နေဝင်ချိန်အလှကို ရေးရေးလေးနားလည်လာစမှာ
နို့နဲ့ပျားရည်စီးတဲ့တိုင်းပြည် ငါရောက်ချင်မိပါရဲ့..
မြင်သာမြင် မကြင်ရမယ့်အဆုံးသတ်ဖြစ်ခဲ့ရင်လည်း
ငါဝမ်းမနည်းပါဘူး။
ရွှေလမ်းမကြီးတွေခင်းထားတဲ့ အထက်ပြည်တော်မှာ
ငါပျော်နေမှာပါ။
ပင်လယ်ပြင်ကို ငုတ်လျှိုးသွားမယ့် နေဝန်းနီကို နှုတ်မဆက်ခင်၊ ငါ့သားသမီးတွေ ကတိတော်မြေကိုဝင်သွားတာ ငါမြင်ချင်လှတယ်။
မင်းတို့လည်း မင်းတို့ရဲ့ယော်ဒန်မြစ်ကိုကူးပြီး တိုက်ပွဲဝင်လို့ အောင်မြေနင်းရမယ်။
ငါလည်းပဲ ငါ့ရဲ့ယော်ဒန်မြစ်ကိုကူးပြီး တိုက်ပွဲပြီးလို့ အိမ်ပြန်ခရီးနှင်ရမယ်။
ထကြတော့၊ ငါ့သားတို့။ ယောရှုတို့ ကာလက်တို့ရေ...
ညီအကိုတွေကိုခေါ်ပြီး ရောင်နီကိုကြိုဆိုလိုက်ကြတော့။
ရင့်ကျက်ကြပြီဆိုရင် မင်းတို့ခေါင်းပေါ်မှာ ငါ့လက်တွေတင်ဖို့ အဆင်သင့်ဖြစ်နေပြီ။
ယော်ဒန်မြစ်ရဲ့ဆည်းဆာမှာ ငါစောင့်နေပါတယ်။
အတူသွားခွင့်ရနိုင်မယ်ဆိုရင်ဖြင့်၊ နို့နဲ့ပျားရည်စီးတဲ့တိုင်းပြည်ကို၊ ငါရောက်ဖူးချင်စမ်းပါရဲ့။
ဗထူးလွင်