ငမွဲ

ဆင်ခြေဖုံး ညတစ်ညဟာ၊

လိုတာထက်ပိုပြီး ပိတ်မှောင်လွန်းနေတယ်။

အိမ်ရှေ့က လမ်းဘေးမီးတိုင်မှာ၊

မီးပျက်နေတယ်။


အိမ်မှာ လူကြီးတွေ မရှိဘူး။

ချက်စရာ ဆန်မရှိဘူး။

အမှောင်ကို အန်တုမယ့် ဖယောင်းငုတ်တို၊

ထမင်းစားရင်ထွန်းဖို့ 

မီးမှုတ် သိမ်းထားလိုက်တယ်။


မိုး.. ဖျောက်ဖျောက် ကျနေတယ်။

ခြေသံ သဲ့သဲ့.....

ဟော... လူကြီးတွေ ပြန်လာပြီထင်တယ်။


ညနေက လိုက်ကောက်ထားတဲ့

သစ်ကိုင်းခြောက်တွေ၊

မိုးမိလို့ မီးအတော်မွှေးယူ 

ထမင်းအမြန် ချက်ခဲ့ကြရတယ်။


ဖယောင်းတိုင်မီးလေး အလယ်မှာချ၊

လူအစိ လောက်ငအောင် ခူးခပ်ထည့်ရင်း၊

ဟင်းပွဲရယ်လို့

သတ်သတ်မှတ်မှတ် မရှိခဲ့တောင်

အပျော်မပျက်ခဲ့ကြဘူး။


မလောက်ငတဲ့အခါ 

ကြီးသူက ငယ်သူကို ဦးစားပေး၊

ထမင်းရည်နဲ့ ဝမ်းဝခဲ့ရတဲ့

နေ့ရက်တွေလဲ ရှိဖူးခဲ့ကြတယ်။


မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ၊

ကျီစယ် ပြောင်နောက်၊ အတူတကွ ဝေမျှ၊ 

ဘယ်လောက်တောင် ချစ်ဖို့ကောင်းတဲ့ အလေ့လဲ။


လူသာမွဲတယ်၊ 

စိတ်ဓာတ်တွေ လင်းလက်၊

နှလုံးသားတွေ လှပခဲ့ဖူးကြတယ်။


အဲ့ဒါ...

​​ပျော်ရွင်ခြင်းရဲ့ အစစ်အမှန်ကို 

နောက်ဆုံးမှတ်မိခြင်းပဲ။


လူ့ငမွဲ ဆင်းရဲခဲ့တော့၊ မရှိခြင်းတွေ ရှိလာရင် 

ပိုပျော်ရမယ် ထင်ခဲ့မိတာ။

မရှိခြင်းတွေတော့ ရှိလာပါရဲ့၊

ရှိခြင်းတွေ ပျောက်ကွယ်ကုန်တယ်။


ပိုင်ဆိုင်ဖူးတဲ့ ပျော်ရွှင်မှုတွေ

စည်းစိမ် ပုံအော၊

ကြိုက်စျေးပေး ဝယ်ယူတာတောင် 

ရောင်းဖို့လက်ကျန် မရှိတော့ဘူး။


နှလုံးသားတွေ အရောင်မှိန်၊

ယိုယွင်းဖောက်ပြန်၊ လောဘတပ်မက်မှုတွေနဲ့

ရာထူးစည်းစိမ် နောက်မကျဖို့အရေး၊

အလိုရမ္မက်တွေ အနိုင်အထက်ပြုရင်း....


စိတ်ဓာတ်တွေ .... မွဲ၊

ကိုယ်ချင်းစာတရားတွေ .... မွဲ၊

အတ္တ .... မာန်မာနတွေ ဖုံးလွှမ်းပြီး

လူသားဆန်မှုတွေ.... မွဲပြီးရင်းမွဲ။


ဟိုး ... အရင်က ဥစ္စာမွဲတဲ့ ငမွဲ၊

ခုများတော့....


ဟာသတွေ လှိုင်လှိုင်ပေါပေမယ့်၊

ပျော်ရွှင်စရာ ရှာဝယ်မရလို့

ဝမ်းမြောက်ခြင်းတွေ ငတ်မွတ်နေတဲ့

စည်းစိမ်အပြည့်နဲ့... လူ့ပြည်က လူ့ငမွဲ။


Moses Edge

စာပေမျိုးစေ့အတွက် ချီးမြှင့်ခြင်း - https://www.devoshipjournal.com/2021/07/lovegift.html?m=1


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo