ဘုရားသခင်ကဏ္ဍ၊ လူ့ကဏ္ဍ

လူငယ်နဲ့ ယုံကြည်သူ အတော်များများ လာမေးကြတယ်။ စိတ်ဝေဒနာသည်တွေ သေရင်ဘယ်သွားမလဲ။ ကိုယ်ဝန်ဖျက်ချခံရတဲ့ကလေးတွေရော ကယ်တင်ခြင်းရမလား။ ဦးနှောက် မဖွံ့ဖြိုးတဲ့ကလေးတွေရော သေဆုံးသွားရင် နောင်ဘဝ ‌ဘယ်နေရာရောက်မလဲ။ စတဲ့မေးခွန်းတွေ မေးကြပါတယ်။ ကျနော်တခုလောက် ပြန်မေးလို့ပါတယ်။ ဘုရားသခင် မတရားတာ မလုပ်ဘူးဆိုတာကို ယုံကြည်စိတ်ချပါသလား မိတ်ဆွေ။

ဒေသနာကျမ်း ၁၁:၅မှာ ဒီလိုပြောပါတယ်။ နာမ်ဝိညာဉ်သွားရာ လမ်းကို၎င်း၊ ကိုယ်ဝန်ဆောင်သော မိန်းမဝမ်း၌ အရိုးတို့သည် အဘယ်သို့ တိုးပွားသည်ကို၎င်း၊ မသိနိုင်သကဲ့သို့ အလုံးစုံတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏ အမှုတော်တို့ကို မသိနိုင်။

ကျနော်တို့ လက်လှမ်းမမီတဲ့ကိစ္စအတွက် ဒီအတိုင်း ထားလိုက်တာ ပိုကောင်းပါတယ်။ တချို့အရာတွေက သေတဲ့အထိနားလည်နိုင်မှာ မဟုတ်ပါဘူးဆိုတာကို နားလည်သင့်တယ် မဟုတ်လား။

အရာရာကို သိလိုစိတ်နဲ့ လွှမ်းမိုးလိုစိတ်က စာတန်ဆီက မြစ်ဖျားခံပြီး လူကျဆင်းခြင်းရဲ့အကြောင်းအရင်းထဲက တချက်မဟုတ်ပါလား။

နောက်ကျမ်းတချက်က ဒီလိုပြောပြန်တယ်။ တရားဟောရာကျမ်း ၂၉:၂၉(က) မထင်ရှားသောအရာတို့သည်၊ ငါတို့ဘုရားသခင် ထာဝရဘုရား၏ အငန်းအတာဖြစ်ကြ၏။

မမွေးဖွားလာဘဲ သေသွားတဲ့ကလေးတွေ၊ စိတ်ဝေဒနာသည်တွေ ဘယ်ရောက်မလဲက ဘုရားသခင်ရဲ့ကိစ္စဖြစ်ပါတယ်။ ကျနော်တို့ရဲ့ကိစ္စမဟုတ်ပါဘူး။ ကျမ်းစာထဲမှာ တိတိ​ပပ မဖော်ပြထားတာတွေက ဘုရားသခင်ရဲ့ အရေးကိစ္စဖြစ်ပါတယ်။ ကျနော်တို့တောင် အပြစ်မဲ့တဲ့ကလေးတွေ ငရဲသွားမှာကို စိတ်ပူပေးနေရင် ဘုရားသခင်က ပိုပြီးတော့ စိတ်ပူမှာ သေချာပါတယ်။

ကျနော်တို့ရဲ့အဓိက အခန်းကဏ္ဍအစိတ်အပိုင်းက ဘာလဲဆိုရင် တရားဟောရာကျမ်း ၂၉:၂၉(ခ) ဖော်ပြတော်မူသော အရာတို့သည် ကာလအစဉ်မပြတ် ငါတို့နှင့် ငါတို့သားသမီးများတို့၏ အငန်းအတာဖြစ်၍၊ ဤပညတ်တရားစကားအလုံးစုံတို့ကို စောင့်ရှောက်ရမည်အကြောင်းတည်း။

ကျမ်းစာထဲမှာ ဘုရားသခင်ဖော်ပြထားတဲ့အရာတွေက ကျနော်တို့နဲ့စပ်ဆိုင်တဲ့အရာတွေပါပဲ။ ကိုယ်ဝန်ပျက်ကျတဲ့ ကလေးတွေ သေရင် ဘယ်ရောက်မလဲ မသိနိုင်ပေမဲ့ ကျနော်တို့ရဲ့ပတ်ဝန်းကျင်မှာ ဒီလို ဖြစ်ရပ်တွေ မဖြစ်အောင် အသိပညာပေးဝေ၊ ဖြန့်ဝေပေးလို့ရပါတယ်။

အရူးတပိုင်းလုံးလုံး ဖြစ်နေတဲ့ စိတ်ဝေဒနာသည်တွေကို ယေရှုအကြောင်း မကြားပြောနိုင်ရင်တောင် သူတို့ကို မေတ္တာပြ ကူညီပေးလို့ရပါတယ်။ ဒါဟာ ကျနော်တို့ လုပ်ပေးနိုင်တဲ့အရာ၊ ကျနော်တို့ရဲ့ အခန်းကဏ္ဍပါပဲ။ ဘုရားသခင်လုပ်ဆောင်တဲ့ အရာအားလုံးကို သိရှိနိုင်အောင် ကြိုးစားခြင်းအလုပ်ကနေ ရပ်တန့်လိုက်တာ အကောင်းဆုံး အဖြေဖြစ်ပါမယ်။ သေချာတာကတော့ ဘုရားသခင်ဘယ်တော့မှ လက်လွတ်စပယ် မတရားပြုမှာ မဟုတ်​ဘူးဆိုတဲ့အကြောင်း။ ဒါကြောင့် သူ့ရဲ့လုပ်ဆောင်ချက်တွေကို စိတ်ချမှုရှိဖို့နဲ့ လိုအပ်နေသူကို လမ်းပြဖေးမဖို့ပဲ ဖြစ်ပါတယ်။

ကျနော်တို့ (စာရှုသူ)ရဲ့အခန်းကဏ္ဍအပိုင်းကို သိရှိနိုင်ဖို့ရန် တိုက်တွန်းဖော်ပြပေးခြင်းမျှသာဖြစ်ပါတယ်။


Saw Winner


ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 783 532 136 [KBZPay]


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo