ချည်

ကမ္ဘာဦးအစကပင် ဘုရားသခင်သည် လူသားအား လွတ်လပ်စွာ နေထိုင်ရွေးချယ်ခွင့်ပေးထားသည်။ လူသားတိုင်း ကလေးဘဝမှစ၍ သေဆုံးသည်တိုင် လွတ်လပ်မှုကို တောင့်တကြသည်။ မြတ်နိုးကြသည်။ လွတ်လပ်မှုအတွက် မိမိအသက်ကိုပင် မနှမြောဘဲ စတေးတောင်းဆိုတတ်ကြသည်။ သို့အကြောင်းအား ရှင်းဆိုရလျှင်မူ ကလေးငယ်များသည် ၎င်းတို့ကိုယ်တိုင် ဖျားနေစေကာမူ အုပ်ထိန်းသူမိဘများ၏ ထိန်းချုပ်မှုအောက်တွင် မနေလိုကြဘဲ လွတ်လပ်စွာ ဆော့ကစားခြင်း၊ စားသောက်ခြင်း၊ သွားလာခြင်းတို့အား ကိုယ်တိုင်သာလျှင် ပြုလုပ်ရန် လိုလားကြသည်မဟုတ်လော။ သို့တစေ လွတ်လပ်သူသည် တပါးသူအား ချည်နှောင် ချုပ်နှောင်လိုဟန်လည်း ရှိပြန်လေသည်။  တပါးသူ၏ ချည်နှောင်မှုအောက်တွင် မိမိဆန္ဒသဘောထားဖြင့် ကြည်ဖြူစွာ ချည်နှောင်ခံခြင်းလည်း ရှိတတ်ကြပြန်သေးသည်မှာ လူ့မနောစိတ်ပင်ဖြစ်ချေသည်။ လူ့ရွေးချယ်မှုပင်ဖြစ်သည်။

တပည့်တော်တို့ကို ဖြည်စေပါ
သံလွင်ခက်နေ့တွင် သခင်ယေရှုသည် မြည်းကလေးအား စီးလျက် ယေရှုရှလင်မြို့သို့ ဝင်ရောက်လေ၏။ ဤအခါတွင် အတိုင်းမသိများစွာသော လူအုပ်ကြီးကလည်း ၎င်းတို့၏ အဝတ်အစားများအား လမ်းပေါ်တွင် ခင်းကျင်းလျက် အချို့က သစ်ကိုင်း၊ သစ်ခက်များ ခင်းကျင်းကြလျက် "ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း"ဟု ကြွေးကြော် သမုတ်ကြလေ၏။

ဤအဖြစ်အပျက်မတိုင်မီကာလတွင် ကိုယ်တော်က တပည့်တော်နှစ်ပါးအား စေလွှတ်ကာ အဘယ်သူမျှ မစီးဖူးသေးသော မြည်းကလေးတကောင်အား ဆောင်ယူရန် စေခိုင်းလေ၏။ ချည်နှောင်ခြင်းခံရသော မြည်းကလေးအား ကြိုးဖြည်၍ ဆောင်ယူခဲ့ရန် မိန့်တော်မူခြင်းဖြစ်သည်။ ဤသို့နှင့် အဆိုပါ မြည်းကလေးသည် သခင်ယေရှု အသုံးပြုသည့်အချိန်မှစ၍ လူများ၏ ချီးမွမ်းခြင်း၊ ချီးမြှောက်ခြင်းကို ခံရလေတော့၏။

မြည်းကလေးသည် မိမိအား ချည်နှောင်ထားသောအရာအား ၎င်းကိုယ်တိုင် ဖြည်ချနိုင်ခြင်းငှာ မတတ်နိုင်ချေ။ တပည့်တော်များအားဖြင့် ယေရှုခရစ်ကိုယ်တော်က ဖြည်ပေးခြင်းကြောင့်သာ လွတ်မြောက်ရခြင်းဖြစ်သည်။ မြည်းကလေးသည် ချည်နှောင်ခြင်းမှ လွတ်မြောက်ပြီးနောက် ကိုယ်တော်၏ အစေ(အစီး)ကို စတင်ခံရလေတော့၏။ မိတ်ဆွေအား သခင်ဘုရားအထံတော်သို့ မရောက်ရှိရန် မည်သည့်အရာများက ချည်နှောင်ထားသည်ကို သိရှိစေပါ။

မိတ်ဆွေကိုယ်တိုင် ဖြည်ချပါ
တပည့်တော်တို့သည် ကိုယ်တော်အား ဆုတောင်းချက် သင်ပြပေးရန် တောင်းဆိုကြရာတွင် ယေရှုခရစ် ကိုယ်တော်က "ပဌနာတော်ကို ခရစ်ယာန်မိသားစုမှ မွေးဖွားလာသူ အားလုံး ရွတ်ဆိုနိုင်ကြပါသည်။ ပဌနာတော်တွင် သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသော အပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များကို လွှတ်တော်မူပါ"ဟု ဖြေကြားသင်ကြားပေးပါသည်။ ပဌနာတော်သည် နှုတ်ဖြင့် ရွတ်ဆိုရန်လွယ်ကူလှသော်လည်း လက်တွေ့လုပ်ဆောင်ရာ၌မူ ခက်ခဲလှပေသည်။ မိမိတို့၏ များပြားလှစွာသော အပြစ်များအား ဘုရားသခင်ထံက ခွင့်လွှတ်ခြင်းအခွင့်ဖြင့် ရယူလိုတတ်ကြသော်လည်း သူတပါးအား ချည်နှောင်ထားသော အပြစ်လွှတ်ရန်အတွက်၌မူ ဝန်ကြီးတတ်ကြသည်။ သို့ကြောင့်လည်း သခင်ယေရှုဘုရားက "ငါအမှန်ဆိုသည်ကား မြေကြီးပေါ်မှာ သင်တို့ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက် ရှိလိမ့်မည် - [ရှင်မဿဲ ၁၈:၁၈]"ဟု တရားပြရခြင်းလည်း ဖြစ်သည်။ တပါးသူအား ချည်နှောင်ခြင်းသည်ပင် မိမိကိုယ်ကို ချည်နှောင်ခြင်းနှင့် အလားသဏ္ဍာန်အတူတူပင်ဖြစ်သည်။ သူတပါးအား ချည်နှောင်ထားသမျှ မဖြည်လွှတ်တတ် ဘုရားသခင်ထံက ခွင့်လွှတ်ခြင်းလည်း မခံစားရတတ်ဆိုလျှင် အလိုတော်နှင့်ညီသောဆုတောင်းခြင်းအား ယုံကြည်သောစိတ်နှင့် ဘယ်လိုပင် တောင်းစေပါမူ ရနိုင်မည် မဟုတ်တော့ပေ - [မာကု ၁၁:၂၄ - ၂၅]။ မိမိ၏ ဒေါသ၊ မောဟ၊ အတ္တများနှင့် ချည်နှောင်ခြင်းအား မိမိကိုယ်တိုင်ပင် ဖြည်ချမှ ရပါသည်။ မိမိ၏ ချည်နှောင်ခြင်း ခံရသောသူထက်ပင် မိမိကိုယ်တိုင်သည် ပို၍ ခံစားရတတ်သည်ပင်။ ထို့အတွက်ကြောင့် မိတ်ဆွေထမ်းရသော ဝန်ထုပ်အလုံးစုံကြီးအား ယေရှုခရစ်တော်အားဖြင့် မိတ်ဆွေကိုယ်တိုင်ဖြည်ချရန် လိုအပ်ပေသည်။

သူ့ကို ဖြေ၍ လွှတ်ကြလော့
တခါသားတွင် ဗေသနိရွာရှိ သခင်ယေရှုချစ်တော်မူသော လာဇရု နာ၍ သေလေ၏။ လာဇရုနာကြောင်း ကိုယ်တော်​ကြားသော်ငြားလည်း ရောက်မလာခဲ့ပေ။ လာဇရုသေ၍ လေးရက်လွန်မြောက်သောနေ့၌ အသေကောင်အား သင်္ချိုင်းတွင် သင်္ဂြိုလ်လေ၏။ ပြီးနောက် သင်္ချိုင်းတွင်းဝအား ကျောက်နှင့် ပိတ်ထားလေ၏။

သခင်ယေရှုရောက်လတ်သော် "ကျောက်ကို ရွေ့ကြလော့"ဟု ဆိုလျှင် သေလွန်သူ၏ နှမဖြစ်သူ မာသက "ယခုဖွင့်လျှင် နံလိမ့်မည်"ဟု ဆို၏။ ပိတ်ထားသော ကျောက်ကို မဖွင့်စေလိုခြင်းဖြစ်သည်။ သို့သော်ငြား ကိုယ်တော်၏ စကားကို မာသ ငြင်းဆန်ခြင်းငှာ မစွမ်းနိုင်ချေ။ ယေရှုသည် အထက်ကို မျှော်ကြည့်၍ ခမည်းတော်နှင့် စကားပြောဆို မိဿဟာရပြုပြီးနောက် "လာဇရု၊ ထွက်၍ လာလော့ဟု ကြီးသောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပဝါစည်းလျက် ထွက်လာ၏။ ယေရှုကလည်း သူ့ကို ဖြေ၍ လွှတ်ကြလော့ဟု မိန့်တော်မူ၏ - [ယောဟန် ၁၁:၄၃ - ၄၄]။ အဆိုပါ အဖြစ်အပျက်အား မျက်မြင်တွေရှိသောသူတို့သည် ကိုယ်တော်အား ယုံကြည်ကြ၏။ ကိုယ်တော်သည် လာဇရုအားဖြင့် အံဖွယ်အမှုကိုပြုခြင်းဖြစ်သည်။

မိတ်ဆွေကြုံတွေ့ခံစားနေရသော အခက်အခဲပြဿနာများအား ကိုယ်တော် သိရှိပြီးဖြစ်သည်။ လာဇရုအား မာရိနှင့်မာသက အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးစားကုသ စောင့်ရှောက်ပေးကြပါသည်။ သို့ရာတွင် သူတို့ လက်မြှောက် အရှုံးပေးရသောအချိန်တွင် ကိုယ်တော်ရောက်လာကာ လာဇရု အသက်ပြန်ရှင်ခြင်း အံဖွယ်သောအမှု ဖြစ်ရလေ၏။

လူ့လောကတွင် အသက်ရှင်နေစဥ် အသေကောင် လာဇရုအနံ့ ထွက်နေသောသူ များစွာရှိသည်။ အနံ့ဆိုးနှင့်တူသည့် မကောင်းသော အကျင့်များကြောင့် လူရှေ့ သူရှေ့တွင် မျက်နှာ မပြရဲလောက်အောင် အသက်ရှင်နေရသူများအား ကိုယ်တော်က "ထွက်ခဲ့ပါ"ဟု ခေါ်နေခြင်းဖြစ်သည်။ ဤတွင် မိမိတို့၏ ပကတိအခြေအနေမှန်မှ ထွက်လာရန်ဖြစ်ပြီး ကိုယ်တော့်ထံက ဖြေလွှတ်ခြင်းနှင့်အတူ အံ့သြဖွယ်အမှုအားဖြင့် အသစ်တဖန်ရှင်သန်လာသော လာဇရုကဲ့သို့ ခံစားကြရန် ဖြစ်လေသည်။


နေတစ်စင်း (အင်းရဲကျွန်း)

ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင်
+959 982 673 924 [Phone No.]


Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo