(သြဂုတ် ၄ရက်နေ့ကအဆက်)
ဘေးအန္တရာယ်ဆိုတာ သိပြီဆိုရင် ဘေးအန္တရာယ်ကို ဘယ်လိုမျိုး တုန့်ပြန်ဆောင်ရွက်ရမလဲဆိုတာ ဆက်လက်လေ့လာကြည့်ရအောင်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု စက်ဝန်းဆိုတာကရော ဘာလဲ
ဘေးအန္တရာယ်တခုဖြစ်လာပြီဆိုရင် စီမံခန့်ခွဲရမယ့် စီမံခန့်ခွဲမှု စက်ဝန်းဆိုတာ ရှိပါတယ်။ အဒါကတော့ ဘေးအန္တရာယ်တွေ မတွေ့ကြုံခင်အချိန်နဲ့ ကြုံတွေ့ပြီးအချိန်တွေမှာ ပြုလုပ်လေ့ရှိတဲ့ လုပ်ငန်းစဉ်တွေ အကြောင်းပဲဖြစ်ပါတယ်။ ရုပ်ပုံကိုကြည့်ပါ။
(၁) အရေးပေါ်ကယ်ဆယ်ရေး
အရေးပေါ်ကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး အနည်းငယ် ဝေမျှရမယ်ဆိုရင် ပျက်ဆီးဆုံးရှုံးသွားတဲ့အရာတွေ၊ အသက်တွေကို ပြန်လည်ရှာဖွေပြီးတော့မှ ထိခိုက်နာကျင်မှုကို အနည်းဆုံးဖြစ်အောင် ပြန်လည်ကုသပေးတဲ့နေရာဆီကို ပို့ဆောင်ပေးရခြင်း၊ အရေးပေါ်လိုအပ်ချက်ဖြစ်တဲ့ အစားအစာ/ ဆေးဝါး/ နေစရာ နေရာထိုင်ခင်းတွေကို ပြင်ဆင်ပေးရခြင်းတွေ ဖြစ်ပါတယ်။ ဥပမာ စာရေးသူရဲ့ မိသားစုဝင်တွေက မုန်တိုင်းထဲမှာ ပျောက်ဆုံးသွားတယ်ဆိုတာကို စာရေးသူက သိရှိပြီးဖြစ်တဲ့အခါမှာ ရှာဖွေရေးလုပ်ငန်းကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒဏ်ရာ အနာတရတွေ ဖြစ်နေရင် ဆေးဝါးကုသမှုတွေကို လုပ်ပေးရမှာဖြစ်ပါတယ်။ လုံခြုံစေမယ့်နေရာထိုင်ခင်းတွေကို ပြင်ဆင်ပေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာ မေးစရာရှိပါတယ်။ လုံခြုံတဲ့ နေရာထိုင်ခင်းကိစ္စပါပဲ။ ကလေးသူငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေအတွက် ခံစားရတဲ့ ဘေးအန္တရာယ်အမျိုးအစားပေါ်မူတည်ပြီး အတတ်နိုင်ဆုံး ဦးစားပေးပြီးတော့ ကြိုးစားပြင်ဆင်ပေးရမှာဖြစ်ပါတယ်။ ဆက်စပ်ပြီးတော့ ရှေးဦးသူနာပြုစုခြင်းအကြောင်း ဝေမျှလိုပါတယ်။ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရအပြီးမှာ အရင်ဦးဆုံး လုပ်ဆောင်ရမယ့်အလုပ်က ရှာဖွေကယ်ဆယ်ခြင်းအလုပ်ဖြစ်ပါတယ်။ ကယ်ဆယ်တယ်ဆိုတဲ့နေရာမှာ အသက်အန္တရာယ် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်ရတဲ့လုပ်ငန်းကို ခေါ်ဆိုတာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာအမျိုးမျိုးရှိနိုင်ပါတယ်။ ဥပမာ လက်ကျိုး၊ ခြေကျိုး၊ လည်ပင်းရိုးကျိုး၊ ဦးခေါင်းဒဏ်ရာ၊ အရေပြားဒဏ်ရာ စတဲ့ မခန့်မှန်းနိုင်လောက်အောင် မတူညီတဲ့ ဒဏ်ရာတွေ ရရှိနိုင်ကြပါတယ်။ တချို့က ဒဏ်ရာကို ကိုင်တွယ်ပုံ မှားယွင်းတဲ့အတွက် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတာတွေရှိနေပါတယ်။ လည်ပင်းရိုးကျိုးသွားတယ်ဆိုပါစို့။ အဲဒီလူနာကို ဆေးရုံကိုရောက်ဖို့ ပို့ဆောင်ရမဲ့လုပ်ငန်းတလျောက်မှာ အရင်ဆုံး လုပ်ရမှာက ရှေးဦးသူနာပြုစုခြင်းပဲဖြစ်ပါတယ်။ လူ့ခန္တာကိုယ်ရဲ့ အစိတ်အပိုင်းတွေဟာ ထိခိုက်ဒဏ်ရာပြင်းထန်မှုပေါ်မူတည်ပြီး ကိုင်တွယ်ရတာ အင်မတန်ခက်ခဲလှပါတယ်။ ထိတွေ့ကိုင်တွယ်၊ သယ်ယူမှု ပုံစံစနစ်မကျတာကြောင့် မပျက်စီးသင့်ဘဲ ပျက်စီးရတာတွေအများကြီးရှိပါတယ်။ ဒါ့ကြောင့် ရှေးဦးသူနာပြုစုနည်းကို ကျေးရွာတိုင်း၊ ရပ်ကွက်တိုင်းမှာ ပညာပေးလုပ်ငန်း၊ လက်တွေ့လုပ်ငန်းတွေ လုပ်ဆောင်ပေးပြီးတော့ သင်ကြားပေးသင့်ပါတယ်။
(၂) ပြန်လည်ထူထောင်ရေး
ဒီအဆင့်ကတော့ စာရှုသူတို့တတွေ ကြုံတွေ့ခံစားခဲ့ရတဲ့ ဘေးအန္တရာယ်ကပ်ဆိုးကြီးတခု ပြီးဆုံးသွားတဲ့အချိန်မှာ ဆက်လက်လုပ်ဆောင်ရမယ့် အဆင့်၊ အပိုင်းပဲဖြစ်ပါတယ်။ ဆိုလိုချင်တာက ပျက်စီးသွားတဲ့အရာတွေကို ပြန်လည်ထူထောင်ပေးခြင်းပါပဲ။ နေအိမ်၊ ကျောင်း၊ လမ်း၊ တံတား၊ တိရိစ္ဆာန်ဆိုပြီး မြင်ရတဲ့အရာတွေသာ မဟုတ်ဘဲ လူတွေရဲ့စိတ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုတွေကိုလည်း ပြန်လည်တည်ဆောက်ပေးရမှာဖြစ်ပါတယ်။ ပြန်လည် ထူထောင်ရေးကာလမှာ အရေးကြီးတဲ့ ကဏ္ဍနှစ်ခုရှိပါတယ်။
၁) ဦးဆောင်မှု - ဘေးအန္တရာယ်တခုဖြစ်ပြီးလို့ ပြန်လည်ထူထောင်ရမယ့်ကာလမှာ ခေါင်းဆောင်မှုကို လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့၊ ကွဲပြားနေတဲ့လူတွေကို ဦးဆောင်နိုင်ဖို့၊ ပြင်ပနဲ့ ဆက်သွယ်ဆက်ဆံရေးရှိဖို့၊ ကူညီထောက်ပံ့မှုတွေ လွယ်ကူလျင်မြန်စွာရရှိနိုင်ဖို့၊ ပြန်လည်တည်ဆောက်ရေးကို လုပ်ဆောင်နိုင်ဖို့ စတဲ့အချက်တွေကြောင့် ဦးဆောင်မှု၊ ခေါင်းဆောင်နိုင်သူကို လိုအပ်တာပဲဖြစ်ပါတယ်။ ခေါင်းဆောင်နိုင်သူရွေးချယ်တင်မြောက်ခြင်းနဲ့ ပတ်သက်ပြီးတော့လည်း လုပ်ငန်းစဉ်တွေရှိပါသေးတယ်။
၂) နောက်လိုက်ကောင်း- ကောင်းမွန်တဲ့ ခေါင်းဆောင်မှု ပေးနိုင်မယ့်သူတော့ ရှိပါရဲ့။ ဦးဆောင်သူကို ကူမပေး အားဖြည့်ပေးပြီး လုပ်ငန်းစဥ်တွေကို တွဲကူလုပ်ဆောင်မယ့် နောက်လိုက်ကောင်းတွေမရှိဘဲ လူ့ဂွစာနောက်ပါတွေသာ များနေမယ်ဆိုရင် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ဟာ အောင်မြင်မှုမရှိဘဲ ဆူပူ/ သောင်းကျန်းမှုတွေအထိပါ ဖြစ်သွားနိုင်ပါတယ်။
ဘေးအန္တရာယ်နဲ့ရင်ဆိုင်တွေ့ရပြီးပြီးချင်းကာလမှာ လူတွေဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ကိုယ်ခန္တာပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေကို ခံစားနေရတဲ့အချိန်ဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးကာလအတွက် နေဟမိမှတ်စာ ( ၂:၁ - ၂၀ ) မှာပါတဲ့ အချက်အလက်တွေကို စာရှုသူတို့ အတုယူလို့ရပါတယ်။ ပျက်စီးနေတဲ့ ယေရုရှလင်မြို့ရိုးအား ပြန်လည်ပြင်ဆင်ဖို့အတွက် နေဟမိတယောက် သူ့တိုင်းပြည်ကိုပြန်သွားပြီးတော့မှ အခြေအနေကိုလေ့လာခြင်း၊ စည်းရုံးခြင်းနဲ့အတူ မြို့ရိုးကို ပြည်လည်တည်ဆောက်ခြင်းလုပ်ငန်းကို ဦးဆောင်ပြီး လုပ်ဆောင်ခဲ့ပါတယ်။ လွယ်လွယ်လေးနဲ့ တည်ဆောက်ပြီးခဲ့တယ်လို့တော့မထင်ပါနဲ့။ ပြန်လာတဲ့ လမ်းခရီးစဥ်တလျှောက် ကြုံတွေ့ရတဲ့ အခက်အခဲ၊ ကျန်ရှိနေတဲ့ တိုင်းသူပြည်သားတွေကိုစည်းရုံးရတဲ့ အခက်အခဲ၊ နေထိုင်စားသောက်ရေးကိစ္စ စတဲ့ပြဿနာအခက်အခဲတွေ များစွာရှိခဲ့ပါတယ်။ သို့ပေသော်လည်း စုစုပေါင်း ၅၂ရက် ကြာမြင့်ခဲ့ပါတယ်။ ဒါ့ကြောင့် ပြန်လည်ထူထောင်ရေးဆိုတာ ဘုရားသခင်မပါဘဲ အောင်မြင်နိုင်ဖို့ဆိုတာ မလွယ်ကူတဲ့ လုပ်ငန်းစဉ်တခုဖြစ်တယ်ဆိုတာကိုလည်း သိစေချင်ပါတယ်။
(၃) ဘေးအန္တရာယ်လျှော့ချရေး
ဒီအဆင့်မှာက ပထမအကြိမ် ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံပေါ် အခြေခံပြီး နောက်တဖန် ဘေးအန္တရာယ်ထပ်မဖြစ်အောင်၊ ဘေးဒုက္ခမကြီးအောင် ထိခိုက်ဆုံးရှုံးနိုင်ခြေကို လျှော့ချဖို့ လုပ်ဆောင်ရတာဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးကာလနဲ့ ဆက်စပ်ပြီး ဘေးအန္တရာယ်လျှော့ချရေး လုပ်ဆောင်ရာမှာ ကြိုတင်သင်တန်းပေးခြင်း၊ ဒီရေတော ထိန်းသိမ်းခြင်း၊ တောင်စောင်းတွေမှာ ရေထိန်းပင်တွေ စိုက်ပျိုးခြင်း၊ ရေနုတ်မြောင်းတူးဖော်ခြင်း စတဲ့ အရင်ကဖြစ်ပေါ်ခဲ့ဖူးတဲ့ ဘေးအန္တရာယ် အမျိုးအစားအတွက်ရော၊ တခြားဖြစ်နိုင်ခြေရှိတဲ့ ဘေးအန္တရာယ်အမျိုးအစားတွေအတွက်ပါ ထည့်သွင်း လုပ်ဆောင်ရပါမယ်။
(၄) ကြိုတင်ပြင်ဆင်ခြင်း
ဘေးအန္တရာယ်လျှော့ချရေးနဲ့ ကြိုတင်ပြင်ဆင်ခြင်းကို မသဲမကွဲဖြစ်မှာ စိုးရိမ်မိပါတယ်။ ကြိုတင်ပြင်ဆင်ရေးဆိုတဲ့အဆင့်ကို ဥပမာအားဖြင့် ပြောရရင် “ မိုးလေဝသနှင့် ဇလဗေလဌာနကနေပြီးတော့ လာမယ့်နှစ်ရက်အတွင်း မိုးများပြီး မြေပြိုမှုဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောကြားထားပါတယ်။ ကြေငြာချက်ကိုလည်း အားလုံးက ကြားသိထားပြီးဖြစ်ပါတယ်။ နှစ်ရက်အတွင်း မိုးကြီး မြေပြိုမှု ဖြစ်လာမှာ သေချာနေပါပြီ။ မဖြစ်လာစရာအကြောင်းမရှိတော့ပါဘူး။ အဲဒီလို ရှောင်လွှဲလို့မရတော့တဲ့အဆင့်မှာ စာရှုသူတို့ လုပ်ဆောင်ရမှာက ကြိုတင်ပြင်ဆင်ခြင်းသာ ဖြစ်ပါတယ်။ စာရေးသူဆိုရင်တော့ အခုထဲက မိသားစုဝင်တွေကို တခြားဘေးကင်းမယ့်နေရာကို ပို့ဆောင်မယ်။ စာရေးသူကိုယ်တိုင်လည်း ဘေးလွတ်ရာ ရှောင်ရှားနေမယ်။ ဘေးအန္တရာယ်ဖြစ်ပွားစဥ်မှာ လိုအပ်လာနိုင်မဲ့ အရာ၊ ပစ္စည်းတွေကို စုစည်း သိမ်းဆည်းခြင်းတွေကို ကြိုတင်လုပ်ဆောင်ထားမှာဖြစ်ပါတယ်”
ကမ္ဘာဦးကျမ်း (၄၁:၂၅ - ၃၆) ထဲက ယောသပ်ကြီးရဲ့ အီဂျစ်ပြည်အပေါ် ဘုရားခိုင်းတဲ့ ကြိုတင်ပြင်ဆင်မှုအကြောင်းကို ပြန်လည်ဖတ်ရှုရင်း ခွန်အားယူနိုင်ကြပါစေ။
အကျဉ်းချုံးအနေနဲ့ ဖြစ်လာမယ့်ဘေးက ၁၀၀ ရာခိုင်နှုန်း သေချာနေပါပြီ။ ရှောင်လွှဲလို့ မရနိုင်တော့ဘူး။ အီဂျစ်ပြည်ကြီးနဲ့ ဖာရောဘုရင်ကြီးက ငတ်မွတ်ခြင်းဘေးကို လုံးဝရင်ဆိုင်ရတော့မယ်။ အဲဒီအခြေအနေမှာ ထိခိုက်ဆုံးရှုံးမှုတွေ နည်းနိုင်သမျှနည်းအောင် ကြိုတင်ပြင်ဆင်တတ်ဖို့ ဘုရားသခင်က သတင်းစကားပေးတဲ့ ကျမ်းပိုဒ်ဖြစ်ပါတယ်။ ထို့အတူဘဲ စာရှုသူတို့ရဲ့ လက်ရှိအချိန်တွေမှာလည်း သမ္မာကျမ်းစာပါ အီဂျစ်ပြည်လိုမျိုး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နိုင်အောင် ဘုရားသခင်က ဉာဏ်ပညာဆုကျေးဇူး ပေးထားပါတယ်။
လက်ဆောင်စကားများ
စာရှုသူတို့နေထိုင်ရှင်သန်နေတဲ့ ကမ္ဘာမြေကြီးဟာ အစအဦးထဲက ဘေးအန္တရာယ်နဲ့ပူးတွဲပြီး တည်ရှိလာခဲ့တာဖြစ်ပါတယ်။ ကမ္ဘာဦးကျမ်းထဲမှာ နောဧလက်ထက်ကတည်းက ကြီးစွာသော ရေလွှမ်းမိုးခြင်း ဖြစ်ခဲ့သလို၊ သခင်ခရစ်တော် ကိုယ်တိုင်ကလည်း မုန်တိုင်း၊ လှိုင်းလုံးကြီးတွေကို အမိန့်ပေးပြီး ငြိမ်သက်စေခဲ့တဲ့ ဖြစ်ရပ်တွေက သက်သေဖြစ်ပါတယ်။ ကမ္ဘာမြေကြီးနဲ့ စစ်ပွဲတွေဆိုတာကလည်း ခွဲထားလို့ မရတဲ့အရာဖြစ်ပါတယ်။ ဘုရားသခင်က စာရှုသူတို့ အားလုံးကို ဖန်ဆင်းခြင်းစတင်ကတည်းက ဉာဏ်ပညာဆုကျေးဇူး လက်ဆောင်ပေးထားပါတယ်။ ဘေးအန္တရာယ်မဖြစ်ခင်မှာ ကြိုတင်ပြင်ဆင်တက်ဖို့၊ ဖြစ်ပြီးသွားရင်လည်း အလျင်မြန် ပြန်လည် ထူထောင်နိုင်ဖို့၊ နောက်တကြိမ် ပြန်ဖြစ်လာခဲ့မယ်ဆိုရင်လည်း ယခင်လိုမျိုး မပြင်းထန်အောင် ဘေးအန္တရာယ် ကြိုတင်လျှော့ချနိုင်ရေးလုပ်ငန်းတွေလုပ်ဆောင်တက်ဖို့ အသိပညာပေးခြင်းသာဖြစ်ပါတယ်။ ဘုရားသခင်ဆီကနေ ဥာဏ်ပညာတောင်းခံပြီး ဘေးအန္တရာယ်တွေကို တုန့်ပြန်ဆောင်ရွက်တတ်ဖို့အတွက် ဤဆောင်းပါးမှ ဝေမျှလိုက်ရခြင်းဖြစ်ပါတယ်။ အားလုံးကို ဘုရားသခင်ရဲ့ ကွယ်ကာခြင်း၊ မစခြင်းရရှိဖို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ ကြောက်မက်ဖွယ် ဘေးအန္တရာယ်တွေကို ဖြေရှင်း ကျော်လွှားနိုင်ဖို့ ဘုရားသခင်ကို အားကိုးခြင်းသာ အကောင်းဆုံးသော နည်းလမ်းဖြစ်ပါကြောင်း။
ခရစ်တော်အစေခံ
ကောင်းကောင်း ( KSL )
ဆောင်းပါးရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 454 822 043 [KBZPay]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo