တခါက တိုင်းပြည်တခုမှာ သိပ်ကိုနှလုံးသားလှပြီးတိုင်းသူပြည်သားတွေကို ချစ်ခင်တဲ့ ရှင်ဘုရင်တပါးရှိသတဲ့။ ပြည်သားတွေအပေါ် သူ့အုပ်ချုပ်ပုံက အင်မတန်ညင်သာသိမ်မွေ့လှပေမဲ့ အချိန်ကြာညောင်းလာတဲ့အခါမှာတော့ သူ့ပြည်သူ၊ ပြည်သားတွေနဲ့ နန်းတော်က မင်းညီမင်းသား၊ မှူးမတ်တွေကကော သူ့အပေါ်ပြန်ပြီး ကောင်းမွန်ရိုးသားကြရဲ့လားလို့ သိချင်မိလာတာပေါ့။ ဘုရင်ဟာ တနေ့တနေ့ သိချင်စိတ်ပြင်းပြလာတာနဲ့ အိပ်မကောင်း၊ စားမကောင်းတွေ ဖြစ်လာတော့တာပေါ့။ အဲဒါကို သတိထားမိတဲ့ ပညာရှိတပါးဟာ ဘုရင့်ဆီ ချဥ်းကပ်ပြီး အကြောင်းစုံ မေးမြန်းတော့တာပေါ့။ ဘာများဖြစ်သလဲ အလိုမကျသလဲပေါ့။ ဒါနဲ့ ဘုရင်ကလည်း အဖြစ်သနစ်ကို ပြောပြရှာတယ်။ အဲဒီတော့ ပညာရှိက ဘုရင့်ကို အကြံဉာဏ်တခုပေးလိုက်တယ်။ အရှင်မင်းကြီး ဒီလိုလုပ်ပါပေါ့။ ဘုရင်လည်း စိတ်ကျေနပ်သွားတယ်။ ကောင်းပြီလုပ်မယ်လို့ ဆုံးဖြတ်သဘောတူလိုက်တယ်ပေါ့။
တနေ့ ဘုရင်က ညီလာခံမှာ ကဲမောင်မင်းတို့ သင်တို့အား မိန့်စရာရှိတယ်။ နာခံလုပ်ဆောင်ကြစေလို့ အမိန့်တော်မှတ်သတဲ့။ မောင်မင်းတို့ နန်းတော်နေ မင်းပရိသတ်အားလုံးကို အမိန့်တော်မှတ်မယ်။ နန်းတော်ရှေ့မှာ စပျစ်ရည်အိုးအလွတ် ဆယ်လုံးချထားတယ်။ မောင်မင်းတို့ တွေ့ကြတယ် မှတ်တယ်။ မောင်မင်းတို့ နန်းတော်သူ နန်းတော်သားအားလုံး အဲဒီအိုးတွေထဲကို စပျစ်ရည်ဖြည့်ကြရမယ်။
စပျစ်ရည်ကို မောင်မင်းတို့အိမ်မှာလုပ်ပါ။ အကောင်းဆုံးစပျစ်ရည်ကိုသာ ယူလာပြီး တဖလားကျစီ အိုးထဲဖြည့်ထည့်ကြရမယ်။ မောင်မင်းတို့အတွက် ၇ည အချိန်ရမယ်။ အခုချိန်ကစပြီး ထည့်ကြပေတော့လို့ ဘုရင်က အမိန့်တော်မှတ်တော်မူသတဲ့။ နန်းတော်သူ နန်းတော်သားအားလုံးလည်း အမိန့်တော်အတိုင်းစပျစ်ရည်လုပ်ဖို့ အိမ်ပြန်ကြတယ်။ သူတို့အားလုံး သူတို့အိမ်မှာ အသီးသီး တွေးတောစဉ်းစားကြသတဲ့။ အဖြေကတော့ ပေါ်မလာပါဘူး။ ဘာကြောင့်လဲ၊ ဘာလုပ်ဖို့လဲ၊ သူတို့ စဉ်းစားလို့မရကြပါဘူး။ သူတို့အနေနဲ့ ဘုရင့်အမိန့်ဆိုတော့လည်း မလုပ်လို့မရဘူးပြန်နဲ့ခက်ခက်ပေါ့။
အဲဒီလိုနဲ့ ရှင်ဘုရင်အမိန့်တော်မှတ်ထားတဲ့ နေ့ရက်ရောက်လာတော့တာပေါ့။ ဘုရင်ကလည်း အင်မတန် စိတ်လှုပ်ရှားနေသတဲ့ကွယ်။ ၇ရက်မြောက်တဲ့ ညမှာပဲ ဘုရင်ဟာ ပညာရှိအမတ်ကြီးကို ခေါ်တော်မူသတဲ့။ ဘုရင်နဲ့ ပညာရှိအမတ်ကြီးဟာ မနက်ညီလာခံမဝင်ခင် နန်းတော်ကအိုးတွေကို လိုက်လံစစ်ဆေးကြည့်ကြတာပေါ့ကွယ်။ ထူးခြားတာတခုကတော့ အိုးတွေထဲမှာ စပျစ်ရည်နဲ့တူတာ တခုမှ မတွေ့ရဘဲ အိုးတွေတိုင်းမှာ ရေတွေချည်းပဲ ပြည့်နေတာကို တွေ့လိုက်ရသတဲ့။ ဘုရင်က အံ့သြနေသလို ပညာရှိအမတ်ကြီးလည်း မျက်နှာပျက်နေတော့တာပေါ့။
ဘုရင်ဟာ နောက်တနေ့ ညီလာခံဝင်တဲ့အခါမှာ........
အဲဒီကွက်လပ်မှာ သင်ဖြည့်ချင်ရာ ဖြည့်ကြည့်ပါ။ သင်သာ ဘုရင်နေရာကနေဆိုရင် ဘယ်လိုစီစဉ်ထားမလဲလို့ တွေးကြည့်ပေါ့။
သေချာတာကတော့ သင်ဒီပုံပြင်ဖတ်နေတုန်း ကောင်းတဲ့ဘုရင်ကိုရထားပြီးမှ မကောင်းတဲ့ ပြည်သားတွေ မရိုးသားတဲ့ နန်းတော်သူ၊ နန်းတော်သားတွေကြောင့် စပျစ်ရည်မရတာပဲလို့ အံ့သြစိတ်ဆိုးမိမှာပါပဲ။ ဒါပေမဲ့ မနက်ခင်းမှာ ဘုရင့်ဆီက ကြားရတဲ့စကားကြောင့် ပြည်သားအားလုံး အံ့သြနောင်တရကြရသတဲ့။ ဘုရင်ဘာပြောသွားလဲ ကြည့်ရအောင်။ သင်တို့သည် ငါ့ကိုနှုတ်နှင့် နာခံကြသော်လည်း သင်တို့နှလုံးမူကား ငါနှင့် အလှမ်းကွာလှ၏။ သင်တို့ဖြည့်သော အိုးများတွင် သင်တို့ကိုယ်တိုင်သွား၍ ခပ်သောက်ကြလော့လို့ ဘုရင်က မိန့်တော်မူပြီး နန်းရင်ပြင်ကနေ ရပ်ပြီး နန်းတော်သားတို့ တယောက်ချင်း ခပ်သောက်နေကြတာကို ကြည့်ရှုပြီး ပြုံးတော်မူနေပါသတဲ့။ အဲဒီနေ့ကစပြီး နန်းတော်မှာရှိတဲ့ ဗိုလ်ပါပရိသတ်အပေါင်းဟာ သူတို့အပေါ် ရှင်ဘုရင်ရဲ့ ခွင့်လွှတ်သည်းခံခြင်းကို ကျေးဇူးတင်ကြပြီး စိတ်နှလုံးပြောင်းလဲခဲ့ကြလေတော့သတဲ့ကွယ်။
မိတ်ဆွေသင်ရော ဒီပုံပြင်အလား ဘုရားသခင်ကို ချိုမြသောစကား၊ လှပသောစကားလုံး၊ မြင့်မြတ်သော ကြီးမားသော စကားထုံးအလှတွေနဲ့ ကိုးကွယ်နေပြီလား။ စိတ်အတွင်းမှာကော ဘုရားသခင်နဲ့ အကွာလှမ်းနေပြီလား။ လုပ်သမျှအရာတိုင်းကိုလည်း ဘုရားသခင်အတွက်လို့ ခံယူနေပြီလား။ ဘုရားသခင် လုပ်ဆောင်ခိုင်းခြင်းကိုရော တိတိကျကျ စိတ်နှလုံးသားနဲ့ လုပ်ဆောင်နေပြီလား။
ဘုရားသခင်က သင့်ကိုချစ်ပြီး သင့်အပြစ်တွေကို ခွင့်လွှတ်ပေးပါတယ်။ ဘုရားသခင်က ရှင်ဘုရင်လိုမျိုး သင့်အပြစ်တွေကို မြင်နေပါလျက် သင့်စိတ်နှလုံး မာကျောနေဆဲလား။ ယနေ့ သင့်အတွက် အချိန်ရှိပါသေးတယ်နော်။ ဒီပုံပြင်လေးနဲ့ ဆင်ခြင်ခံယူကြရအောင်နော်။
ဤလူမျိုးသည် နှုတ်နှင့်ငါ့ထံသို့ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။
ကျမ်းကိုး ။ ။ ရှင်မဿဲ ခရစ်ဝင်ကျမ်း ၁၅:၇
အကြည်
ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 252 266 395 [Wave]
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo