လူတွေက မေ့တတ်ကြတယ်။ ကျန်းမာတဲ့သူတွေက နာဖျားခြင်းကို မေ့တတ်ကြတယ်။ ချမ်းသာတဲ့သူတွေက ဆင်းရဲခြင်းကို မေ့တတ်ကြတယ်။ လဲကျချိန်မှာ ထူမပေးတဲ့ လက်တစုံကို မေ့တတ်ကြတယ်။ မေ့ချင် ယောင်ဆောင်တဲ့သူတွေ ရှိသလို အမှန်တကယ် မေ့တတ်သူတွေလည်း ရှိပါတယ်။ အဆင်မပြေမှုတွေ ကြုံတွေ့ရတဲ့အခါမှာ ကူညီခဲ့ဖူးသူတွေလည်း ရှိကြမှာပါ။ သူတို့ကိုရော မေ့ခဲ့ဖူးလား။ ဒုက္ခအခက်အခဲရောက်နေသူကိုရော ကူညီခဲ့ဖူးလား။ (မျှော်လင့်ချက် တစုံတရာမပါဘဲ ကူညီခဲ့တာ ဖြစ်စေပါ) အဆင်ပြေနေချိန်မှာ အကူအညီ မလိုအပ်ပေမဲ့ ခက်ခဲကြပ်တည်းတဲ့ အချိန်မှာတော့ သူတို့ဆီကနေ တစုံတခု မျှော်လင့်မိတတ်ကြတာတော့ ဓမ္မတာပါပဲ။ (ကျနော်ကတော့ မျှော်လင့်ခဲ့ဖူးပါတယ်) အကူအညီတစုံတရာပေးလိုက်လို့ အဆင်ပြေအောင်မြင်သွားတဲ့ လူတယောက်ကို အမှန်တကယ် ခက်ခဲကြပ်တည်းနေချိန် သူက မေ့လျော့နေခဲ့ရင် စိတ်မပျက်လိုက်ပါနဲ့။ လူတွေက မေ့ချင်၊ မေ့သွားပါစေ။ မေ့ထားတဲ့သူ မေ့သွားတဲ့သူကိုလည်း အပြစ်မတင်စောပါနဲ့။ ထာဝရဘုရားသခင်ကတော့ မေ့မထားပါဘူး။
"မိန်းမသည် မိမိဖွားသောသားကို မသနားသည်တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း၊ သင့်ကို ငါမမေ့လျော့" [ဟေရှာယ ၄၉:၁၅]
ယောသပ်ဟာ သူ့ရဲ့သခင် ပေါတိဖာရဲ့ ဇနီးနဲ့ အတူအိပ်ဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ထောင်ထဲကို ရောက်ခဲ့ရတယ်။ မတရားမှုကို မကျူးလွန်တဲ့တာတောင်မှ ထောင်ထဲဝင်ခဲ့ရတယ်။ တကယ်တော့ ထောင်ဆိုတာ မတရားမှုကို ကျူးလွန်သူတွေနေတဲ့နေရာလို့ ငယ်ငယ်က ကျနော်ထင်ခဲ့ဖူးပါတယ်။ လူအများစုက မတရားမှုကိုပြုတဲ့သခင်မကို ထောက်ခံကြတယ်။ အမှားကို ကျူးလွန်တဲ့သူတွေက သက်သေတွေ ရှိပေမဲ့ ဖြောင့်မတ်မှန်ကန်တဲ့ ယောသပ်ဘက်မှာတော့ သက်သေ ရှိမနေပေးကြ။
"ကျွန်ုပ်သည် ကျယ်သောအသံနှင့် အော်ဟစ်သောအခါ၊ သူသည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးပါသည်ဟူသောစကားဖြင့် ကြားပြောလေ၏။ ကိုယ်တော်၏ကျွန်သည် ကျွန်ုပ်၌ဤသို့ပြုခဲ့ပြီဟု မယားပြောသောစကားကို သခင်ကြားလျှင်၊ ယောသပ်ကိုအမျက်ထွက်၍၊ ခေါ်ပြီးမှ၊ ရှင်ဘုရင်ချုပ်ထားသောသူတို့နေရာ ထောင်ထဲမှာ လှောင်ထားသဖြင့်၊ ယောသပ်သည် ထောင်ထဲမှာနေရ၏" [ကမ္ဘာဦးကျမ်း ၃၉:၁၈-၂၀]
ယောသပ်ဟာ ထောင်ထဲမှာ ရှိနေစဥ် တနေ့မှာ ထောင်ထဲမှာ အတူနေတဲ့ ဖလားတော်ဝန်က သူမြင်မက်ခဲ့တဲ့အိပ်မက်ဆိုးကို ယောသပ်ကို ပြောပြလိုက်တယ်။ ယောသပ်ကလည်း ဖလားတော်ဝန်ရဲ့အိပ်မက်ကို အနက်ဖွင့် ဖော်ပြပေးလိုက်ပါတယ်။ နောက် သုံးရက်လောက်နေရင် ဖလားတော်ဝန် ယခင်ရာထူးကို ပြန်ရလိမ့်မယ်ဆိုသတဲ့။
"သင်သည်ချမ်းသာရသောအခါ ကျွန်ုပ်ကိုအောက်မေ့၍ ကျေးဇူးပြုပါလော့။ ဖာရောဘုရင်ကိုလျှောက်၍ ကျွန်ုပ်ကိုဤအိမ်မှနုတ်ယူပါ" [ကမ္ဘာဦးကျမ်း ၄၀:၁၄]
"သို့သော်လည်း ဖလားတော်ဝန်သည် ယောသပ်ကိုမအောက်မေ့ဘဲ မေ့လျော့၍နေလေ၏" [ကမ္ဘာဦးကျမ်း ၄၀:၂၃]
ဒါပေမဲ့ ဘုရားသခင်က ယောသပ်ကို မမေ့ခဲ့ပါဘူး။ ဖလားတော်ဝန်သာ မမေ့ခဲ့ရင် ယောသပ်ဟာ ပေါတိဖာအိမ်က လွတ်ရုံသာဖြစ်ရပါလိမ့်မယ်။ ဖလားတော်ဝန် မေ့သွားခြင်းကသာ ယောသပ်ကို ဒုတိယဘုရင်ခံဖြစ်စေခဲ့တာပါ။
နေတစ်စင်း (အင်းရဲကျွန်း)
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 982 673 924 [Phone No.]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo