'ဘဝဆိုတာ ချစ်ခြင်းမေတ္တာအကြောင်း သက်သက်ဖြစ်တယ်'
ဘာကြောင့်များလဲ မိတ်ဆွေတွေးနေမိပြီလား။
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူတာကြောင့် [ရှင်ယောဟန်ဩဝါဒစာပထမစောင် ၄:၈] လောကမှာ အသက်ရှင်နေထိုင်ရတဲ့အခါ အရေးကြီးဆုံးသောသင်ခန်းစာက မေတ္တာနဲ့ချစ်တတ်ဖို့ရန်သာဖြစ်တယ်။
ပိုပြီးလေးလေးနက်နက် လေ့လာကြည့်ရအောင်။
ဒီမေးခွန်းလေးတွေဖြေပေးကြည့်ပါလား။
လောကမှာ အရှည်ကြာဆုံး သင်, ထားခဲ့ရမယ့် ကျန်ရစ်ခဲ့မယ့် သင့်ရဲ့သက်ရောက်မှု၊ လွှမ်းမိုးမှုဟာ ဂုဏ်သိမ်စည်းစိမ်လား၊ ဉာဏ်ပညာလား၊ အောင်မြင်မှုလား။
အဖြေကတော့ တခုမှ မဟုတ်ပါ။
အမှန် သင်ချန်ထားခဲ့ရမဲ့အရာဟာ ချစ်ခြင်းမေတ္တာ သက်သက်ပါ။
သင့်ရဲ့မေတ္တာနဲ့လုပ်ဆောင်ခဲ့တဲ့အရာ ဆက်ဆံမှုကသာ တန်ဖိုးရှိစွာနဲ့ ကျန်ရစ်ခဲ့မှာမုချ။
'သင်လုပ်ဆောင်တာထက် သင်မည်မျှချစ်ခြင်းမေတ္တာထားသလဲဆိုတာပိုပြီး အရေးကြီးပါတယ်' [မာသာထရီစာ]
သင်လောကမှာနေတဲ့အခါ ဘုရားသခင်က မိသားစုဆိုတာ ပေးထားတယ်မဟုတ်လား။
တနေ့မှာ ဘုရားသခင်က သင့်ကို လောကမှာ လုပ်ခဲ့တဲ့အလုပ်၊ ငွေကြေး၊ စည်းစိမ်၊ ဘဏ်စာအုပ်တွေကို မေးမှာမဟုတ်ဘူး။
လောကကြီးမှာ မိသားစုကို ပေးထားခဲ့တာ သူတို့ကို ဘယ်လိုမျိုး ချစ်ခြင်းမေတ္တာထားပြီး ဆက်ဆံခဲ့သလဲ၊ သူတို့လိုအပ်ချက်တွေကို ဘယ်လိုမျိုး ပြုစုပေးခဲ့သလဲဆိုတာပဲမေးမှာ။
မိသားစုဟာ လောက(ကမ္ဘာ)မှာသာမက ထာဝရကာလ (တမလွန်)အထိ သက်ရောက်မှာ ဆိုတာရော သတိထားမိရဲ့လား။
'မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီဟု ပြန်၍မိန့်တော်မူလတ္တံ့' [ရှင်မဿဲခရစ်ဝင် ၂၅:၄၀]
'မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏' [ဂလာတိဩဝါဒစာ ၅:၆]
သေချာပြီမိတ်ဆွေ သင့်ကိုဘုရားသခင်က မေတ္တာရှိခြင်း၊ မရှိခြင်းကိုကြည့်နေပြီ။
ကြည့်နေဆဲ၊ ကြည့်နေလိမ့်မယ်ဆိုတာလည်း မမေ့လျော့ပါနဲ့။
မိတ်ဆွေ သင်က သင့်မိသားစုဝင်တွေကို မချစ်နိုင်တော့ဘူးလား။
သံသယတွေနဲ့ ဥပေက္ခာပြုနေခဲ့ပြီလား။
ဒါမှမဟုတ် မေ့နေပြီလား။
ချစ်ခြင်းမေတ္တာဆိုတဲ့စကားကို အတွေးအိမ်ထဲကနေ ထုတ်ပစ်လိုက်ပြီလား။
'ယခု နေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနုတ်ကြလော့' [ဧဖက်ဩဝါဒစာ ၅:၁၆]
'ထိုကြောင့်ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏ အိမ်သူအိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့' [ဂလာတိဩဝါဒစာ ၆:၁၀]
သမ္မာကျမ်းစာက သင်နဲ့ကျွန်ုပ်ကို သတိပေးနေပြီ။
ကဲ... မကျေနပ်သေးဘူးဆိုရင် သမ္မာကျမ်းစာကို ဆက်လေ့လာကြည့်ရအောင်။
ဘုရားသခင်က ပညတ်တော်ဆယ်ပါးပေးခဲ့တယ်နော်
အဲဒီအထဲမှာ ဘုရားသခင်နဲ့ဆိုင်တာ လေးချက်ပဲဆိုတာ သတိထားမိရဲ့လား။
ကျန်တဲ့ခြောက်ချက်ကရော ဘာအတွက်လဲ
သေချာတာပေါ့ လူလူချင်းအတွက်ပဲပေါ့။
ပညတ်တော်ဆယ်ပါး
ပထမ ပညတ်ချက် - ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။
ဒုတိယ ပညတ်ချက် -သင်၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွတ်ဆိုနှင့်။
တတိယ ပညတ်ချက် - ဥပုသ်နေ့ကို သန့်ရှင်းစေရမည်။
စတုတ္ထ ပညတ်ချက် - သင့်အသက်တာကောင်းစား၍ မြေကြီးပေါ်တွင် အသက်တာရှည်မည်အကြောင့် ကိုယ့်မိဘကို ရိုသေစွာပြုရမည်။
ပဉ္စမ ပညတ်ချက် - လူ့အသက်ကို မသတ်နှင့်။
ဆဌမ ပညတ်ချက် - သူ့မယားကို မပြစ်မှားနှင့်။
သတ္တမ ပညတ်ချက် - သူ့ဥစ္စာကို မခိုးနှင့်။
အဋ္ဌမ ပညတ်ချက် - ကိုယ်နှင့်စပ်ဆိုင်သောသူတဘက်၌ မမှန်သောသက်သေကို မခံနှင့်။
နဝမ ပညတ်ချက် - ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်ကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။
ဒဿမ ပညတ်ချက် - ကိုယ်နှင့်စပ်ဆိုင်သောသူ၏မယား၊ ကျွန်ယောကျ်ားနှင့်ကျွန်မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ် ဆိုင်သောသူ၏ဥစ္စာတစ်စုံတစ်ခုကိုမျှ တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။
(ကဲ... ထားပါတော့)
ယေရှုက သက်တော်ထင်ရှားရှိချိန် အရေးကြီးဆုံးပညတ်တရားရဲ့အချုပ်ဟာ ဘာလို့သွန်သင်ခဲ့လဲ။ 'သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့' [တရားဟောရာကျမ်း ၆:၅]
နောက်ကျမ်းပိုဒ်တခုကို လေ့လာကြည့်ရအောင်
'ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့' [ရှင်မဿဲခရစ်ဝင် ၂၂:၃၉]
ဒီတော့လည်း ကိုယ်နဲ့စပ်ဆိုင်သူက ဘယ်သူများ ဖြစ်လိမ့်မလဲ။
အသားဖြူဝင်းသူလား၊ မည်းနက်သူလား၊ နီမြန်းသူလား၊ ချောညိုသူလား၊ ရုပ်ဆိုးသူလား၊ ရုပ်ချောသူလား၊ မုသာသုံးသူလား၊ မလှည့်ဖျားတတ်သူလား၊ မိသားစုဝင် မောင်နှမလား၊ မိဘလား၊ မိတ်ဆွေလား၊ ရန်သူလား၊ လူကောင်းလား၊ လူဆိုးလား၊ လူလည်လား ...။
ကဲ... အဲဒီလိုဆိုရင်တော့ သင့်အနေနဲ့ ဘုရားသဘောကို သတိသာထားပေရော့။
ဘုရားသခင်က လောကသားတွေကို ချစ်လွန်းလို့လက်ဆောင်ပေးခဲ့တဲ့ ယေရှု၊ သူကဘုရားသားဖြစ်ပြီး လောကသားတွေကို ချစ်လွန်းလို့ နှိမ့်ချစွာဆင်းကြွပြီး အပြစ်သား လူသားတွေကိုယ်စား အသေခံပေးဆပ်ခဲ့တာ။
ဘုရားသခင်က လောကကြီးကို သိပ်ချစ်ကြောင်းပြခဲ့တာပါ [ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၃:၁၆]
ဘုရားသခင်က လူတွေအတွက်လို့ပြောရင် လူတိုင်းအတွက်လို့ နားလည်ရမှာပါ။
အိမ်သူအိမ်သားဆိုတာ သင့်အနားမှာရှိသမျှ ယုံကြည်သူတွေကိုပြောတာပဲ မဟုတ်လား။
မေတ္တာမပါတဲ့ စွန့်လွှတ်စွန့်စားမှု၊ မေတ္တာမပါတဲ့ အောင်မြင်မှု၊ မေတ္တာမပါတဲ့ ပေးကမ်းမှုတဲ့အရာတွေက လုပ်ရတာ သိပ်လွယ်ကူလွန်းတယ်။
မေတ္တာပါတဲ့ ပေးကမ်းမှု၊ မေတ္တာပါတဲ့ လုပ်ဆောင်မှုတွေလုပ်ရတာကတော့ သိပ်ကိုခက်ခဲလွန်းတယ်။
မိတ်ဆွေ သင့်အနေနဲ့ ဆင်ခြင်ပါ။
သင့်ကိုဘုရားသခင်ချစ်တာ တော်လို့၊ ညံ့လို့၊ ထူးချွန်ပြောင်မြောက်လို့မဟုတ်ဘူးနော်။
ချောလို့၊ လှလို့၊ အောင်မြင်လို့လဲ မဟုတ်ဘူးပြန်ဘူး
မေတ္တာမပါဘဲ လုပ်ဆောင်ခဲ့သမျှဟာ အချည်းနှီးပါပဲ
ထာဝရကာလအထိ မပါသွားနိုင်ဘူး။
မေတ္တာနဲ့သာ ရေတခွက်တိုက်ကြည့် ထာဝရကာလအထိ ပါလာမယ်။
မေတ္တာမပါဘဲ လုပ်ဆောင်သမျှကို အထင်မကြီးလိုက်လေပါနဲ့။
မေတ္တာပါတဲ့ စကားတခွန်း၊ ဆုတောင်းခြင်းတခု ပေးကမ်းခြင်းတစုံတရာကိုသာ သခင်ဘုရားအလိုရှိပါတယ်။
ကဲ... ဒီလောက်ဆို မိတ်ဆွေရိပ်မိလောက်ပြီလို့ ထင်ပါတယ်။
မေတ္တာဖြင့်
အကြည်
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 252 266 395 [Wave]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo