ဘုရားသခင်အား ကိုးစားခြင်းအတွက် မည်သို့ သင်ယူနိုင်သနည်း

 

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ်သည် မိမိမသိရှိသော လူတယောက်အား အကြောင်းရင်းမရှိ အပြည့်အဝ ယုံကြည်အားကိုးရန် တက်စွမ်း နိုင်ပါသလား။ မရနိုင်ပါ။ ရနိုင်ပါမူလည်း တခါတရံအတွက်မျှသာ။ ဤအချက်သည်ပင် ဘုရားသခင်အား ကိုးစား၊ အားကိုးရန် သင်ယူခြင်း၏ လျို့ဝှက်ချက်တခုပင် ဖြစ်ချေသည်။ 

တစုံတယောက်က "ငါ့ကိုအားကိုးပါ"ဟုဆိုလျှင် ထိုသူအား တုံ့ပြန်ရန် စကားနှစ်ခွန်းသာဖြေရန် အကြောင်းများပါသည်။ တခွန်းမှာ "ဟုတ်ကဲ့ သင့်ကိုအားကိုးပါရစေ၊သို့တည်းမဟုတ်က ဘာကြောင့် သင့်ကို အားကိုးရမှာလဲ" ဟူ၍သာ။ စင်စစ်တွင် ဘုရားအား ကိုးစားခြင်းသည်လည်း ထိုနည်း၎င်းပင်။ 

ယေဘုယျအားဖြင့် ဘုရားသခင်အား အားကိုးခြင်း၌ကျွန်ုပ်တို့အနေဖြင့် ဘာကြောင့် အားကိုးနိုင်ရသည် ဆိုသည်ကို နားလည်ရန် အထူးလိုအပ်သည်။ ဘုရားသခင်အား ကိုးစား အားကိုးရခြင်း၏ အဓိကအကြောင်းအရင်းမှာ သူသည် အားကိုးရန် ထိုက်တန်သောကြောင့်ပင်ဖြစ်သည်။ ကိုယ်တော်သည် အရာခပ်သိမ်း တတ်စွမ်းနိုင်သော တန်ခိုးရှင်၊ အရာခပ်သိမ်း သိနိုင်သော သဗ္ဗေညုတ ဉာဏ်တော်ရှင်ဖြစ်ခြင်းနှင့် အချိန်တိုင်းနေရာတိုင်းတွင် တပြိုင်နက်တည်း တည်ရှိနိုင်သော အစွမ်းသတ္တိနှင့်ပြည့်စုံသောကြောင့်ပင်။

ဘုရားသခင်၏ ကတိသစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ပတ်သက်၍ ကျမ်းစာတွင် ဤသို့ဆိုထားပါသည်။ "ဘုရားသခင်သည် မုသာစကားကိုပြောအံ့သောငှါ လူဖြစ်တော်မူသည်မဟုတ်။ မိန့်တော်မူပြီးမှ၊ စကားတော်အတိုင်းမပြုဘဲ နေတော်မူမည်လော။ ကတိထားတော်မူပြီးမှ၊ ကတိတော်မတည်ဘဲနေတော်မူမည်လော" (တောလည် ၂၃:၁၉)။ ဘုရားသခင်သည် လူသားများကဲ့သို့ မုသားမသုံးတတ်ချေ။

ဆာလံ ၈၉:၃၄တွင်လည်း "ငါ၏ပဋိညာဉ် တရားကိုလည်းမရှုပ်ချ၊ ငါမိန့်မြွက်တော်မူသော စကားလည်း ဖောက်ပြန်ခြင်းမရှိရ"ဟု ဖော်ပြထားသည်။ ဟေရှာယ ၁၄:၂၄ - ၂၅ တွင်ဝယ် "ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကျိန်ဆို၍ မိန့်‌တော်မူသည်ကား၊ ငါ၏မြေပေါ်မှာ အာရှုရိမင်းကို ငါနှိပ်စက်မည်။ ငါ၏တောင်ရိုးပေါ်မှာ ခြေဖြင့်ကျော်နှင်းမည်ဟု ငါကြံစည်သည်အတိုင်း၊ ဖြစ်၍၊ ငါစီရင်ချက်သည်လည်း တည်ရလိမ့်မည်။ ထိုအခါ သူ၏ထမ်းဘိုးကို သူတပါးအပေါ်က ရွေ့၍၊ သူတို့ပခုံးပေါ်မှာတင်သောဝန်ကို ချရသောအခွင့်ရှိလိမိ့မည်"ဟု ဖွင့်ဆိုထားသည်။

"ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏" (ရောမဩဝါဒစာ ၈:၂၈)

သခင်ယေရှုက "ကောင်းကင်နှင့်မြေကြီးမတည်သော်လည်းငါ့စကားတည်လိမ့်မည် "ဟု မိန့်‌တော်မူခဲ့သည်။ ဘုရားသခင်၏ သဘောသဘာဝသည် ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ ကတိတော်ရှိသည်အတိုင်း ပြုတော်မူသောအရှင်ဖြစ်သည်။ သို့အတွက်ကြောင့် သူ့အား ကိုးစား အားကိုးမှုပြုနိုင်သည်။ ဘုရားသခင်အကြောင်းအား နှုတ်ကပတ်တော် သမ္မာကျမ်းစာအားဖြင့် သိကျွမ်းရန် ကြိုးစားကြလျှင် ဘုရားသခင်သည် အဘယ်မျှလောက် အားကိုးထိုက်သူဖြစ်ကြောင်း ရှင်းလင်းစွာ သိမြင်ရပါမည်။ ဘုရားသခင်အား သိကျွမ်းလေလေ ကိုးစားရန်အကြောင်း အားကြီးလေလေပင်။ ဤနည်းအားဖြင့် ကိုယ်တော်သည် အဘယ်မျှလောက် အားကိုးထိုက်သူသောသူ ဖြစ်ကြောင်းအား သက်သေထူခဲ့ပြီးဖြစ်သော ကြီးမားအံ့ဖွယ်သောအမှုများအား ပြန်လည်ဆင်ခြင်သုံးသပ်ခြင်းဖြင့် သာ၍ ကိုးစားအားကိုးတတ်လာစေရန် လေ့ကျင့် သင်ယူနိုင်သည်။

"ကတိတော်ရှိသမျှအတိုင်း မိမိလူဣသရေလအမျိုးကို ငြိမ်ဝပ်စေခြင်းငှါ စီရင်တော်မူသောထာဝရဘုရားသည် မဂ်လာရှိတော်မူစေသတည်း။ မိမိကျွန်မောရှေအားဖြင့် ထားတော်မူသော ကတိတော်ကောင်းတခွန်းမျှမပျက်" (ဓမ္မရာဇဝင် တတိယ ၈:၅၆)

ဘုရားသခင်၏ ကတိတော်များနှင့်ဆိုင်သော မှတ်တမ်းအချက်အလက်များသည် သမ္မာကျမ်းစာ၌ တွေ့ရသကဲ့သို့၊ သမိုင်းဆိုင်ရာ အချက်အလက်များတွင်လည်း သက်သေအထောက်အထားနှင့်တကွ တိကျခိုင်မာစွာ ဖော်ပြထားပါသည်။ အဆိုပါ ကတိတော်များအား ဖော်ကျူးထားသော ကျမ်းချက်အချို့ ဖော်ပြလိုပါသည်။ 

"အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည် အကြောင်း ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသောအကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း ဘုရားသခင်သည် ငါတို့ကိုပြင်ဆင်တော်မူနှင့်ပြီ" (ဧဖက် ၂:၁၀)

ဤတွင် လူသားများသည် ကောင်းသောအကျင့်အား ကျင့်ကြံချင်ကြပါသော်လည်း မကျင့်နိုင်ကြပါ။ ဇာတိသဘောသည် မကောင်းသောအရာ၌သာ အသီးသီးတတ်သည်။ ခရစ်တော်အားဖြင့် အသစ်ပြုပြင် ဖန်ဆင်းခြင်းခံရသော ဝိညာဉ်ပကတိအားဖြင့်သာလျှင် ဘုရားသခင်အား ယုံကြည်ခြင်း၊ ချစ်ခြင်း၊နူးညံ့သိမ်မွေ့ခြင်း၊ စကားတော်အား နားထောင်ခြင်း၊ ကိုယ်တော်အားသိကျွမ်းခြင်း၊ ကောင်းသောအကျင့်များအား ကျင့်စေခြင်းငှါ တတ်စွမ်းနိုင်မည်ဖြစ်သည်။

"အဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာပြုသောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထို့သို့ပြုလျှင် အဘယ်သူမျှကြံ၍မမှီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်" (ဖိ ၄:၆-၇)

"ထို့ကြောင့် ဤမျှလောက်များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိကြသည်ဖြစ်၍ ငါတို့သည် ခပ်သိမ်းသောဝန်တို့ကို၎င်း၊ နှောင့်ယှက်တတ်သောဒုစရိုက်ကို၎င်း၊ပယ်ရှား၍ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမ‌လျှော့ဘဲ ပြေးကြကုန်အံ့" (ဟေဗြဲ ၁၂:၁)

"အကြောင်းမူကား၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ကရုဏာတော်သည် အစဉ်အမြဲရှိ၍၊ သစ္စာတော်သည် ကာလအဆက်ဆက်တည်လေသတည်း" (ဆာလံကျမ်း ၁၀၀:၅)

"မောဘပြည်နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ လုပ်ကြံသောညအခါ၊ မောဘပြည်အာရမြို့သည် ပျက်စီး၏။ လုပ်ကြံသောညအခါ၊ မောဘပြည် ကိရမြို့သည် ပျက်စီး၏" (ဟေရှာယ ၁၅:၁)

ဘုရားသခင်အား ကိုးစား အားကိုးရန် တတိယအကြောင်းအရင်းမှာ အသက်တာပိုင်း၌ နည်းလမ်းကုန်မဲ့သော အခြေအနေမျိုးအတွက်ဖြစ်သည်။ ထိုအခြေအနေမျိုးတွင်၊ မိမိကိုယ်ကို အားကိုးရမည်လော၊ အပြစ်ရှိသော လူသားချင်း ( ရှေ့ကိုကြိုမသိနိုင်သော၊ စိတ်မချရသော၊ အပြည့်အဝအားကိုး၍မ‌ရသောသူ) သို့တည်းမဟုတ် ဉာဏ်ပညာအကန့်အသတ်ဖြစ်သော စိတ်ဓါတ်ရေးရာအားနည်းလျက် မကြာခဏရွေးချယ်မှု မှားနိုင်သော ဆုံးဖြတ်ချက်တွေ မှားနိုင်သော လူသားအား အားကိုးမည်လော။ သို့အတွက်ကြောင့် အရာခပ်သိမ်း သိမြင်သောသူ၊ အရာခပ်သိမ်းထက် ဉာဏ်ပညာနှင့်ပြည့်စုံသော ကျေးဇူးကရုဏာ မေတ္တာတော်နှင့် ကြွယ်ဝသော အကောင်းဆုံး အကြံအစည်ထားတော်မူသော မေတ္တာတော်ရှင် ဘုရားသခင်ကိုသာလျှင် ကိုးစားကြရမည် မဟုတ်တုံလော။

သို့ကြောင့် ဘုရားသခင်၏ အကြောင်းအား သိရှိလိုပါက နေ့စဥ် သမ္မာကျမ်းစာ ဖတ်ရှုဆင်ခြင်လျက် ဘုရားသခင်၏ စကားတော်အားစေ့စေ့နာခံ လိုက်လျှောက် အသက်ရှင်ရမည်။ သို့ပြုလျှင် ဘုရားသခင်၏ကတိတော် တည်သည်၊ မတည်သည်အား လက်တွေ့ သိမြင်ရမည်ဖြစ်ပြီး သက်သေ၊ သာဓကများစွာ တွေ့ကြုံပါများလျှင်မူ ဘုရားသခင်အား သာ၍ တိုး၍ ကိုးစား အားကိုးလာချေမည်။ ဘုရားသခင်အကြောင်း သိကျွမ်းခြင်း၊ သူနှင့်မိဿဟာယဖွဲ့ခြင်းသည် ကိုယ်တော်အား အကြွင်းမဲ့ ကိုးစားရာ အကြောင်းလည်း မည်ပေသည်တည်း။


ခရစ်တော်၏နာမတော်မြတ်၌

မနားဒီးရမ်

ကလောင်ရှင်အား တိုက်ရိုက် စာမူခ (Love Gift) ချီးမြှင့်လိုလျှင် 

+959 790 764 118 [Phone No.]


Website - https://www.devoshipjournal.com

Telegram - https://t.me/devoshipjournal , https://t.me/malak_devo