ချစ်စရာနဲ့ လန့်စရာ

ကမ္ဘာပေါ်မှာ ထိန့်လန့်ဖွယ်အကောင်းဆုံးအရာတွေက ဘာတွေလဲဆိုတာ မိတ်ဆွေ တွေးကြည့်ဖူးပါသလား။  

လူကို ဘုရားသခင် ဖန်ဆင်းချိန် အသက်သွင်းပြီးနောက် အသက်စရှူပြီ၊ အသိကလေး စဝင်ပြီဆိုကတည်းက ရွေးချယ်ခွင့်ကိုပါ တခါတည်း ပေးအပ်ထားပြီးဖြစ်နေပါတယ်။ အဲ့ဒီရွေးချယ်ခွင့်ဟာ လူသားတို့အဖို့ ဘုရားသခင်ပေးတဲ့ မဟာ ကောင်းချီးဖြစ်သလို၊ တဘက်မှာ ကြောက်မက်ဖွယ် အကောင်းဆုံးအရာလည်း ဖြစ်နေပါတယ်။ 

ဘုရားသခင်ပေးအပ်ထားတဲ့ လွတ်လပ်စွာတွေးတော ရွေးချယ်ပိုင်ခွင့် (free will, free choice)ကြောင့် လူသားတွေဟာ ထူးခြားတဲ့ သတ္တဝါဖြစ်လာရပါတယ်။ ဘုရားသခင်ဖန်ဆင်းသမျှထဲမှာ အထူးခြားဆုံးသော သတ္တဝါဖြစ်တယ်လို့ ကမ္ဘာဦးကျမ်းက ညွှန်းဆိုထားပါတယ်။ ပုံသေကားချပ် "ဒါဆိုရင်ဒါပဲ ဖြစ်ရမယ်"ရယ်လို့ ဘောင်ကန့်သတ်မှုမဟုတ်ပါဘဲ လွတ်လပ်စွာ တွေးတောခွင့်၊ ရွေးချယ်ဆုံးဖြတ်ခွင့်ကိုပေးထားလို့ ထူးခြားနေတာပါ။ အဲ့ဒီထူးခြားမှုကောင်းချီးထဲမှာပဲ ထိန့်လန့်ဖွယ် အခြားမျက်နှာစာ တဘက် ပါဝင်နေခဲ့ပါတယ်။ ဧဒင်ဥယျာဉ်မှာ အဲ့ဒီရွေးချယ်ခွင့်ကို တလွဲအသုံးချလိုက်လို့လည်း ပထမဦးဆုံး သာယာလှတဲ့ ကမ္ဘာဟာ failed garden ကမ္ဘာပျက်၊ ဥယျာဉ်ပျက်ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီလွတ်လပ်စွာ ရွေးချယ်လုပ်ပိုင်ခွင့်ကြောင့်ပါပဲ ဒီကနေ့ လူသားတွေဟာ လူ့လောကမှာ ပတ်ဝန်းကျင်အတွက် ကိုယ်ချင်းစာတရားအပြည့်နဲ့ ကောင်းကျိုးပြုလူသားတွေ ဖြစ်နေကြသလို၊ တဘက်မှာ ပတ်ဝန်းကျင်ကို ဖျက်လိုဖျက်ဆီးလုပ်တဲ့သူတွေ၊ တကိုယ်ကောင်းဆန်စွာ၊ ကောက်ကျစ်လွန်းစွာ လုပ်နေသူတွေ ရှိနေပါတယ်။ လူတွေဟာ ဘယ်လောက်အထိ လွတ်လပ်ခွင့်ရထားသလဲဆိုရင် သူတပါးကို သတ်ဖြတ်လို့ ရသလို၊ ကိုယ်တိုင်လည်းပဲ မိမိအသက်ကို မိမိနှုတ်ယူခွင့်အထိ ရှိနေပါတယ်။ သူများဘဝကိုလည်း ဖျက်ဆီးနိုင်သလို၊ ကိုယ့်ဘဝကိုလည်း အဆုံးသတ်နိုင်တဲ့အတိုင်းအတာအထိ ပေးထားတဲ့ ကျယ်ပြန့်လွတ်လပ်စွာ ရွေးချယ်ခွင့် (free will) ဖြစ်နေတာပါ။ ဒါက ထိန့်လန့်ဖွယ်၊ ကြောက်မက်စရာ မဟုတ်ပါလား။ 

ဒါကြောင့်ပဲ ပတ်ဝန်းကျင်မှာ ကောင်းတာတွေချည်းဖြစ်နေရင် ဖန်ဆင်းရှင်ကို သတိရချင်မှ ရကြပေမယ့်၊ မတရားမှုတွေ ကြီးစိုးနေတဲ့အခါ ဖန်ဆင်းသူ ဘုရားသခင်ဟာ ကြည့်နေနိုင်တယ်၊ ကြည့်နေရက်တယ်လို့ မြင်စရာရှိလာပါတယ်။ 

တကယ်လို့ ဘုရားသခင်ဟာ လူသားကို ကန့်သတ်ဘောင်အတွင်းသာ (ကိုယ်ပိုင်ရွေးချယ်ဆုံးဖြတ်ခွင့်မပေးဘဲ) နေခိုင်းမယ်ဆိုရင် အဆိုးဘက်ကိစ္စတွေလည်း ဖြစ်ပေါ်နေမှာ မဟုတ်ပါဘူး။ အလိုတော်နဲ့ပြည့်စုံတဲ့ ကောင်းကင်ဘုံဖြစ်နေမှာပါ။ ဘုရားဒီဇိုင်းချထားတဲ့အတိုင်း အကောင်းဘက်ကချည်း၊ ဘောင်ထဲကချည်း လည်ပတ်နေမှာဖြစ်ပါတယ်။ တနည်းပြောရရင် စက်ရုပ်တွေလိုဖြစ်နေပါမယ်။ ကွန်ပျူတာ ပရိုဂရမ်တခုလို ဖြစ်နေပါမယ်။ 

ဒါပေမယ့် AIဆိုတဲ့ ဉာဏ်ရည်တုကိစ္စကလည်း ပူပန်စရာဖြစ်လာပါတယ်။ တနေ့တချိန်မှာ ကွန်ပျူတာတွေ စက်ရုပ်တွေဟာ ကိုယ့်ဖာသာကိုယ် ရွေးချယ်လုပ်ကိုင်နိုင်စွမ်းအထိ ရသွားခဲ့ရင် ဆိုဖွယ်ရာမရှိ။ အန္တရာယ်က လူသားတို့အတွက် စောင့်ကြိုနေပြီလို့ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။ အသွေးအသားနဲ့ လူတွေတောင် လွတ်လပ်ခွင့်ကို အသုံးချပြီး ကိုယ်ချင်းစာစိတ်ကင်းမဲ့သွားတာ၊ လောဘဇောတက်ပြီး ရက်စက်ယုတ်မာတာတွေဖြစ်နေတာကိုကြည့်ပြီး အသွေးအသားခံစားချက်မရှိတဲ့ စက်ရုပ်တွေသာ သူတို့ဘာသာရှင်သန်ရပ်တည်ခွင့်၊ လွတ်လပ်ခွင့်တွေ ရသွားကြရင် ကိုယ့်စက်ရုပ်ဟာ ကိုယ့်အိမ်ကို ဝင်စီးပြီး၊ ကိုယ်က စက်ရုပ်ရှောင်ဘဝတွေ ရောက်သွားကြမှာ မလွဲပါဘူး။ (စက်ရုပ်တွေကို လွတ်လပ်စွာရွေးချယ်ခွင့် ပေး၊ မပေးကတော့ သိပ္ပံပညာရှင်တွေရဲ့ အဆုံးအဖြတ်မို့ ဒါကိုခဏထားလိုက်ပါဦး)

အခု အသွေးအသားနဲ့ လူသားတွေအတွက်တော့ လွတ်လပ်ခွင့်နဲ့အတူ တာဝန်ခံမှုကလည်း ကပ်ပါလာပါတယ်။ ကိုယ့်မှာ လွတ်လပ်စွာ ရွေးခွင့်မရှိတဲ့ အနေအထားဆိုရင် ဘာဆိုဘာမှ တာဝန်ခံစရာမလိုပါဘူး။ ဒါပေမယ့် ရွေးခွင့်ရှိပြီဆိုရင်တော့  တာဝန်ခံမှုကတော့ အလိုလို ရှိလာပါတယ်။ အလုံးစုံကို သိနေ၊ စောင့်ကြည့်နေတဲ့ဖန်ဆင်းရှင်ကို လိမ်ညာဖုံးကွယ်လို့ မရတာမို့ လွတ်လပ်ခွင့် ကိုအသုံးချကြရာမှာ တာဝန်ခံရတဲ့တစ်နေ့အတွက် ကြိုတင်စဉ်းစားကြဖို့အရေးကြီးပါတယ်။ ပေးထားတဲ့ လူ့ဘဝရက်ပေါင်း သုံးသောင်း(နှစ် ၈၀)ဝန်းကျင်မှာ  ဒီလွတ်လပ်ခွင့်ကို ဘယ်လိုအသုံးချမယ်၊ ဘယ်သို့ တာဝန်ခံမယ်ဆိုတာ မူဘောင်လေး ရှင်းလင်းနေဖို့လိုပါတယ်။ 

လူသားတို့အဖို့ ဖန်ဆင်းရှင်ပေးအပ်ထားတဲ့ လွတ်လပ်ခွင့်ဟာ မဟာကောင်းကြီးဖြစ်သလို၊ မဟာ ထိန့်လန့်ဖွယ်လည်း ဖြစ်နေပါတယ်။ 

ဘုရားပေး လွတ်လပ်ခွင့်ကို မြတ်နိုးစွာနဲ့ လက်ခံသလို၊ လန့်လည်းလန့်နေမိပါတယ်။ 

(ရောမ ၁၄:၁၂)

သို့ဖြစ်၍ ငါတို့ရှိသမျှသည် ဘုရားသခင် စစ်ကြောတော်မူခြင်းကို ခံရကြမည်။ 


ကိုဂျေ

ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 796 599 738 [KBZPay]


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo