အမေ့အိမ်

ဘဝရဲ့တထောင့်တချိုးမှာ ခရီးတွေထွက်ရလို့ ချစ်သောအမေနှင့်အလှမ်းဝေးရတဲ့ နေရာတနေရာရောက်လျှင်ဖြစ်ဖြစ် အမေ့အိမ်ကို အမြဲပြန်ချင်ကြသည်။အမေ့အိမ်ကို လွမ်းဆွတ်တမ်းတကြရသည်။

တိုက်အိမ်၊ ပျဥ်ထောင်အိမ်ဖြစ်ဖြစ်အခင်းအကျင်းတွေနှင့် ကျကျနန စည်စည်ကားကား မရှိလှသော်လည်း အလုံခြုံဆုံး၊ အငြိမ်းချမ်းဆုံး အိမ်ကလေးပင်။ အမေ့အိမ်ကလေးသည် ဆောင်းအေးအေး၊ နေပူပူ၊ မိုးရွာရွာ အအေးချမ်းဆုံး ခိုနားအားကိုးလို့စိတ်အချရဆုံးဟု ထင်ရသည့်နေရာတနေရာဖြစ်သည်။

ဘဝမှာ အခက်အခဲမျိုးစုံဟာ မုန်တိုင်းလို တရကြမ်းတိုက်ခတ်လာတဲ့အခါ အသက်လုပြေးနေကြရသည်။ ထို ကာလတလျှောက်မှာ အမေ့အိမ်လောက် လုံခြုံနွေးထွေးရာတခြားနေရာမရှိပေ။

အမေ့အိမ်က ကိုယ့်ကို လက်မောင်းပြုတ်ထွက်မတတ် တင်းတင်းကြီးဆုပ်ဆွဲနေသလိုဖြစ်သည်။

ဘဝမှာ ပိုင်ဆိုင်ထားသမျှ ပစ္စည်းဥစ္စာစည်းစိမ် အစအနမကျန်အောင်ရှုံးဆုံးသွားခဲ့ရပါစေ သည်ရင်ထဲက အမေ့အိမ်ကိုချစ်တဲ့နှလုံးသားကိုတော့ ဘယ်တော့မှ ရှုံးဆုံးမသွားစေချင်ပါ။

ဘဝမှာ ဒုက္ခ၊သုခတွေ ခံစားခဲ့ရပြီး စိတ်ပျက်အားငယ်စရာ၊ စိုးရိမ်ထိတ်လန့်စရာတွေကြုံရ၊ဆာလောင်ငတ်မွတ်ခြင်းခံရတဲ့အခြေအနေမျိုးမှာ ကိုယ့်ကို အနွေးပေးစရာဆိုလျှင်က အမေ့အိမ်တလုံးပင်ရှိသည်။

အမေ့အိမ်မှာ ဆင်းရဲပင်ပန်းသောဘဝ၊ နိမ့်ပါးနုံချာသော ဘဝ၌ ရပ်တည်ကျင်လည်ရပါသော်လည်း ပျော်ရပါသည်။ စိတ်ချမ်းသာရသည်။ ကြောက်ရွံ့မှုကင်းစွာ အရာရာကြောင့်ကြပူပန်စရာမလိုလောက်အောင် စိတ်ချမ်းသာမှုအပြည့်ပေးသော အမေ့အိမ်ဖြစ်သည်။

တခါတရံ အိမ်နှင့်အဝေးတနေရာမှာ တကိုယ်တည်း အလိုလိုနေရင်း စိတ်ဓာတ်ကျ၍ ခြေကုန်လက်ပန်းကျသလောက်ဖြစ်တဲ့အချိန်မှာ အမေ့အိမ်ကိုသာ ပြေးသတိရတတ်သည်။

အမေ့အိမ်သည် သောကမောဟ ကင်းသည်။ အမေ့အိမ်သည် ရည်ရှည်တည်တံ့ခိုင်မြဲသော စိတ်ချမ်းသာပျှော်ရွှင်မှုမျိုးပေးနိုင်သည့်အတွက်ကြောင့် အားလုံးထက် နွေးထွေးလုံခြုံတဲ့နေရာပင်ဖြစ်သည်။အမေ့အိမ်တွင် ဧည့်ဝတ်ကျေပွန်မှု၊ ရိုးသားဖြူစင်မှုအပြည့်ရှိပြီး သူတပါးကိုပေးတတ်သော သူ့မေတ္တာတရားသည်လည်း ဘယ်တော့မှ ကုန်ခမ်းနိုင််မည်မဟုတ်ပေ။


Dal Suan Kham