမွေးရမည်” လို့ခံစားရလေ့ရှိကြပါတယ်။ မည်သို့ပင် ထင်မြင်နေပါစေ၊ ကျွေးမွေးခြင်း၊ မစခြင်းနှင့်အတူ ဧဝံဂေလိတရားဝေမျှခြင်းသည် အတူအတွ လုပ်ဆောင်ပါမှ သာသနာပြုခြင်းလုပ်ငန်းသည် ခရီးရောက်သည်ဟုဆိုနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ အသင်းတော်တွေဟာ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေကိုလည်း ဧဝံဂေလိတရားနှင့်အတူ ပူးတွဲလုပ်ဆောင်နေကြတယ် ဆိုတာ သင်စဉ်းစားမိမယ် ထင်ပါတယ်။ နာမကျန်းဖြစ်နေတဲ့ အိမ်ထောင်မိသားစုတွေဆီကို အရောက်သွားပြီး ဆုတောင်းကောင်းချီးပေးခြင်း၊ ဆင်းရဲနွမ်းပါးတဲ့ မိသားစုဝင်များအား အစားအစာ ပေးကမ်းမျှဝေခြင်း၊ စိတ်မသာငြီးတွားသူများအား နှစ်သိမ့်ပေးခြင်း၊ ဘေးဒုက္ခရောက်သည့်ကာလမှာ ကူညီကယ်ဆယ်ခြင်းတွေဟာ အသင်းတော်က လုပ်ဆောင်ပေးနေတဲ့ လုပ်ငန်းများဖြစ်ပါတယ်။ အသင်းတော်အနေနဲ့ ယခုကဲ့သို့ လုပ်ဆောင်နိုင်ခြင်းမှာ အသင်းသားများရဲ့ စုပေါင်းဆက်ကပ်ပါဝင်ခြင်းကြောင့်ဖြစ်တယ်ဆိုတာကို စာဖတ်သူများကို အထူးသိရှိစေလိုပါတယ်။

နိဂုံးချုပ်အမှာစကား
အသင်းတော်ဟာ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေနဲ့အတူ ဧဝံဂေလိသတင်းကောင်းမျှဝေခြင်း လုပ်ငန်းတွေကို အတူအတွ လုပ်ဆောင်နေလျက်ရှိပါကြောင်းနဲ့ ခရစ်တော်၏ သား၊ သမီးတိုင်းဟာ ဤလုပ်ငန်းများနဲ့ ကင်းဝေးလို့မရပါကြောင်းလည်း ထပ်မံနှိုးဆော် တိုက်တွန်းအပ်ပါတယ်။ အလျင်နှုန်းကို ပြောရမယ်ဆိုရင် လူမှုကူညီရေးအဖွဲ့အစည်းတွေထက် အသင်းတော်တွေဟာ လိုအပ်နေသူများဆီကို အရင်ဆုံးနှင့် အလျင်မြန်ဆုံးရောက်ရှိနိုင်ပြီး၊ ကူညီမစခြင်းလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ကြပါတယ်ဆိုတာ စာဖတ်သူများသိရှိနိုင်ဖို့ ဝေမျှလိုက်ရပါတယ်။ နေရာဒေသရဲ့ လိုအပ်ချက်နဲ့ ခက်ခဲမှုအကြောင်းတွေကိုလည်း အသင်းတော်တွေကသာ အလျင်အမြန်သိရှိနိုင်တဲ့ ဆုကျေးဇူးရှိတယ်ဆိုတာကို ပြောကြားရင်း အသင်းတော်ဟာ လူသားချင်းစာနာထောက်ထားမှု လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတဲ့ အကြောင်းအား ဝေမျှလိုက်ပါတယ်။ မာသာထရေဇားကို သိကြတယ်ဟုတ်။ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ဟာ မာသာထရေဇား မဟုတ်တောင် မာသာထရေဇားနဲ့တူညီတဲ့ ကိုယ်တော့်သား၊ သမီးများ ဖြစ်နိုင်ပါတယ်လို့ မျှဝေရင်း။

ခရစ်တော်အစေခံ
ကောင်းကောင်း (KSL)