"ဦးလာဇရုကြီး ...သေပြီးမှ အသက်ပြန်ရှင်ခွင့်ရတာ အရမ်းပျော်မှာပဲနော်"
တနေ့ ဗေသနိရွာဘက် လမ်းလျှောက်ထွက်ရင်း သေရာက ပြန်ရှင်ခဲ့သည့် ဦးလာဇရုကိုတွေ့၍ အထက်ပါအတိုင်း မေးမိလိုက်သည်။ သူ့ကြောင့် အုပ်ချုပ်ရေး အသိုင်းအဝိုင်းများပင် တုန်တုန်လှုပ်လှုပ်ဖြစ်နေကြသည်ဟု ပြောသံများလည်း ကြားရသည်။
မေရှိယဟု သတင်းထွက်နေသော ယေရှုဆိုသည့် ပုဂ္ဂိုလ်က သေသောသူများအား ပြန်ရှင်စေသည်ဆိုသည့် သတင်းကို ဟိုနားစစ ဒီနားစစ ကြားရသော်လည်း ယခုလို မျက်နှာချင်းဆိုင်မေးခွင့်ကို မရခဲ့ပါ။
သေရာက ပြန်ရှင်ခွင့်ရခြင်းသည် အင်မတန် ရတောင့်ရခဲ အခွင့်ထူးကြီးဖြစ်ကြောင်းကို အငြင်းပွားစရာ လိုမ်ည်မထင်ပါ။ ထို့ကြောင့် သေရွာပြန် ဦးလာဇရု၏ ခံစားချက် မည်သို့ရှိမည်ကို ကျနော် တကယ်စိတ်ဝင်စားမိသည်။ သေပြီးမြှုပ်နှံခံခဲ့ရသည့် လေးရက်တာ ကာလအတွင်း ဘာတွေ တွေ့ကြုံခဲ့ရသည်ကိုလည်း သိချင်မိသည်။ အကယ်၍ ထိုလေးရက်တာအတွင်း ကောင်းကင်နိုင်ငံသို့ ရောက်ခဲ့သည်ဆိုလျှင်တော့ သူ၏ အတွေ့အကြုံအား စာအုပ်ထုတ်ရောင်း၍ ရနိုင်သည်။ ဖတ်သူများအတွက်လည်း ယုံကြည်ခြင်း တည်ဆောက်စရာ ဖြစ်မည်ပင်။
ထို့ကြောင့် သူ့ကိုတွေ့သောအခါ အထက်ပါအတိုင်း မေးလိုက်မိသည်။ သူက ချက်ချင်း မဖြေပါ။ ကြည့်ရသည်မှာ တခုခုကို နက်နင်နဲနဲ စဥ်းစားနေသည့် ပုံစံမျိုး ဖြစ်သည်။ ထို့နောက်မှ ...
"အစစ အရာရာ ပြည့်စုံနေတဲ့ အခြေနေတခုကနေ အဘက်ဘက်မှာ ချွတ်ယွင်းပြီး ပူလောင်နေတဲ့ အခြေအနေကို ပြန်လာခိုင်းရင် မင်းဆို ဘယ်လို ခံစားရမလဲ..."
ထိုသို့မေးပြီး ကျနော့်အဖြေကို စောင့်သလိုလိုဖြင့် ကျနော့်ကို ကြည့်နေသည်။ ကျနော်ကလည်း ...
"ဟို ... သိပ်ပျော်မယ် မထင်ဘူး ခင်ဗျ"ဟု မရေမရာ ဖြေလိုက်သည်။
"အေး ... ဒါကြောင့် ငါလည်း ပြန်မရှင်ရင် ပိုကောင်းသေးတယ်လို့တောင် ပြောချင်တာ ..."
"ဒါဆို အန်ကယ် သင်္ချိုင်းဂူထဲ ရှိနေတုန်းက အစစအရာရာ ပြည့်စုံတဲ့နေရာတခုကို ရောက်သွားတာပေါ့နော် ..."ဟု ကျနော်က အလျင်စလို ထပ်၍ မေးလိုက်သည်။
သူက တွေးတွေးဆဆဖြင့် "မေရှိယသခင်ကို ခိုလှုံတဲ့သူအတွက် နေရာတိုင်းဟာ ကောင်းကင်နိုင်ငံပါပဲ။ ဒါပေမဲ့ အဲဒီလေးရက်အတွင်းမှာ ဘာဖြစ်ခဲ့သလဲမေးရင်တော့ ... ငါ ဘယ်လိုပြောရမလဲ ..."
ဦးလာဇရု တခုခုကို စဥ်းစားဟန်ဖြင့် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ ထိုအခါ ကျနော်ကပဲ "အန်ကယ် ကောင်းကင်နိုင်ငံရောက်သွားပြီး ကောင်းကင်တမန်တွေ ကောင်းကင်နိုင်ငံရောက်နေတဲ့ ဆွေမျိုးတွေ မတွေ့ခဲ့ဘူးလား။ အာဗြဟံတို့ မောရှေတို့ရော ... မတွေ့ခဲ့ဘူးလား"
"ဘယ်လိုပြောရမလဲ။ မင်းတို့အားလုံးအတွက် တကယ့်ကို ထူးဆန်းတဲ့ ကိစ္စကြီးတခု ဖြစ်ခဲ့တယ်ဆိုတာ ငါသဘောပေါက်ပါတယ်။ သေပြီး ပုပ်ပွခါနီးမှ အသက်ပြန်ရှင်လာတယ်ဆိုတာ နေ့တိုင်းတွေ့ရတဲ့ ကိစ္စမျိုးမှ မဟုတ်တာ။ ဖြစ်နိုင်ရင် သေရာက ပြန်ထလာတာကို ငါလည်း မြင်ဖူးချင်တာ။ အခု ကိုယ်တိုင်က အသက်ပြန်ရှင်လာတဲ့သူ ဖြစ်နေတော့ ... အင်း ... ဘာနဲ့တူလဲဆိုတော့ အရမ်းကောင်းတဲ့ အိပ်မက်ရှည်ကြီး မက်နေရာကနေ ပြန်နိုးလာရသလိုပဲ။ မင်းသိတယ်မလား။ အိပ်မက်ကောင်းမှန်းတော့ သိတယ်။ ဒါပေမဲ့ ဘာတွေမက်ခဲ့မှန်းကို မမှတ်မိတာမျိုးလေ ... ။ ငါ တကယ်သာယာစုံလင်ခြင်းတွေနဲ့ ပြည့်ဝနေခဲ့တယ်လို့တော့ သိနေသလိုပဲ။ ဒါပေမဲ့ ဘယ်လိုလဲဆိုတာတော့ ဘာမှ မမှတ်မိတော့ဘူးကွ။ ငါ သေရာက ရှင်လာတာ ငါ့အတွက်တော့ သူများတွေ ပြောလို့သာ အံ့သြရတာ။ ကိုယ့်ဟာနဲ့ကိုယ်တော့ ဘာမှ မထူးဆန်းသလိုပဲ။ ငါ နေမကောင်းဖြစ်နေခဲ့တယ်။ ငါ့အစ်မတွေလည်း အနားမှာ ငါ့ကို ပြုစုနေခဲ့ကြတယ်။ ဘယ်အချိန်မှာ ငါ အိပ်ပျော်သွားမှန်းတောင် အခုပြန်စဥ်းစားတာ မသေချာဘူး။ နောက်တော့ မေရှိယရဲ့ လာဇရုထွက်ခဲ့ဆိုတဲ့အသံကိုကြားတော့ ငါ့ကိုယ်မှာ ပိတ်တွေ ပတ်လျက်သားနဲ့ ... "
ဒါဆို အန်ကယ် တမလွန်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ဘာမှမသိဘူးပေါ့။
"အေး ... မသိဘူးကွ"
ဆက်များပြောမလားဟု ကျနော်စောင့်ကြည့်သော်လည်း သူက ဘာမှ ဆက်၍မပြော။ ထို့ကြောင့် ကျနော်ကပင် "လူတွေ တမလွန်အရေး သိနိုင် ပြင်ဆင်နိုင်အောင် ဘုရားသခင်က အန်ကယ့်ကို အသက်ပြန်ရှင်စေတယ်လို့ရော မြင်မိလား ခင်ဗျ"
"မေရှိယသခင်ဆီမှာ ရည်ရွယ်ချက်တွေတော့ ရှိပါလိမ့်မယ်။ ဒါပေမဲ့ လူတွေ တမလွန်ရေးအကြောင်း သိနိုင်အောင် ငါ့ကို သေရွာက ပြန်လာခိုင်းတာ မဟုတ်တာတော့ ကျိန်းသေတယ်ကွ။ ထာဝရ အနာဂတ်အကြောင်းပြောပြဖို့ ဘုရားသခင်က ပရောဖက်တွေကို သုံးနေတာပဲ။ သေရွာပြန်တွေ မလိုပါဘူးကွာ"
"ဒါဆို ဘာအတွက် အခုလို ပြန်ရှင်သန်ခွင့်ရတယ်လို့ ထင်ပါသလဲခင်ဗျာ"
"မျက်နှာတော်နှင့် လွတ်ခြင်းအလိုငှာ အဘယ်အရပ်သို့ ပြေးနိုင်ပါမည်နည်း။ ကောင်းကင်သို့တက်လျှင် ကိုယ်တော် ရှိတော်မူ၏။ မရဏာနိုင်ငံ၌ အိပ်ရာကို ခင်းလျှင် ကိုယ်တော် ရှိတော်မူ၏ ... ဆိုတဲ့ ဆာလံသီချင်းက ငါ့စိတ်ထဲ ပေါ်ပေါ်လာတယ်။ မေရှိယရဲ့ အုပ်ချုပ်မှုလက်တံနဲ့ လွတ်တဲ့နေရာမရှိဘူး။ အခု ငါ အသက်ရှင်နေတာ သက်သေပဲ။ သေခြင်း တဖက်ကမ်း ရောက်တဲ့အထိ မေရှိယရဲ့အမိန့်ကို အားလုံး နားထောင်ကြရတယ် ... ငါ နားလည်သလောက်တော့ ငါ အသက်ရှင်တာ သခင်ယေရှုဆိုတဲ့ နာဇရက်မြို့သားဟာ စကြာဝဠာရှိရှိသမျှကို အုပ်ချုပ်တဲ့ ရှင်ဘုရင်ဖြစ်ကြောင်း လူတွေကို သက်သေပေးဖို့ပါပဲ။ သေခြင်း၊ ရှင်ခြင်း၊ ဖြစ်ခြင်း၊ ပျက်ခြင်းအားလုံး သူ့လက်ထဲမှာပဲ။
မေရှိယကိုယ်တိုင်ကလည်း သူဟာ မေရှိယဖြစ်တယ်ဆိုတာကို တခြားလူတွေ ယုံကြည်လာဖို့ ငါအသက်ပြန်ရှင်လာအောင် ဆုတောင်းပေးခဲ့တာလို့ ပြောပြတယ်ကွ"
"ဒါဆို အန်ကယ်အသက်ရှင်တာ ယေရှုက မေရှိယဖြစ်တာကို လူတွေ ယုံကြည်ဖို့အတွက် သက်သက်ပဲပေါ့ ...။ သူ့ကို ယုံကြည်စေဖို့တခုအတွက်နဲ့ အန်ကယ့်ကို အကောင်းဆုံးဘုံတခုကနေ ပြန်ခေါ်တာ ယေရှု အတ္တကြီးရာ မကျဘူးလား အန်ကယ်"
"အတ္တကြီးတာ မဟုတ်ဘူး။ စေတနာကြီးတာ။ ငတ်ပြတ်နေတဲ့သူတွေကို အစာသိုလှောင်ရုံကြီးဆီ လမ်းပြပေးဖို့ အစာဝပြီးသား ငါ့ကို ပြန်လွှတ်တာ လောကီသားတွေအပေါ် စေတနာကြီးတယ်လို့ပဲ ငါက မြင်တယ်။ မေရှိယပဲ ငါတို့ရဲ့ စိတ်နှလုံးအလိုကို တကယ်ပြည့်စေနိုင်တာကွ။ ငါတို့က သူ့ကြောင့် လူဖြစ်ပြီး သူ့အတွက် လူဖြစ်ကြရမှာ။ တို့သိချင်မှ သိမယ်။ ဒါပေမဲ့ တို့ရဲ့ အတွင်းစိတ်နှလုံးထဲမှာ တမ်းတရှာဖွေနေတဲ့ အလိုအပ်ဆုံးချစ်သူက မေရှိယပဲ။ မင်းရဲ့ စိတ်နှလုံးအတွင်းအကျဆုံးက တောင့်တောင့်တတဖြစ်နေတာ တကယ်တော့ အဲဒီမေရှိယပဲ။ သူ့အတွက် အသက်ရှင်ရတာကိုက အောင်မြင်မှုကြီးပဲ။ သူ့ကိုရရင် လူဖြစ်ကျိုးနပ်ပြီလို့ နားလည်သွားမယ်။ အင်း ... အဲဒီလိုကွ။ အေး ... ငါလည်း ပြောချင်ဇောနဲ့ ပြောပစ်လိုက်တာ အရမ်းအဆင့်တွေကျော်မိသလားတောင် မသိတော့ပါဘူးကွာ။ ဘာပဲဖြစ်ဖြစ် ငါပြောချင်တာ သူက လူသားတွေကို သိပ်ပြီး ဝပြောကျေနပ်စေလိုတဲ့ စေတနာရှင်ကွ ... အဲ့ဒါ။
"ဟုတ် ... ဟုတ်၊ ဟုတ်ကဲ့ပါ အန်ကယ်"
ဆက်မေးလျှင် ဆက်ပြီး တရားဟောခံရတော့မည်ကို ကျနော်မြင်လာသည်။ ထို့ကြောင့် "ကျေးဇူးတင်ပါတယ် အန်ကယ်၊ နောက်တွေ့ရင် ကျနော်သိချင်တာလေးတွေရှိရင် ထပ်မေးပါဦးမယ်"ဟုဆိုကာ ဦးလာဇရုကြီးနှင့် လမ်းခွဲထွက်ခဲ့သည်။
ကျနော့်စိတ်ထဲတွင် ဘာရရ ကျေနပ်နိုင်မှု မရှိသေးခြင်းက မေရှိယကို လိုအပ်နေတာများလားဟု ဟာတာတာစိတ်ဖြင့် မရေမရာအတွေးများနေမိတော့သည်။
မျိုးမင်းလှ
(စာရေးသူသည် အတွေးပုံရိပ် ဝတ္ထုရေးသူ တဦးဖြစ်သည်)
Website - https://www.devoshipjournal.com
Telegram - https://t.me/devoshipjournal , https://t.me/malak_devo