တပ်မှူး၏ ပင်လယ်ခရီး
တမန်တော်ကြီးရှင်ပေါလုနှင့် အကျဥ်းသားများအား တပ်မှူးသည် ဦးဆောင်၍ ရောမမြို့သို့ ပို့ဆောင်ခဲ့သည်။ ထိုခရီးစဥ်တွင် သင်္ဘောဖြင့် ပင်လယ်ခရီးအား နှင်လာခဲ့ကြသည်။ လေကြောင်းမသင့်သောကြောင့် ခရီးလမ်း နှောင့်နှေးခဲ့ရသည်။ တပ်မှူးသည် အကျဥ်းသားများအား ရောမမြို့သို့ အလျင်အမြန် ရောက်စေလိုဟန်လည်း ရှိလေပြန်သည်။ သို့အတွက်ကြောင့်လည်း ပင်လယ်မကူးသင့်သောအချိန်တွင် သင်္ဘောကို ကမ်းကခွာ၍ ခရီးနှင်လိုဟန်ရှိနေသည်။ သို့အချင်းအရာကြောင့် ရှင်ပေါလုက တပ်မှူးနှင့် သင်္ဘောရှိ တာဝန်ရှိသူများအား ဤသို့ သတိပေးခဲ့သည်။
"အချင်းလူတို့၊ ယခုမှာ ပင်လယ်ကူးလျှင် သင်္ဘောနှင့်ကုန်များ ဆုံးရှုံးနိုင်သည်သာမက ငါတို့အသက်ပျက်စီးရာ ဘေးအန္တရာယ်ရောက်မည်ကို ငါမြင်သည်"ဟု သတိပေး၏ (တမန် ၂၇:၁၀)
သင်္ဘောမထွက်ရန် ရှင်ပေါလု သတိပေးသောစကားကို တပ်မှူးသည် နားမထောင်၊ တပ်မကိုင်နှင့် သင်္ဘောသူကြီး (မာလိန်မှူး)စကားကိုသာနားထောင်၍ ခရီးနှင်ခဲ့သည်။ ထိုအခါ ဥရုကလုဒုန်အမည်ရှိသော မုန်တိုင်းနှင့် ရင်ဆိုင်ရပါတော့သည်။
ရှင်ပေါလု၏ ကျွမ်းကျင်မှု
ရှင်ပေါလုသည် ပင်လယ်ခရီးကျွမ်းကျင်သူ မဟုတ်ပါ။ ပင်လယ်ခရီးတွင် အသက်ဘေးနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရဖူးသူသာလျှင် ဖြစ်သည်။ ရှင်ပေါလုသည် ကျမ်းတတ်ပုဂ္ဂိုလ်၊ ကျမ်းစာကျွမ်းကျင်သူသာဖြစ်သည်။ ထို့ပြင် ဘုရားသခင်နှင့် ရင်းနှီးအကျွမ်းဝင်သောသူလည်း ဖြစ်သည်။ တပ်မှူးသည် "အကျွမ်းဝင်သောသူ"၏ စကားကို နားမထောင်ခဲ့ပေ။
တပ်မှူး၏ ကျွမ်းကျင်မှု
တပ်မှူးသည် တပ်မကိုင်နှင့် သင်္ဘောသူကြီး၏ စကားကိုသာ နားထောင်ခဲ့သည်။ အသို့ဆိုရသော် သူတို့သည် ဤသင်္ဘော၊ ဤပင်လယ်၊ ဤခရီးကို ကျွမ်းကျင်သူများဖြစ်သောကြောင့်ခြင်းပင်။
လူသား၏ ကျွမ်းကျင်မှု
နေ့စဥ်အသက်တာ လုပ်ဆောင်မှုများ၌ လူတို့သည် မိမိကျွမ်းကျင်ရာကိုသာ ဦးစားပေး လုပ်ဆောင်လျက်ရှိသည်။ လုပ်ငန်းပိုင်းတွင် ကျွမ်းကျင်သာသူကိုသာ အားကိုးတတ်ကြသည်။ ကျွမ်းကျင်သူ၏ စကားကိုသာ နာခံတတ်ကြပေသည်။
သခင်ယေရှု၏ ကျွမ်းကျင်မှု
သခင်ယေရှုသည် ပေတရုအား "ရေနက်ရာသို့ ရွှေ့၍ ကွန်ပိုက်ကို ချလော့"ဟု ဆိုရာတွင် ပေတရုသည် တံငါလုပ်ငန်း၌ ကျွမ်းကျင်သူဖြစ်ချေလည်း အကျွမ်းဝင်သောသူ၏ စကားကိုသာ နားထောင် နားဆင်ခဲ့သည်။ ယေရှုခရစ်တော်သည် တံငါမကျွမ်းကျင်သော်လည်း ခမည်းတော်ဘုရားနှင့် အကျွမ်းဝင်သောသူ ဖြစ်သည် မဟုတ်တုံလော။
ဒါဝိဒ်နှင့် ယောသပ်၏ ကျွမ်းကျင်မှု
ဒါဝိဒ်သည် စစ်ရေး စစ်ရာ စစ်တိုက်ခြင်းအနုပညာ၌ မကျွမ်းကျင်သကဲ့သို့ ယောသပ်သည်လည်း စီမံခန့်ခွဲမှု မကျွမ်းကျင်ပါချေ။ သို့ရာတွင် သူတို့သည် ဘုရားသခင်နှင့် ရင်းနှီး အကျွမ်းဝင်သူများဖြစ်ကြသည်။
အရာရာ၌ ကျွမ်းကျင်သောသူထက် ဘုရားသခင်နှင့် အကျွမ်းဝင်သောသူ ဖြစ်ကြပါစေ။
နေတစ်စင်း (အင်းရဲကျွန်း)
(စာရေးသူသည် ဓမ္မရေးရာစာစု ရေးသားနေသူဖြစ်သည်)
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo