မြေကမ္ဘာကိုGood morningလို့ပြောတော့
မြေလွှာပေါ် နေရောင်ကရွရွလေးဖြတ်ပျံပြေးတယ်
မခို့တရို့နဲ့ပွင့်အံကြလာတဲ့ပန်း
အပွင့်အဖတ် အဖူးအငုံ အခင်းအကျင်းအရောင်စုံပေါ့
သူနိုင်ကိုယ်နိုင်အလှပြိုင်တဲ့ဒီမနက်
ချီးမွမ်းခြင်းတေးမြုံတဲ့ငှက်က အသံသာသာဆာဆာနဲ့
မြိုင်မြိုင်ဆိုင်ဆိုင်ကျူးရင့်သီဆိုပုံက
ကောင်းကင်တန်ဆာ မြေကြီးတန်ဆာ နေလကြယ်တာရာတွေက
သမုဒ္ဒရာစီးချက်နဲ့ပဲ အလိုက်သင့်ငြီးတွားနေကြသလိုလို
လျှံနေတဲ့ဖလားခွက်က
သင့်အတွက်ဖြစ်နေတဲ့ဒီမနက်
သင့်နှုတ်ခမ်းနှစ်လွှာကိုဖွင့် နှလုံးသားကိုကျယ်ကျယ်လှစ်ပြီး
အို... ငါ့ဝိညာဥ် ကိုယ်တော့်အားချီးမွမ်းပါလို့ဆိုတဲ့အခါ
သင့်ရဲ့လှိုက်လှိုက်လှဲလှဲထပ်တူပြုချီးမွမ်းသံက
ကမ္ဘာလောကဓာတ်တခွင်မှာ
အသက်ရှိသူအပေါင်း သတ္တဝါအထောင်သောင်းဟာ
ဤ ထို သင့်ရဲ့ချီးမွမ်းသံနဲ့အတူ
ဘဝဂ်သို့ညံအောင် ကောင်းချီးလက်ခုပ်လက်ဝါးနဲ့
စည်းကိုက်ဝါးကိုက်
စည်းချက်လိုက်ပေးနေကြပါလိမ့်မယ်မိတ်ဆွေ
ဒီမနက်။
ထီးခူ
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 772 998 764 [Phone No.]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo