စိုးရိမ်ခြင်းအမှု

လူသားတယောက်အနေဖြင့် စိုးရိမ်စရာ အနည်း၊ အများအား ရှောင်ဖယ်၍လည်းမရပါ။ မိမိ၏ ဓနဥစ္စာ၊ ပညာများသည် မိမိအား အကန့်အသတ်တခု အထိသာ အကူအညီပေးနိုင်သောကြောင့်လည်း ဖြစ်သည်။ ဥစ္စာဓန မရှိတော့သည့်အချိန်၊ ဉာဏ်ပညာသည်လည်း အသုံးပြု၍မရတော့သည့် အခြေအနေမျိုးတွင် မည်သည့်အရာအား ကိုးစားကာ အားကိုးမည်နည်း။ အစွမ်းသတ္တိ ခွန်အားသည်လည်း အားကိုးရာ မဖြစ်နိုင်တော့သည့်အချိန်တွင် မည်သည့်အရာအား အားကိုးမည်နည်း။ စိုးရိမ်စရာပင်။

ယနေ့ခေတ် ကမ္ဘာကြီးအား ကြည့်မည်ဆိုလျှင်မူ ကဏ္ဍအသီးသီး၌ စိုးရိမ်စရာများ ပြည့်နှက်နေသည်ကို တွေ့ရမည် ဖြစ်သည်။ လူမှုရေး၊ စီးပွားရေး၊ ပညာရေးစသည်တို့မှ ဖြစ်ပွားသော စိုးရိမ်ဖွယ်ရာများသည် လူသားများအား ပူပန်ခြင်းအလျင် ဖြစ်ပွားစေတတ်ပါသည်။ ၎င်းစိုးရိမ်ဖွယ်အခြေအနေများအား ဖြတ်ကျော် ကျော်လွှားနိုင်ဖို့ရန် အားကိုး၊ ကိုးစားရာမှာ အမြဲစဥ်လိုအပ်လျက်ရှိပါသည်။ ငွေကြေး ကြွယ်ဝချမ်းသာသူများက ၎င်းတို့၏ ငွေကြေးဓနဥစ္စာ ဆုံးရှုံးမည့်အရေးအား စိုးရိမ်တတ်ကြသည်။ ထိုသူများအတွက် ငွေ​ကြေးသည် အရာရာဖြစ်သည် မဟုတ်တုံလော။ သို့ရာတွင် စာရှုသူ၏ စိုးရိမ်ခြင်းအမှု ကျော်ဖြတ်နိုင်ရန် အားကိုးခိုလှုံရန်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားတည်း၌သာလျှင် ရှိပါသည်။ 

ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းထားသော လူသည် အသက်မွေးလောက်သောအစာနှင့် နေထိုင်ရမည်ဖြစ်သည်။ သို့သော်ငြားလည်း ဘုရားသခင်အား ယုံကြည်ကိုးစားမှုယုတ်လျော့လာပါက မနက်ဖြန် (အနာဂတ်) အရေးအတွက် စိုးရိမ်စရာများ ကြုံတွေ့ရမည်သာ ဖြစ်သည်။ (ရှင်မဿဲ - ၆:၂၆)တွင် သခင်ယေရှုက "မိုးကောင်ကင်၌ ရှိသော ငှက်များကို ကြည့်ပြီး ဆင်ခြင်ကြလော့"ဟု ခွန်အားပေးခဲ့သည်ကို ဆင်ခြင်ကြည့်ပါ။ ငှက်များသည် မျိုးစေ့များအား မစိုက်မကြဲပါ။ ရှင်သန်ကြီးထွားလာသော မျိုးစေ့များအား ရိတ်သိမ်းခြင်းအမှုလည်း မပြုလုပ်ကြပါ။ ကျီ၌လည်း မစုမသွင်း။ သို့ရာတွင် ဘုရားသခင်က ၎င်းတို့အား ဝလျင်စွာ ကျွေးမွေးပါသည်။

(ရှင်မဿဲ ၁၅: ၃၂)တွင် သခင်ယေရှုက "ဤလူများကို ငါသနား၏။ သုံးရက်ပတ်လုံး ငါနှင့်အတူရှိကြပြီး၊ စားစရာအလျှင်းမရှိ။ လမ်းခရီး၌ မောမည်ကိုစိုးရိမ်သော‌ကြောင့် အစာကိုမစားမှီ သူတို့ကို လွှတ်ခြင်းငှာ ငါအလိုမရှိ"ဟု မိန့်တော်မူပါသည်။ ဤသို့ဖြင့် သခင်ယေရှုသည် တရားနာ ပရိသတ်ပေါင်း လေးထောင်ကျော်အား ဝလင်စွာ အစာကျွေးမွေးခြင်းအမှု ပြုလုပ်ခဲ့သည်။

စိုးရိမ်ခြင်းအမှုသည် လူအား အကျိုးဖြစ်မထွန်းစေတတ်။ စာရှုသူ အသုံးလိုသည့် အရာများအား​ ကောင်းကင်ဘုံ၌ရှိတော်မူသော ထာဝရဘုရားသခင်သည် သိနှင့်တော်မူသည်ကို ယုံကြည်ရမည်ဖြစ်သည်။ သို့ကြောင့် ဘုရားသခင်၏ ကတိတော်အား ယုံကြည်၍ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားလမ်းအတိုင်း လိုက်လျှောက် အသက်ရှင်မည်ဆိုပါက စာရှုသူတို့ ရင်ဆိုင်တိုက်ခိုက်နေရသော စိုးရိမ်ခြင်းအမှုများအား ကျော်လွှားနိုင်မည်ဖြစ်သည်။

"ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကို ရှေ့ဦးစွာရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ ပေးတော်မူလတံ့။ ထိုကြောင့်နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဖို့ စိုးရိမ်လိမ့်မည်" (ရှင်မဿဲ ၆:၃၃-၃၄)


ဖလားဆဲ (စစ်တွေ)

ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 453 000 742 [KZBPay]


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo